ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးတချို့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို လုံခြုံရေးများက တားဆီးခြင်း၊ အင်းအားသုံးရိုက်နှက် ဖမ်းဆီးခြင်းများ ရှိနေသောကြောင့် မကျေနပ်မှုများ ကျယ်ပြန့်လာကာ နိုင်ငံရေးအရ ပြဿနာ ကြီးထွားလာမည်ကို ဆန္ဒထုတ်ဖော်သူ ပြည်သူများက စိုးရိမ်နေကြသည်။

ယနေ့နံနက်ပိုင်းက ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် လမ်းမတော် လမ်းမတလျှောက် လမ်းလျှောက် ဆန္ဒထုတ်ဖော်သူများကို ဝတ်စုံပြည့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်၍ လူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ဒေသခံများ မကျေမနပ်ဖြစ်နေပြီး ဖမ်းဆီးခံလိုက်ရသောသူများ ပြန်လွှတ်ပေးရေးအတွက် ပြည်အကျဉ်းထောင်ရှေ့တွင် လူအင်အား ၃၀၀၀ ကျော်ခန့် စုဝေးနေကြောင်း သိရသည်။
“ရဲတွေက ရှေ့ကနေ ဒိုင်းတွေနဲ့ ဝင်ပြီး တားတယ်။ အဲဒီ အချိန်မှာ ဘေးက လူငယ်လေး တယောက်က ဒါဟာ ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ အပိုဒ် ခွဲ (ဃ) အရ လုပ်တာ၊ ခင်ဗျားတို့ တားဆီးပိုင်ခွင့် မရှိဘူးဆိုပြီး ပြောနေတုန်းပဲ ချက်ချင်း ဖမ်းကွာဆိုပြီး ရိုက်ပြီးဖမ်းကြတယ်” ဟု ပြည်မြို့ခံ ကိုရဲထင်က ဧရာဝတီကို ပြောသည်။
ပြည်မြို့ ဒေသခံများက “၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဒို့အရေး” ဟူ၍ ကြွေးကြော်ကြကြောင်း၊ စတင် ဆန္ဒ ထုတ်ဖော်စဉ်က လူ ၃၀၀ ခန့် ရှိပြီး ရိုက်နှက်ဖမ်းဆီး ခံရသူများထဲတွင် ပြည်မြို့၌ လူ့အခွင့်အရေး ပညာပေးရေး လုပ်ဆောင်နေသော ကိုကျော်ဆွေနှင့် ရှေ့နေ ဦးမြင့်အေးတို့ ပါဝင်ကြောင်း သိရသည်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းခါစမှာ ဒီလို ပြည်သူကို အကြမ်းဖက်တယ်ဆိုတာမျိုးက လက်ရှိ အပြောင်းအလဲ တခုလုံးကို အယုံအကြည်မရှိ ဖြစ်သွားနိုင်တယ်။ အပြောင်းအလဲကို အေးအေးချမ်းချမ်းပဲ သွားချင်ကြတာပါ။ ဒီအတိုင်းဆို အသွင်ကူးပြောင်းနေတဲ့ ကိစ္စ နောက်ပြန်လည်သွားနိုင်တယ်၊ လူထု တိုက်ပွဲတွေလည်း ဖြစ်သွားနိုင်တယ်” ဟု ကိုရဲထင်က ဆိုသည်။
ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံး၍ ရိုက်နှက်ဖမ်းဆီးခြင်းမှာ ယနေ့ ပြည်မြို့ဖြစ်ရပ်သည် ပထမဆုံးဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယမန်နေ့ ညကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် ဆူးလေ စေတီအနီးသို့ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြရန် လုပ်ဆောင်နေစဉ် ဆန္ဒဖော်ထုတ်သူ တဦးဖြစ်သည့် ကိုဟန်ဝင်းအောင်နှင့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်၏ လက်မှတ်ဖြင့် သတိပေးစာကို ပေးခဲ့ကြောင်း၊ အခြေအနေ တင်းမာမည်ကို စိုးရိမ်၍ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ကာ လူစုခွဲခဲ့ကြကြောင်း ရန်ကုန်မြို့ခံ ဆန္ဒဖော်ထုတ်သူ တဦးထံမှ သိရသည်။
ရဲမှူးကြီး လက်မှတ်ဖြင့် သတိပေးစာတွင် ယခင် နဝတ စစ်အစိုးရ အမိန့်အမှတ် ၂/ ၈၈ သည် ယခုအချိန်အထိ အသက်ဝင်နေသဖြင့် လူ ၅ ဦးအထက် စုဝေးလျှင် ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ ထို့အပြင် ဆန္ဒပြခွင့်ကို အခြေခံ ဥပဒေက ပြဌာန်း ထားသော်လည်း လုပ်ထုံးလုပ်နည်း ရေးဆွဲမှု မပြီးစီးသေး၍ ဆန္ဒပြခွင့် မရှိကြောင်း၊ ဆက်လက် ဆန္ဒပြပါက တည်ဆဲ ဥပဒေအရ ဖမ်းဆီး အရေးယူနိုင်ကြောင်း သတိပေးထားသည်။
ယမန်နေ့ညက ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်တွင်လည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် လူ ၁၀၀ ခန့်တို့ ဖယောင်းတိုင် မီးထွန်း၍ လမ်းလျှောက်ခြင်းကို ရဲမှူးများ၊ ခရိုင်မှူးများက ဟန့်တားခဲ့ကြောင်း၊ သို့သော် အေးချမ်းစွာ ပြောဆို၍ လျှပ်စစ်ရုံးရှေ့သို့ သွားကာ လျှပ်စစ် ဝန်ကြီးစကားအရ လျှပ်စစ်မီး ပိုလှျှံနေသည်များကို ယခုပြည်သူများ လျှပ်စစ်မီး မလုံလောက်၍ ပြန်ပေးစေလိုသည်ဟု ပြောဆိုပြီး ဆက်လက် ထွက်ခွာလာခဲ့ကြောင်း၊ လမ်းတွင် ရဲကားများနှင့် ရဲများက လက်နက် အပြည့်အစုံဖြင့် ထပ်မံ တားဆီးခဲ့ကြောင်း ကိုနေမျိုးဇင်က ဧရာဝတီကို ပြောသည်။
“ဒီနေ့ ထူးခြားတာကတော့ တညလုံး မီးပျက်ထားရာက နေ့လယ် ၁၁ နာရီ မိနစ် ၂၀ မှာ မီးလာတယ်။ ပုံမှန်အတိုင်း ပါပဲ။ ခဏလည်းကြာရော မီး အားက ၃၀၀ ကျော်ထိ ဆောင့်တက်တယ်။ လျှပ်စစ်ပစ္စည်းတွေ အကုန်လောင်ကုန် တယ်၊ ပြီးတော့ မီးပြန်ပျက်သွားတယ်” ဟု သူက ဆိုသည်။
သို့အတွက် မနက်ဖြန်ညနေ မေလ ၂၅ ရက်နေ့တွင် ပျက်ဆီးသွားသည့် လျှပ်စစ်ပစ္စည်းများကို မြို့နယ် လှျှပ်စစ်ရုံးရှေ့ တွင် စုပုံ၍ ထိုင်ကာ လျှပ်စစ်ဌာန၏ တာဝန်မဲ့ လုပ်ရပ်အတွက် မေးမြန်းသွားမည်ဟု သူက ဆက်ပြောသည်။
ဖယောင်းတိုင်မီးထွန်းညှိ၍ လျှပ်စစ်မီး ရရှိရေး ပထမဆုံး စတင်ခဲ့သည့် မန္တလေးမြို့တွင်လည်း လွန်ခဲ့သည့်ရက်ပိုင်းက ပါဝင်သူတချို့ကို ခေါ်ယူစစ်ဆေးပြီးနောက်ပိုင်း ဆီဒိုးနားဟိုတယ်အနီးနှင့် တိုင်းလျှပ်စစ်ဌာရုံး၊ ၂၆၊ ၂၇၊ ၂၈ လမ်း တို့တွင် လုံခြုံရေးများ ထူထပ်စွာချထားကြောင်း၊ သို့သော် ယမန်နေ့ညက ဖယောင်းတိုင်မီးများသာမက မီးတုတ်များပါ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြမှု လုပ်ခဲ့ပြီး လုံခြုံရေးများ ထူထပ်စွာချထားသည့် အတွက် အချိန်ပိုင်းနှင့် လူစုခွဲခဲ့ကြောင်း မြို့ခံတဦးက ဆိုသည်။
မန္တလေးမြို့တွင် ယမန်နေ့က စ၍ ရပ်ကွက်များအတွင်း ကားများဖြင့် လိုက်လံ၍ ၁၅၀ ကီလိုဝပ် မီးစက်ကြီးများဖြင့် အလှည့်ကျ လျှပ်စစ်မီး ဖြန့်ဝေပေးလျှက်ရှိကြောင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်းနှင့် ရေတင် ခြင်းများအတွက်သာ လုံလောက်ပြီး ၆ နာရီကြာ လှျှပ်စစ်မီးရရှိကြောင်း စီးပွားရေး လုပ်ငန်းများအတွက်မှု မည်သို့မျှ မလုံလောက်ကြောင်း ကြားသိရသည်။
မုံရွာ၊ ပဲခူး စသည့်မြို့များတွင်လည်း လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှုများ လုပ်မည်ကို အာဏာပိုင်များ ဘက်က စိုးရိမ်ပြီး လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ထူထပ်စွာချထားကြောင်း ဒေသခံများက ပြောသည်။
လျှပ်စစ်မီး လုံလောက်စွာ မရရှိသည့်အတွက် ဆန္ဒဖော်ထုတ်မှုများ လုပ်ဆောင်နေသည်ကို အင်တာနက် လူမှုကွန်ရက် များတွင်လည်း အကျယ်တဝင့် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။
အများပြည်သူ လျှပ်စစ်မီးရရှိရေးအတွက် အမှတ် ၂ လျှပ်စစ် ဝန်ကြီးဌာနက ရန်ကုန်မြို့တွင် မီးစက် စုစုပေါင်း ၁၁ လုံးဖြင့် လှျှပ်စစ်ဓာတ်အား ၃၈၉၅ ကေဗီအေ ကိုလည်းကောင်း၊ မန္တလေးြမို့တွင် မီးစက် အလုံး ၂၀ ဖြင့် ၆၃၁၅ ကေဗီအေကိုလည်းကောင်း၊ ပြည်မြို့တွင် မီးစက် ၅ လုံးဖြင့် ၇၃၅ ကေဗီအေကိုလည်းကောင်း တိုးမြှင့် ဖြန့်ချိ ပေးနေကြောင်း၊ နောက်ထပ်လည်း အမေရိကန်၊ စင်ကာပူ စသည့် နိုင်ငံတို့မှ မီးစက်များမှာယူထားရာ တပတ်အတွင်း ရောက်မည်ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။