မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ဖယ်ထား၍ မရကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ ဝါရင့်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်ရှိ The Regional Centre for Social Science and Sustainable Development (RCSD) ဌာနက ယမန်နေ့တွင် ကြီးမှူးကျင်းပခဲ့သည့် မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ အကြောင်း “အခန်းထဲက ဆင်” (The Elephant in the Room) ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဒေါက်တာ တင်မောင်မောင်သန်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“အခု နောက်ပိုင်း၊ သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့အခါကျတော့ ဒီမိုကရေစီ အစိုးရဖြစ်တယ်ဆိုပြီးတော့ တပ်မတော်က ပြည်သူ့ရေးရာ ကိစ္စတွေမှာ မပါတော့ဘူး။ မပါတော့ သူက ပျောက်နေသလိုဖြစ်နေတယ်။ တကယ်တော့ သူက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါတယ်ဆိုတာ တင်စားပြီး ပြောတာပါ” ဟု ၎င်းက ပြောသည်။
ဆွေးနွေးပွဲတွင် တပ်မတော်ကို ဆင်နှင့်ခိုင်းနှိုင်းပြီး ပြောဆိုရင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဆင်ဦးစီးနှင့် တူကြောင်း၊ လက်ရှိ သွားနေသည့် လွှတ်တော်တွင် အတိုက်အခံက ပြောဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် စစ်တပ်ကိုယ်စားလှယ် ထောက်ခံမှု မရှိလျှင် မဖြစ်နိုင်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ထောက်ပြသည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ တပ်မတော်က ပေးသလောက်ပဲ ရမှာပါ။ တပ်မတော် အလိုရှိသလောက်ပဲ ကျမတို့ လွှတ်တော် သက်တမ်းက ရှိမှာပါ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးမီက ပြောဆိုခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အနောက်ဒီမိုကရေစီ စံညွန်းများနှင့်အညီ ကာကွယ်ရေး ဝန်ကြီးကဲ့သို့ နေရာမျိုးတွင် အရပ်သားကိုသာ တာဝန်ပေးသင့်သည်ဟု ပြောဆိုမှုများရှိကြောင်း၊ သို့သော် လေ့လာမှုများအရ အရပ်သားနိုင်ငံရေး သမားများ၏ အားနည်းချက်များအပေါ် စစ်တပ်က တင်ပြပြောဆိုချက်များအား ကြည့်ခြင်းအားဖြင့် စစ်တပ်သည် ဖြတ်သန်းလာခဲ့သည့် သမိုင်းအရလည်းကောင်း၊ လေ့ကျင့် သင်ကြားပေးမှုများအရ လည်းကောင်း အရပ်သား နိုင်ငံရေးသမားများအပေါ် သံသယ ရှိနေကြဆဲဖြစ်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ဆိုသည်။
မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်က ပါဝင်ရမည်ဟု တပ်မတော်အတွင်း လက်ခံယုံကြည်နေကြသူ များနေကြောင်း၊ အဆိုးဆုံး အခြေအနေကို ထိန်းညှိရန် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်သည် လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း ယူထားခြင်းဟု နားလည်ကြောင်းလည်း ၎င်းက ပြောသည်။
သို့သော် ပြီးခဲ့သည့် လပိုင်းအတွင်းက ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စင်ကာပူနိုင်ငံ၊ ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောသွားသည့် သင့်တော်ချိန်တွင် တပ်မတော် ကိုယ်စားလှယ်များကို လျှော့ချသွားရန်ရှိကြောင်း ပြောဆိုမှုနှင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးများကိုလည်း စစ်တပ်က ထောက်ခံကြောင်း ပြောခဲ့သည်မှာ ကောင်းသည့် လက္ခဏာဖြစ်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ဆက်လက်ပြောသည်။
လက်ရှိ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နေသူသည် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ဖြစ်ပြီး ဒီမိုကရေစီ လိုလားနေကြသည့် မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးသည် အပြောင်းအလဲကို အဓိက မောင်းနှင်သူလည်း ဖြစ်ကြောင်း၊ အများက စိုးရိမ်နေသကဲ့သို့ စစ်တပ်က အာဏာပြန်သိမ်းပြီး စစ်ဗိုလ်ချုပ်များက တိုင်းပြည်ကို ပြန်အုပ်ချုပ်မည်ဟု မထင်ကြောင်းလည်း ဒေါက်တာ တင်မောင်မောင်သန်းက ဧရာဝတီကို ပြောသည်။
“တိုင်းပြည်ကို အင်အားသုံး အုပ်ချုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ပွင့်လင်းလာပြီဖြစ်တဲ့ တိုင်းပြည်ကို သူတို့ စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် ပြန်အုပ်ချုပ်မယ်လို့တော့ ကျနော် မထင်ဘူး” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ သူက သတိပေးပြောသည်မှာ “သို့သော် ဒီမိုကရက်တွေက စစ်ခေါင်းဆောင်တွေကို ထောင့်ထဲ တွန်းမပို့ရင်တော့ အကောင်းဆုံးပဲ” ဟူ၍ ဖြစ်သည်။
အရပ်သားနှင့် စစ်သားတို့သည် မိမိတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှုများ ရှိကြကြောင်း၊ တိုင်းပြည်အကျိုးအတွက် အပြန်အလှန် လေးစားမှုရှိရှိ ညှိနှိုင်း ဆောင်ရွက်သွားသင့်ကြောင်း ၎င်းက အကြံပြုသည်။
လွှတ်တော်တွင်း၌ ရှိနေကြသည့် အရပ်သား အတိုက်အခံ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ၊ အာဏာရ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များ၊ စစ်တပ်ကိုယ်စားလှယ်များ အနေဖြင့် ထိတွေ့ဆက်ဆံရင်း နိုင်ငံရေးဆိုသည်မှာ အလျှော့အတင်းရှိပြီး ဒီမိုကရေစီသဘောအရ သဘောတူသည် ရှိသကဲ့သို့ မတူသည်များ ရှိတတ်သည်ကို ညှိနှိုင်းဆောင်ရွက်ရသည့် ဓလေ့များ စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သွားပါက တဖက်နှင့် တဖက် ရှိနေသည့် သံသယ များ ပြေလျော့သွားနိုင်ကြောင်း သူက ရှင်းပြသည်။
လတ်တလော အစိုးရဝန်ကြီးများ အပြောင်းအလဲနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး အရှိန်ပိုရရေးအတွက် သူ့စိတ်ကြိုက် အဖွဲ့ (Team) ကို ဖန်တီးခြင်းဖြစ်ကြောင်း၊ ယခုပြောင်းလဲမှုသည် ဌာန ပြောင်းလဲ တာဝန်ပေးလိုက်ခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးသံယောဇဉ် ရှိသည့်အားလျှော်စွာ ဖြုတ်၊ ထုတ်၊ ရှင်း ဆိုသည့်နည်းကို မသုံးဘဲ မြန်မာ့နည်းအတိုင်း အလယ်လမ်းကို ရွေးချယ် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။
“လူအများကတော့ ဒီလောက်နဲ့ မလုံလောက်ဘူးလို့ ပြောမှာပါ။ ဒါပေမယ့် ဒီလိုလူတွေက အမြဲရှိနေတာပဲလေ” ဟု သူက ဆိုသည်။
The Elephant in the Room ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ မြန်မာ့အရေး စိတ်ဝင်စားသူများ၊ ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မီဒီယာသမားများ တက်ရောက်ကြသည်။