လူသားတွေ ချမ်းသာကြွယ်ဝဖို့ဆိုတာ မွေးရာပါ အခွင့်အရေး တစ်ခု ဖြစ်တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ လူ့အခွင့်အရေးတွေ လှိုင်လှိုင်ပြောတဲ့ နိုင်ငံတွေမှာ အရေးကြီးတဲ့ အချက်ကတော့ သင်ဟာ ချမ်းသာကြွယ်ဝအောင် လုပ်ခွင့် ရှိတယ်။ ဒါဟာ သင့်ရဲ့မွေးရာပါ လူ့အခွင့်အရေး၊ ဒါမှမဟုတ် ကြွယ်ဝချမ်းသာရေးပဲ ဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝတဲ့ သူတွေနဲ့ သင်အနီးကပ် နေဖူးပါသလား၊ သူတို့ဟာ မနက်လင်းကနေ မိုးချုပ် အိပ်ရာဝင်တဲ့အထိ ဘယ်လိုပြုမူပြောဆို နေထိုင် စားသောက်တယ်၊ ဘယ်လိုတွေးခေါ်တယ် ဆိုတာကို လေ့လာဖူးပါသလား။ ပြီးတော့ ဘယ်လိုလူမျိုးတွေနဲ့ ရင်းနှီးပေါင်းသင်းတယ် ဆိုတာရော အကဲခတ် လေ့လာဖူးပါသလား။
သင့်အတွက်တော့ လူချမ်းသာ တစ်ဦးနဲ့ သာမာန်လူ တစ်ဦးရဲ့ တွေးခေါ်ပုံ၊ ပြုမူပြောဆိုပုံတွေ၊ မတူတာတွေကို လေ့လာသင့်ပါတယ်။ ချမ်းသာကြွယ်ဝပြီး အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ဘဝကို စည်းစနစ်တကျ ဖြတ်သန်းတယ်ဆိုတာပဲ ဖြစ်ပါတယ်။
သူတို့ဟာ အစစအရာရာမှာ အသုံးအစွဲ စေ့စပ်တယ်။ မလိုအပ်ရင် အပို မသုံးဘူး။ သူတို့ရဲ့ ကုမ္ပဏီမှာဆိုရင်လည်း လိုတဲ့ အတိုင်းအတာ ဘတ်ဂျက်ကိုပဲ သုံးစွဲပြီး အရမ်းကာရော သုံးစွဲလေ့ မရှိဘူး။ စေ့စပ်တယ်၊ မေးမြန်းတယ်။ ပြီးတော့ ဘတ်ဂျက်ကို ဆုံးဖြတ်တယ်။
သူတို့ဟာ မနက်လင်းကတည်းက အိပ်ရာ ထရင် သူတို့ရဲ့အိပ်ရာကို သေသေချာချာ သိမ်းတယ်။ သဘောကတော့ သူတို့ဟာ စည်းကမ်း ရှိတယ်။ သူတို့ဟာ သူတို့ကိုယ် သူတို့ ထိမ်းသိမ်းနိုင်တယ် ဆိုတာပဲ ဖြစ်တယ်။ ဒီအလေ့အကျင့်ကြောင့် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တဲ့ အခါမှာလည်း စည်းစနစ် ကျတယ်။
ချမ်းသာကြွယ်ဝတဲ့ သူတွေဟာ တရားထိုင်တယ်။ ဒီလို ထိုင်တဲ့အတွက်ကြောင့် သူတို့ရဲ့ အာရုံ စူးစိုက်မှုတွေ၊ ဂရုတစိုက် လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေမှာ လစ်ဟာမှု အားနည်းတာကို တွေ့ရတယ်။
ဒါ့အပြင် သူတို့ဟာ တနေ့ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်း လုပ်တယ်။ သဘောကတော့ သူတို့ရဲ့မှတ်ဉာဏ်တွေကောင်းဖို့၊ ပိုပြီးတော့ အလုပ်လုပ်နိုင်ဖို့၊ မိမိကိုယ်ကို ယုံကြည်မှု ရှိစေဖို့အတွက်ပဲ ဖြစ်တယ်။ ဦးနှောက်ကို သန်စွမ်းစေဖို့ ဖြစ်တယ်။
မြန်မာနိုင်ငံမှာဆိုရင်လည်း ကြွယ်ဝ ချမ်းသာသူတွေဟာ မနက်စောစော ထကြတာကို တွေ့ရပါတယ်။ သူတို့ဟာ မနက် ၅ နာရီလောက်မှာ Breakfast စားပြီးနေပြီ။ သတင်းစာတွေကို ဖတ်ပြီးနေပြီ။ အရေးကြီးတဲ့ အကြောင်းအရာ အတိုအထွာတွေကို မှတ်သားထားပြီးနေပြီ။ ဒီနေ့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတဲ့ Daily Plan တွေကို ချရေးပြီးနေပြီ။ သူ့ရဲ့ အတွင်းရေးမှူးကိုခေါ်ပြီး ဒီတနေ့ရဲ့ Schedule တွေကိုမေးပြီး ပြောပြီးနေပြီ။
ဒီလို မနက်စောစော ထတဲ့သူတွေဟာ ပိုပြီးအကောင်းမြင်စိတ် ရှိတယ်။ တက်ကြွ လန်းဆန်းနေလေ့ ရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ အဲဒီသူဌေးတွေရဲ့ ကုမ္ပဏီ ဝန်ထမ်းတွေ ၉ နာရီ၊ ၁၀ နာရီ ရုံးလာချိန်မှာ သူဌေးရဲ့ စားပွဲပေါ်က အလုပ်တွေက တဝက်လောက်ပြီးနေပြီ ဖြစ်ပါတယ်။
ကြွယ်ဝတဲ့ သူဌေးတွေဟာ သူ့ရဲ့ဝန်ထမ်းတွေနဲ့ရော သူ့ရဲ့ပတ်ဝန်းကျင်နဲ့ပါ စကားပြောဆို ဆက်ဆံရာမှာ တော်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီလို ပြောဆိုတတ်ခြင်းဟာ သူတို့ရဲ့ PR အရည်အချင်းတစ်ခု ဖြစ်သလို အနုပညာ တစ်ခုလည်း ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်း တစ်ခု ဆိုပါတော့။
ကမ္ဘာပေါ်မှာ လူချမ်းသာတွေဟာ TV ရှေ့မှာ၊ KTV မှာ အချိန်ကုန် မခံပါဘူး။ သူတို့ဟာ စာဖတ်တယ်၊ လေ့လာတယ်၊ စာအုပ်ကောင်းတွေကို ရှာဖတ်တယ်၊ မှာဖတ်တယ်။ ဒါမှမဟုတ် Audio Books တွေကို အလုပ်သွားချိန်မှာ နားထောင်တယ်။ Knowledge လို့ခေါ်တဲ့ ဗဟုသုတဟာ သူတို့အတွက် တန်ဖိုးကြီးတယ်ဆိုတာသိသလို နေ့စဉ် ပြောင်းလဲ တိုးတက်နေတဲ့ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းဖို့ကို သူတို့ကြိုးစားလေ့ ရှိတယ်။
ဒါ့အပြင် သူတို့ဟာ သူများချမ်းသာတာ ကြွယ်ဝတာတွေကို ကြည့်ပြီး မနာလို ဖြစ်မနေပါဘူး။ ဒါပေမယ့် ကြွယ်ဝသူတွေရော၊ သူ့ပတ်ဝန်းကျင်က သူတွေနဲ့ရော ဆက်ဆံတယ်။ သူ့ရဲ့ Network ကို တည်ဆောက်တယ်။ ဒါပေမယ့် အကျင့်မကောင်းတဲ့သူတွေ၊ အဆိပ်ပင်တွေလို ကြောက်စရာကောင်းတဲ့ သူတွေကိုတော့ ဝေးဝေးက ရှောင်လေ့ ရှိပါတယ်။
ကမ္ဘာပေါ်မှာ ကြွယ်ဝချမ်းသာတဲ့ Bill Gates တို့၊ Richard Branson တို့ဆိုရင် သူတို့ဟာ Notebook လေးတွေနဲ့မှတ်တဲ့ အကျင့် ရှိတယ်။ သူတို့ မှတ်သားစရာတွေ၊ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားတွေ၊ ဆုံးဖြတ်ပေးရမယ့် ကြီးလေးတဲ့ Executive Order တွေ၊ နေ့စဉ် ဆောင်တာမှတ်တမ်းတွေကို လိုက်ချရေး မှတ်လေ့ ရှိတယ်။
သေချာတာ နောက်ဆုံး တစ်ခုကတော့ ချမ်းသာကြွယ်ဝသူတွေဟာ ဓာတ်ရိုက်ဓာတ်ဆင် လုပ်လို့၊ ယတြာချေလို့၊ ဂါထာရွတ်လို့၊ ဥပုပ်စောင့်လို့ ချမ်းသာကြွယ်ဝ လာတာတော့ မဟုတ်ပါဘူး။ သူတို့ဟာ နေ့စဉ်အလုပ်လုပ်တယ်။ အလုပ်ချိန်ကို တနေ့ကို ၁၈ နာရီလုပ်ပြီး ချမ်းသာ ကြွယ်ဝခဲ့တဲ့သူတွေ ဒုနဲ့ဒေး ရှိပါတယ်။
Elon Musk တပတ်ကို နာရီပေါင်း ၁၀၀ အလုပ် လုပ်ပါတယ်။ သူဟာ ဒီနေ့ ဘီလီယံနာ ဖြစ်နေပါပြီ။ လူပျင်းတွေအတွက် ချမ်းသာ ကြွယ်ဝဖို့လမ်း မရှိပါဘူး။ ဇွဲရှိသူတွေ၊ စိတ်ဓာတ် ခိုင်မာသူတွေ၊ ရည်ရွယ်ချက် ရည်မှန်းချက်ကြီးသူတွေပဲ ကြွယ်ဝ ချမ်းသာကြပါတယ်။ ပြီးတော့လည်း ဓနကို ထိန်းသိမ်း စောင့်ရှောက်တတ်ကြပါတယ်။
အားကစားကြောင့် ချမ်းသာကြွယ်ဝလာတဲ့ လူတချို့ကို လေ့လာကြည့်ရင် သူတို့ဟာ သူတို့ရဲ့ အားကစားကြောင့် ချမ်းသာကြွယ်ဝလာပေမယ့် သူတို့ရဲ့ ဓနကိုတော့ ထိန်းသိမ်း စောင့်ရှောက်တဲ့အခါမှာ စည်းကမ်း မရှိတဲ့အတွက် ပြန်မွဲသွားကြတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ချမ်းသာကြွယ်ဝသူတွေဟာ စည်းစနစ်ရှိသူတွေ ဖြစ်ပါတယ်။
ကြွယ်ဝချမ်းသာသူတွေဟာ တွေဝေ ငေးမောနေသူတွေ မဟုတ်ဘူး၊ မိမိရဲ့အချိန်ကို လက်ဖက်ရည်ဆိုင်မှာ အကုန်ခံနေသူ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ ဟေးလေးဝါးလား လုပ်နေသူတွေ မဟုတ်ဘူး ဆိုတာပါပဲ။ “ဆင်းရဲသားဝါဒ” ဆိုတဲ့ စာအုပ်ကြီးတွေကို ဖတ်ပြီးတော့လည်း လူတန်းစား ပြဿနာတွေ၊ စတဲ့စတဲ့ ဝါဒတွေထဲမှာလည်း နစ်မျော စိတ်ကူးယဉ်သူတွေ၊ သူတို့ဟာ အဖြေကို လက်တွေ့ကျကျ ရှာတတ်သူတွေ များပါတယ်။
သူဟာ လက်တွေ့ကျတယ်။ တွေးခေါ် မြော်မြင်စွမ်းအား ရှိတယ်။ လူသားတွေကို ကူညီတတ်တဲ့ စိတ်လည်းရှိတယ်။ ကြီးကြယ်မြင့်မြတ်တဲ့ စိတ်ဓာတ်လည်း ရှိတယ်။ စိတ်ကူးထဲမှာ သူ ချမ်းသာကြွယ်ဝဖို့ကိုပဲ စိတ်ကူး နေတတ်တယ်။
ဒါဟာ ချမ်းသာကြွယ်ဝမယ့်သူတွေရဲ့ လက္ခဏာတွေထဲက ထင်ရှားတဲ့ အချက်တွေပါပဲ။ မြန်မာနိုင်ငံမှာလည်း ချမ်းသာကြွယ်ဝတဲ့သူတွေ ပိုများဖို့လိုသလို ကြွယ်ဝ ချမ်းသာမယ့် နည်းလမ်းတွေကိုလည်း မြေတောင်မြှောက်ပေးဖို့ လိုတယ်။ ချမ်းသာကြွယ်ဝ ကြီးပွားတိုးတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ၊ ကုမ္ပဏီ ခေါင်းဆောင်တွေ၊ သူဌေးတွေ ပေါများတဲ့ နိုင်ငံဟာ မဆင်းရဲနိုင်ပါဘူး၊ ချမ်းသာဖို့ အခွင့်အရေးဟာ မွေးရာပါ အခွင့်အရေးဆိုတာ မမေ့ပါနဲ့။
ချမ်းသာတဲ့ လူတွေကို အားကျပါ။
You may also like these stories:
လူချမ်းသာတွေရဲ့ နေ့စဉ် အကျင့်ကောင်း ၇ ချက်
လူချမ်းသာတွေ လိုက်နာတဲ့ ပိုက်ဆံချွေတာနည်းများ
လူကြီးလူကောင်းတွေရဲ့ အရည်အချင်း (၁၄) ချက်