ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ ဒုတိယနေရာ ရှိနေခဲ့တဲ့ ဘီလ်ဂိတ်ကတော့ နောက်တဆင့် ထပ်ဆင်းပေးလိုက်ရ ပြန်ပါပြီ။ သူ့နေရာမှာ ပြင်သစ် ဘီလီယံနာသူဌေး Bernard Arnault ဝင်ရောက်လာခဲ့လို့ပါ။ Arnault ဟာ ပြင်သစ်အမှတ်တံဆိပ် Luxury Goods တွေထုတ်တဲ့ LVMH ရဲ့ ပဲ့ကိုင်ရှင် တဦးလည်း ဖြစ်ပါတယ်။
Bloomberg Billionaire အညွှန်းဇယားမှာ ဖော်ပြချက်အရ ဇူလိုင် ၁၆ ရက်နေ့မှာပဲ ထိပ်ပိုင်းနေရာ အပြောင်း အလဲ ဖြစ်သွားခဲ့တာပါ။ ဒါဟာ ဘီလ်ဂိတ် ပထမဆုံးအကြိမ် အချမ်းသာဆုံးနေရာကနေ ဒုတိယအဖြစ် လျော့ကျခဲ့တဲ့၊ လွန်ခဲ့တဲ့ ၇ နှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အပြောင်းအလဲ ထပ်ဖြစ်တာလည်း ဖြစ်ပါတယ်။
စာရင်းဇယားတွေအရ Arnault ဟာ အရင်နှစ်ကထက် ဝင်ငွေ ၃၉ ဘီလီယံ တိုးလာတာကြောင့် စုစုပေါင်း ပိုင်ဆိုင်မှု ၁၀၈ ဘီလီယံနဲ့ ဒုတိယနေရာကို ရောက်လာခဲ့တာပါ။ Microsoft ပိုင်ရှင် ဘီလ်ဂိတ်ကတော့ ပိုင်ဆိုင်မှု ၁၀၇ ဘီလီယံပဲ ရှိခဲ့ပါတယ်။ ဒါကလည်း ဘီလ်ဂိတ်ဟာ သူပိုင်ဆိုင်မှုထဲက ကမ္ဘာအနှံ့ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သူ့ကိုယ်ပိုင် Bill and Melinda Gates Foundation အတွက် ၃၅ ဘီလီယံ ကျော် လှူဒါန်းလိုက်တာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။
သူဌေးကြီး Bernard Arnault ဟာ LV ၊ Christian Dior နဲ့ Givenchy စတဲ့ ကမ္ဘာကျော် တံဆိပ်တွေကို ထုတ်လုပ်နေတဲ့ LVMH ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တာကြောင့်လည်း အခုလို အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးက ရပ်တည်လာတာ မဆန်းပါဘူး။ အသက် ၇၀ အရွယ် Arnault ဟာ ဧပြီလက မီးလောင်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ပြင်သစ်သမိုင်းဝင် Notre Dame ဘုရားကျောင်းကြီး ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တဲ့အလှူငွေ ထည့်ဝင်ခဲ့တဲ့ ပြင်သစ် အချမ်းသာဆုံး ၃ ဦးထဲက တဦးလည်း ဖြစ်ပါတယ်။
နံပါတ် ၁ မှာတော့ Amazon CEO Jeff Bezos က ပိုင်ဆိုင်မှုတန်ဖိုး ၁၂၅ ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရပ်တည်မြဲပါ။ ၁၉၈၉ ခုနှစ်မှာ LVMH ရဲ့ Chairman နဲ့ CEO ဖြစ်လာခဲ့တဲ့ Arnault ဟာ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့စာရင်းမှာ အဆင့် ၄ နေရာမှာ ရှိနေခဲ့ရာကနေ အခုလို ဒုတိယနေရာအထိ တက်လှမ်းလာနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်က ထုတ်ပြန်ချက်တွေမှာတော့ Arnault ဟာ အဆင့် ၁၃ နေရာမှာပဲ ရှိနေခဲ့သူပါ။
Ref: edition.cnn