Trend

အလှအပအတွက် ဘက်စုံအသုံးဝင်တဲ့ "Rose Water" အလွယ်တကူ ပြုလုပ်နည်း

အသားအရေ အလှအပအတွက် အသုံးတည့်တဲ့ Rose Water (နှင်းဆီရည်) ဟာ အခုနောက်ပိုင်းမှာ အသားအရေထိန်းသိမ်း ဂရုစိုက်သူတွေ မဖြစ်မနေ အသုံးပြုကြတဲ့ အလှကုန်ပစ္စည်းတမျိုး ဖြစ်ပါတယ်။ Rose Water ဟာ အသားအရေကို ချောမွေ့ ကြည်လင်စေပြီး ဝက်ခြံနဲ့ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေကို စိုပြည်စေနိုင်ပြီး အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေဆိုရင်လည်း Rose Water က ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တာကြောင့် အဆီပြန်ခြင်းကို ထိန်းချုပ်ပြီး အသားအရေကို ကြည်လင်စေနိုင်ပါတယ်။

ရေချိုးတဲ့အခါ Rose Water ကို ချိုးမယ့်ရေထဲကို အနည်းငယ်ထည့်ပြီး ချိုးခြင်းက အသားအရေကို နူးညံ့စိုပြည်စေတာကြောင့် အီဂျစ်နိုင်ငံက အမျိုးသမီးတွေဟာ ရှေးနှစ်ပေါင်းများစွာထဲက Rose Water ကို အသုံးပြုခဲ့ကြပါတယ်။ Rose Water ဟာ အသားအရေ အလှအပအတွက် သာမကဘဲ ဆံကေသာအတွက်လည်း အသုံးဝင်လှပါသေးတယ်။

ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲကို Rose Water အနည်းငယ်ထည့်ပြီး လျှော်ပေးခြင်းက ဆံသားတွေကို ပျော့ပျောင်းစေပြီး ဦးရေပြားအဆီပြန်ပြီး အနံ့ဆိုးတွေထွက်ခြင်းကနေ သက်သာစေနိုင်ပါတယ်။

အခုဖော်ပြပေးထားတာတွေကတော့ Rose Water ရဲ့ ဘက်စုံအသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ Rose Water ကို ပြုလုပ်ကြတဲ့အခါ ပေါင်းခံပြီး အဆီထုတ်ယူတဲ့စနစ်ကို အသုံးပြုကြပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်း ကတော့ အိမ်မှာပဲ အလွယ်တကူ အကုန်အကျသက်သာစွာနဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

Rose Water ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့ နှင်းဆီပွင့် အပွင့် ၃၀ ခန့်နဲ့ ရေသန့်တဖန်ခွက်တို့ပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး နှင်းဆီပွင့်ဖတ်တွေကိုခြွေပြီး အိုးသန့်သန့် တလုံးထဲ ထည့်ပါမယ်။ ပြီးရင်တော့ နှင်းဆီပွင့်ဖတ်တွေထည့်ထားတဲ့ အိုးထဲကို ရေဖန်ခွက်ခပ်ကြီးကြီးနဲ့ တဖန်ခွက်ထည့်ပြီး မီးခပ်အေးအေးနဲ့ ကျိုပေးရပါမယ်။

နှင်းဆီပွင့်တွေ အဖြူရောင်ဘက်ကို ပြောင်းသွားပြီး အိုးထဲကအရည်တွေ နှင်းဆီပွင့်ဖတ် အနီရောင်ဘက် ပြောင်းသွားပြီဆိုရင်တော့ နှင်းဆီပွင့်ဖတ်တွေကို ဖယ်ထုတ်ပြီး အရည်တွေကိုပဲ သပ်သပ် ခပ်ယူထားလိုက်တာနဲ့ Organic စစ်စစ် Rose Water ရပြီပဲ ဖြစ်ပါတယ်။

သတိပြုရမှာက Rose Water ကို ရေခဲသေတ္တာထဲမှာ ထားပေးမယ်ဆိုရင် တလလောက် ခံပြီးတော့ အပြင်မှာပဲထားမယ် ဆိုရင်တော့ တပတ်လောက်နဲ့ မှိုတက်နိုင်တာကြောင့် ဒီအချက်ကိုတော့ သတိပြုသင့်ပါတယ်။

Ref: www.elle.com

Loading