အပြိုင်အဆိုင်များလာတဲ့ ယနေ့ ခေတ်ကြီးမှာ ပညာရပ်တခုတည်းနဲ့ ရပ်တည်ဖို့ မလုံလောက်တော့ပါဘူး။ အသစ်အသစ်သော ပညာရပ်အသစ်တွေကို လေ့လာချင်ပေမယ့် တနေကုန် အလုပ်လုပ်ရပြီး ပင်ပန်းနွမ်းနယ် သူတွေအတွက် အချိန်တွေကို ဘယ်လိုမျိုး ပိုင်းခြားရမလဲဆိုတဲ့ နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်။
(၁) အပျော်အပါး လျှော့လိုက်ပါ
အလုပ်လုပ်နေတဲ့သူတွေ အများစုဟာ ညနေပိုင်းမှာ အပျော်အပါးအတွက် အချိန်ဖြုန်းလေ့ ရှိပါတယ်။ ဥပမာ- ဘီယာဆိုင် ထိုင်တာမျိုး၊ ဈေးဝယ်ထွက်တာမျိုး၊ Night Out၊ ရည်းစားနဲ့ လည်ပတ်ဖို့အတွက် အချိန်တွေ ကုန်ဆုံးလေ့ရှိပါတယ်။ ဒီလိုမျိုး နေ့စဉ်ရက်ဆက် လုပ်မယ့်အစား အချိန် အတိုင်းအတာတခု သတ်မှတ်ပါ။ တပတ်မှာ ဘယ်ရက်ကိုတော့ အချိန်ဖြုန်းမယ် ဆိုတာမျိုးပေါ့။
(၂) ချက်ချင်းလုပ်ပါ
အိမ်ရောက်တာနဲ့ ခဏနားမယ်ဆိုရင်းက ရေမချိုးဖြစ်တာ၊ လေ့ကျင့်ခန်း မလုပ်မိတာတွေ ဖြစ်တတ်ပါတယ်။ အပျင်းပြေ Facebook သုံးရင်းက အချိန်ကုန်ုလို့ကုန်မှန်းမသိ မဖြစ်ရအောင် အိမ်ရောက်တာနဲ့ လုပ်စရာရှိတာတွေ စလုပ်ကြည့်ပါ။
(၃) အပြင်မှာ နေကြည့်ပါ
သင်ဟာ စာအုပ်တအုပ် ဖတ်နေတာပဲ ဖြစ်ဖြစ်၊ Project တခုအတွက် ပြင်ဆင်နေတာပဲဖြစ်ဖြစ် လုပ်ဖု့ိ အာရုံစိုက် မရဘူးဆိုရင် သင့်အိမ် မဟုတ်ဘဲ အပြင်ကော်ဖီဆိုင် (သို့မဟုတ်) အေးအေးသက်သာ နေလို့ရမယ့် ဆိုင်တဆိုင်သွားပါ။ တခါတလေမှာ အိမ်က စားပွဲထက် အခြားနေရာတွေက အာရုံစိုက်လို့ ပိုကောင်းပြီး စိတ်ကြည်လင်စေပါတယ်။
(၄) ၁၀ မိနစ်က စပါ
သင်ယူ လေ့လာဖို့အတွက် စိတ်မပါဘူး၊ လေ့ကျင့်ခန်း လုပ်ဖို့အတွက် စိတ်မပါဘူး၊ ကိုယ်တိုင်ကလည်း ပင်ပန်းနုံးချိ နေတယ် ခံစားရတဲ့အခါ မရပ်လိုက်ပါနဲ့။ ၁၀ မိနစ်စာလောက် အာရုံစိုက် လုပ်ကြည့်ပါ။ ပြီးတဲ့နောက်မှာ သင်တကယ် စိတ်ပါဝင်စား လုပ်မိသွားပါလိမ့်မယ်။
(၅) အစီအစဉ် ဆွဲထားပါ
ဘာသာစကား အသစ်ဖြစ်ဖြစ်၊ အခြားပညာရပ်တခုကို အားလပ်ချိန်မှာ သင်ယူတော့မယ်ဆိုရင် အစီအစဉ်ချ ရေးဆွဲပါ။ ဘယ်အချိန်မှာ ဒီပညာရပ်ကို တတ်မြောက်နေရမယ် ဆိုတာမျိုး သတ်မှတ်ပြီး စိတ်ထဲ အမြဲ သတိပေးပါ။
ဒီလို နည်းလမ်းတွေကို သေချာအသုံးချကြည့်မယ်ဆိုရင် ဘယ်လောက်ပဲ အလုပ်ရှုပ်၊ ပင်ပန်းနေပါစေ နောက်ထပ် ပညာရပ် အသစ်တခုကို သင်ယူနိုင်မှာပါ။