ကာတွန်းကားတွေဟာ လူတိုင်းရဲ့ ငယ်ဘဝမှာ အရေးပါခဲ့တာချည်းပါပဲ။ ငယ်ငယ်က သင်ကိုယ်တိုင် ကာတွန်းဇာတ်ကောင်တွေရဲ့ အိမ်တွေအတိုင်း ဆောက်ပြီးနေချင်ခဲ့တဲ့ စိတ်ကူးတွေလည်း ရှိနိုင်ပါတယ်။ ဒီတခါတော့ သူတို့ရဲ့ စိတ်ကူး အိပ်မက်တွေအတိုင်း အမှန်တကယ် အကောင်အထည်ဖော်ခဲ့တဲ့ လူတွေရဲ့ အိမ်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Simpson’s House
1997 ခုနှစ်မှာ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးဟာ ပရိသတ်တွေကို သူ မတူတဲ့ အခွင့်အရေး တခုပေးဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီစိတ်ကူးကတော့ Simpson’s ဇာတ်ကားထဲက အိမ်အတိုင်း အိမ်တလုံး ဆောက်လုပ်ပြီး ပရိသတ်တွေကို လက်ဆောင်ပေးဖို့ ဖြစ်ပါတယ်။
ဒီအိမ်ဆောက်ခဟာ အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်းခန့် ကျသင့်မှာဖြစ်ပြီး အိမ်အတွင်းရောအပြင်ပါ ကာတွန်းကားထဲကအတိုင်း ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုကို ကံထူးသူဟာ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၇ သောင်းခွဲကို ငွေသားအနေနဲ့ လက်ခံခဲ့ပြီး အိမ်ကိုတော့ လက်ခံခဲ့ခြင်း မရှိပါဘူး။
(၂) Up House
Up ဇာတ်ကားမှာ ဇာတ်ကောင်အဖိုးအိုဟာ အိမ်ကို ပူစီပေါင်းများ ချိတ်ပြီး ပျံချင်ခဲ့တယ်ဆိုရဲ့ သူ့မိန်းမရဲ့ စိတ်ကူးကို အမှန်တကယ်ဖြစ်အောင် ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်လို့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီအိမ်ဟာ အမေရိကန်ပြည်ထောင်စု၊ Utah ပြည်နယ်၊ Herriman မြို့မှာ တည်ရှိပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတနေရာဖြစ်နေပါပြီ။
(၃) Minnie Mouse’s House
ချစ်စရာအရမ်းကောင်းတဲ့ Minnie mouse ရဲ့ အိမ်ကို မစ်ကီမောက် ပရိသတ်တိုင်း လိုချင်နေမှာ သေချာပါတယ်။ ဒီ Minnie Mouse ရဲ့ အိမ်ကလေးကတော့ Disney Land တည်ရှိတဲ့ ဖလောရီဒါမှာကော ကယ်လီဖိုးနီးယားမှာပါ တွေ့ရှိနိုင်ပါတယ်။ ဒီဇိုင်းကို မြင်ပြီး မပြည့်စုံဘူးလို့ မထင်လိုက်ပါနဲ့။ အပြင်မှာ တည်ဆောက်ရခက်တဲ့ ပုံစံဖြစ်နေပေမယ့် အိမ်ရဲ့ အတွင်းပိုင်းကတော့ တကယ့် အိမ်လိုပဲ သပ်ရပ်လှပတယ်လို့ ဆိုပါတယ်။
(၄) Snow White ရဲ့ တောတွင်းအိမ်
စနိုးဝှိုက်က နန်းတော်က ထွက်ပြေးရင် လူပုလေး ခုနှစ်ဖော်အိမ်ကို ရောက်သွားခဲ့တာ မှတ်မိဦးမယ် ထင်ပါတယ်။ အပြင်မှာ ဒီအိမ်ကို တည်ဆောက်သူဟာ နှစ် ၃၀ ကျော် တည်ဆောက်ခဲ့ရပြီး အိမ်တအိမ်လုံးမှာ လေးထောင့်ကျတဲ့ နေရာတနေရာတောင် မရှိဘဲ အမိုးတွေဟာလည်း ကာတွန်းကားထဲက အတိုင်း တပုံစံတည်း ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအိမ်ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ တည်ရှိနေပြီး ကမ္ဘာကျော်မစ်ကီမောက်စ် ဖန်တီးရှင် Walt Disnaey ဆွဲခဲ့တဲ့ ပုံစံအတိုင်း ထပ်တူကျတယ်လို့ သိရပါတယ်။
(၅) Bruce Wayne စံအိမ်
DC ပရိသတ်တိုင်းရဲ့ အိပ်မက်က Bruce Wayne ရဲ့ အိမ်ထဲကို ရောက်ဖူးဖို့ပါပဲ။ တကယ်တော့ Comic ထဲမှာ ပါတဲ့ Bruce Wayne ရဲ့ အိမ်ဟာ အင်္ဂလန်နိုင်ငံ Nottingham မြို့က Wallaton ခန်းမပုံစံကို တုပထားတာ ဖြစ်ပါတယ်။ The Dark Knight Rises ဇာတ်ကားမှာ ပါဝင်တဲ့ Bruce Wayne ရဲ့ စံအိမ်ဟာ အဲဒီခန်းမမှာ ရိုက်ကူးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
Ref; Brightside.com