ရာသီဥတု ဖောက်ပြန်မှုကြောင့် အာတိတ်ဒေသမှ ရေခဲမြစ်တွေ အရည်ပျော်လာတာနဲ့အမျှ ဒီဒေသမှာ ကျက်စား နေထိုင်နေတဲ့ ပိုလာဝက်ဝံတွေဟာ အချင်းချင်း စားသောက်တဲ့ ဓလေ့တွေ ရှိလာပြီလို့ ရုရှားသိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားထားပါတယ်။
အပူချိန်မြင့်မားလာမှုနဲ့ စက်ရုံလုပ်ငန်းများ အာတိတ်ဒေသ အနီးဝန်းကျင်ကို ပိုမိုချဲ့ထွင်လာတာကြောင့် ရေခဲတွေ အရည်ပျော်လာပြီး ပိုလာ ဝက်ဝံတွေကို မူလကျက်စားရာ နေရာကနေ ရွှေ့ပြောင်းသွားအောင် တွန်းအားပေးခံနေရပါတယ်။
သုတေသီတွေရဲ့ ပြောပြချက်အရ အချင်းချင်း စားသောက်နေတဲ့ တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်တွေ မျက်မြင်များလာတာဟာ အာတိတ်ဒေသကို လူသားတွေ အရောက်အပေါက် များလာတာကြောင့် ပိုသိလာရတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပိုလာ ဝက်ဝံတွေမှာ အချင်းချင်း စားသောက်တဲ့ ဓလေ့ဟာ အရင်ကတည်းကရှိခဲ့ပြီး အာတိတ်ဒေသကို အရောက်အပေါက် နည်းတာမို့ သတိမထားမိကြဘဲ လတ်တလောမှ မကြာခဏဆိုသလို အဆိုပါ အဖြစ်ပျက် မှတ်တမ်းတွေ ပိုများလာတာလို့ သုတေသီတွေက ခန့်မှန်းကြပါတယ်။ ပိုလာ ဝက်ဝံတွေဟာ ရှေးကာလတွေကတည်းက အစာရေစာ ရှားပါးလာတဲ့အခါ အထူးသဖြင့် ပိုလာ ဝက်ဝံ အမတွေနဲ့ အကောင်ပေါက်လေးတွေကို စားလေ့ရှိတယ်လို့ သုတေသီတွေက လက်ခံထားပါတယ်။
ရာသီဥတုဖောက်ပြန်မှု ဖြစ်စဉ်တွေကို လွန်ခဲ့တဲ့ ၂၅ နှစ်လောက်တည်းက အာတိတ်ဒေသမှာ စတင်ခံစားနေရပြီး ရေခဲမျက်နှာပြင် ယခင်ထက် ၄၀ ရာခိုင်နှုန်းခန့် ပိုမိုကျဆင်းသွားတာကြောင့် အာတိတ်ဒေသကို အမှီပြုနေထိုင်နေတဲ့ ပိုလာ ဝက်ဝံတွေမှာ အစာပြတ်လပ်မှုတွေ ကြုံတွေ့လာရပါတယ်။ ပိုလာ ဝက်ဝံတွေဟာ အများအားဖြင့် ပင်လယ်ဖျံတွေကို အမဲလိုက်စားတတ်ပြီး ရေခဲအရည်ပျော်လာချိန်မှာ ကုန်းမြေပေါ် နေရတာကြောင့် ဒီအချိန်မျိုးမှာ သူတို့အတွက် အစာရှားပါးတတ်ပါတယ်။
ဆောင်းရာသီမှာ ပိုလာ ဝက်ဝံတွေ အမဲလိုက်လေ့ရှိတဲ့ Barent Sea က Ob ပင်လယ်ကွေ့နေရာဟာ လက်ရှိအချိန်မှာတော့ သဘာဝဓာတ်ငွေ့ သယ်ယူရေးသင်္ဘောတွေ ဆိုက်ကပ်ရာဖြစ်နေတာကြောင့် စားကျက်မြေ ပျောက်ဆုံးကုန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
နောက်ထပ် ရုရှားသုတေသီတဦးဖြစ်တဲ့ Vladimir Sokolov က “ဒီနှစ်ထဲမှာ ပိုလာ ဝက်ဝံတွေက ပုံမှန် မဟုတ်တဲ့ ရာသီဥတု အပူချိန်တွေကို ခံစားနေရတာပါ။ ဒီအကျိုးဆက်ကြောင့် Spitsbergen ကျွန်းကနေ မြောက်ပိုင်း နော်ဝေးက Svalbard ကျွန်းစုတွေထိ ရေခဲတုံးတွေ အရည်ပျော်ကုန်တဲ့အပြင် နှင်းလည်း အများကြီးမကျတော့ဘူး”လို့ ဆိုပါတယ်။
နောက်ထပ် လေ့လာချက်တခုမှာတော့ ပိုလာ ဝက်ဝံတွေဟာ သူတို့ အမဲလိုက်ထားတဲ့ သားကောင်အသေကို အမှိုက်သရိုက်တွေ၊ နှင်းတွေနဲ့ ဖုံးသိမ်းလေ့ရှိပြီး ဆာတဲ့အခါမှ သွားဖော်စားကြတယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ သားကောင်အသေကို ဖွက်ပြီးသိမ်းလေ့ရှိတဲ့အကျင့်ဟာ အညိုရောင် ဝက်ဝံမျိုးစိတ်တွေမှာလည်း တွေ့နိုင်တယ်လို့ သိရပါတယ်။
Ref: Daily Mail
ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ်
အပူချိန်မြင့်မားမှုကြောင့် ကျက်စားရာနယ်မြေ နည်းသွားပြီး ပိန်လှီလာကြတဲ့ ဝင်ရိုးစွန်းဝက်ဝံများ