ပင်လယ်သမုဒ္ဒရာကို ညစ်ညမ်းစေတဲ့ စွန့်ပစ်ပစ္စည်းတွေထဲမှာ သန်း၆၀ထက်မနည်းရှိတဲ့ ဆေးလိပ်ဖင်စီခံတွေဟာ တခုအပါအဝင်ပဲဖြစ်ပါတယ်။ ဆယ်စုနှစ်တစုစာလောက်ကို ပင်လယ်ကမ်းခြေတွေနဲ့ သမုဒ္ဒရာထဲမှာ သောင်တင်နစ်မြုပ် နေတဲ့ ဆေးလိပ်အစီခံတွေဟာ အခုအချိန်မှာဆိုရင်တော့ ကမ်းခြေတွေကို ညစ်ညမ်းစေတဲ့ အဓိကပြဿနာတရပ် ဖြစ်လာနေပါပြီ။
တောင်ပိုင်း Aegean ရဲ့ လိပ်ပြာတကောင်လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ ဂရိနိုင်ငံက Astypalea ကျွန်းဟာ လက်ရှိမှာ ကမ္ဘာ့ပထမဆုံးဆေးလိပ်ကင်းစင်နယ်မြေတခုဖြစ်လာခဲ့ပါပြီ။
ဂရိနိုင်ငံရဲ့ ကမ်းခြေအများစုဟာ အမှိုက်သရိုက်တွေ ၊ ဆေးလိပ်ဖင်စီခံတွေနဲ့ အမြဲလိုလိုပြည့်နှက်နေခဲ့တာဖြစ်ပြီး ဂရိနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ ဒီအညစ်အကြေးတွေကို ရှင်းလင်းနေခဲ့တာပဲဖြစ်ပါတယ်။ ကျွန်းမှာနေထိုင်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကျွန်းဆီ လာရောက်လည်ပတ်သူဧည့်သည်တွေကို ဆေးလိပ်မသောက်သုံးဖို့နဲ့ ဆေးလိပ်အစီခံတွေ စည်းကမ်းမဲ့မစွန့်ပစ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဂရိနိုင်ငံရဲ့နာမည်ကျော် ဆေးရွက်ကြီးကုမ္ပဏီတခုဖြစ်တဲ့ Papastratos ရဲ့ ထောက်ပံ့ပေးမှုနဲ့ ဆေးလိပ်အစီခံတွေ စည်းကမ်းမဲ့ မစွန့်ပစ်ရေး ပရောဂျက်တခုကို ပြုလုပ်ခဲ့ပြီး ဒီပရောဂျက်ကြောင့်ပဲ Astypalea ကျွန်းဟာ ကမ္ဘာ့ပထမဆုံး ဆေးလိပ်ကင်းစင်နယ်မြေတခု ဖြစ်လာခဲ့ပါတယ်။
ဆေးလိပ်ကင်းစင်နယ်မြေတခု ဖြစ်ပေါ်လာဖို့ ရည်ရွယ်ရုံတင်မကဘဲ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာ တွေကို လျှော့ချနိုင်ဖို့အတွက် ဒီပရောဂျက်ကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
ဒီအစီအစဉ်စတင်နေဆဲမှာပဲ ကမ်းခြေတဝိုက် က ဆေးလိပ်အစီခံတွေကို အချိန် ၂နာရီအတွင်း ၂လီတာ ရေသန့်ဘူးအပြည့် ကောက်ယူစုဆောင်းနိုင်ခဲ့ပြီး ကျွန်းမှာ အခုလို ဆေးလိပ်ကင်းစင်နယ်မြေတခုအဖြစ် သတ်မှတ်ထားလိုက်ခြင်းအားဖြင့် ကျွန်းမှာနေထိုင်သူတွေရော လာရောက်လည်ပတ်သူတွေအတွက်ပါ ကောင်းမွန်တဲ့ ကျန်းမာရေးကို ပိုင်ဆိုင်စေလိုခြင်းကလည်း နောက်ထပ်ရည်ရွယ်ချက်ဖြစ်ပါတယ်။
Astypalea ကျွန်းကနေ စတင်လိုက်တဲ့ ဒီပရောဂျက်ဟာ ဂရိနိုင်ငံက နောက်ထပ်ကမ်းခြေတွေအထိ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ တွန်းအားတခုလည်းဖြစ်ပါတယ်လို့ ကျွန်းရဲ့ တာဝန်ရှိသူတဦးက ပြောဆိုခဲ့ပါတယ်။
ဥရောပနိုင်ငံတွေထဲမှာ ဂရိနိုင်ငံဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုအမြင့်မားဆုံးနိုင်ငံတနိုင်ငံဖြစ်တာကြောင့်လည်း ဒီပြဿနာဖြေရှင်းဖို့ Astypalea ကျွန်းကနေ စတင်လှုံ့ဆော်လိုက်တာပဲဖြစ်ပါတယ်။
Ref. brightside.me