ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ် အရှေ့ဘက်ဒေသတွင် အိန္ဒိယ ကုမ္ပဏီတခုက တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်း နယ်မြေ အတွင်း ပါဝင်နေသော ရွာ ၂၀ ခန့် ဖယ်ရှားပေးရမည်ဖြစ်၍ ဒေသခံ ရွာသားများ အခက်အခဲ ကြုံနေရကြောင်း သိရသည်။
တောင် ၁၀ လုံးကို ဖြိုပြီး ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် ယင်းစီမံကိန်းကြောင့် ကျေးရွာပေါင်း ၂၀ ခန့်မှ အိမ်ခြေ ၁၀၀၀ ဝန်းကျင် ရွှေ့ပြောင်း ပေးရမည်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အာဏာပိုင်များက ပြောင်းရမည်ဟု ပြောဆိုသော်လည်း မည်သည့် နေ့ရက်တွင် ပြောင်းရွှေ့ရမည်ကိုမူ မသိရှိရ သေးပေ။
ထို ဘိလပ်မြေ စက်ရုံ တည်ဆောက်ရန် အတွက် ကမော်ညောင် တောင်၊ တောင်ဝိုင်း တောင်၊ ညောင်ပလိန်း တောင်၊ ဒေါင်ကလ နှင့် လဇန်တောင်၊ လဇန်တောင်၏ တောင်ဘက်ခြမ်း၊ လွန်းည တောင်၊ ဇွဲကပင် တောင်၏ တောင်ဘက်ခြမ်း၊ ကော်ကူး တောင်၊ မင်းဇန် တောင်တို့ ပါဝင်ကြောင်း သိရသည်။
“ကရင်ပြည်နယ် ဖွံဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်း တွေရလာစေဖို့ ဆိုပြီး ပြောတယ်။ တကယ် ရ မရ ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးဘူး။ ဖယ်ပေးရမှာက ရွာတွေ၊ လူတွေ၊ မြေနေရာတွေ။ ပြန်ပေးမလား၊ မပေးဘူးလား ဆိုတာလည်း မသိ သေးဘူး”ဟု တောင်ကလပ် ကျေးရွာ နောင်သကန်ကွင်း မှ ဒေသခံ တဦးက ပြောသည်။
ရွာသားများအနေဖြင့် တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြသူများ ဖြစ်၍ ဘိလပ်မြေ စက်ရုံတည်ဆောက်ခြင်းမှာ ၎င်းတို့အတွက် အကျိုးရှိစေနိုင်မည် မဟုတ်ဟုလည်း ဆိုသည်။
ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် Shree Cement Limited (SCL) ကုမ္ပဏီသည် အိန္ဒိယနိုင်ငံတွင် ဘိလပ်မြေ ထုတ်လုပ်မှု အဆင့် ပဉ္စမမြောက် အကြီးဆုံး ကုမ္ပဏီဖြစ်ကြောင်း၊ တနေ့ တန် ၁၀၀၀ ကျ ထုတ်လုပ်သွားမည်ဖြစ်ပြီး ယင်းဘိလပ်မြေ စက်ရုံ စီမံကိန်းကြောင့် အမြဲတမ်း ဝန်ထမ်း ၄၇၅ ဦးခန့် နှင့် နေ့စား ယာယီ ဝန်ထမ်း ၁၅၀၀ နှင့်အထက် အလုပ်အကိုင်များ ရရှိမည်ဖြစ်ကြောင်း SCL ကုမ္မဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။
“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အခြေခံ အဆောက်အအုံတွေ ပေါ်ပေါက်လာ တဲ့အခါ ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက်က အလွန်ကြီးမား လာမှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီတောင်တွေကို ဖြိုပြီး ဘိလပ်မြေ စက်ရုံ တည်ဆောက်တာပါ။ နောက် ပိုင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်၊ နိုင်ငံခြားသား ဝင်ရောက်လာတာ တွေလည်း များလာမယ်၊ ကွန်ဒိုတွေ များလာ မယ်၊ ရုံးခန်းတွေ ဖွင့်လာမယ်၊ နောက်ပိုင်းမှာ လိုအပ်ချက်တွေ ရှိလာမယ်။ ဒီလို တည်ဆောက်တာကြောင့် ဒေသခံတွေ အနေနဲ့လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ကရင်ပြည်နယ် မြေယာစုံစမ်း ရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေဝါကမူ ဒေသဖွံ့ဖြိုးရေးနှင့် ကိုယ်ကျိုးစီးပွား၊ ဒေသခံ လူထုအတွက် အားသာချက်၊ အားနည်းချက်များ ကွဲကွဲပြားစွာ သိရှိရန် လိုကြောင်းပြောဆိုသည်။
“ဘိလပ်မြေ စက်ရုံကြောင့် ဘေးထွက်ဆိုးကျိုး မရှိဘူးလို့ ပြောတယ်။ ထွက်လာ တဲ့ဖုန်တွေကို ပြန်စုပ်ယူပြီး အချောထည် ပြန် လုပ်မယ်လို့ ပြောတယ်။ ထွက်လာတဲ့ အပူစွမ်းအင်ကိုလည်း လျှပ်စစ်ဘက်မှာ ပြန်သုံးမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကရင်ပြည်နယ် ဖွံဖြိုးတိုးတက်ဖို့ လုပ်တာလား၊ ဒါမှမဟုတ် ဒေသဖွံဖြိုးရေးထက် အကျိုးစီးပွား သက်သက်အတွက် လုပ်တာလား ကွဲကွဲပြာပြား သိဖို့ လိုတယ်။ စက်ရုံစီမံကိန်း ဆိုတာကလည်း စာရွက်ပေါ်မှာပဲ ရှိသေးတာ။ လူထုအတွက် အားသာချက် ဘယ်လောက်ရှိလဲ မသိရဘူး”ဟု ဒေါ်နန်းစေဝါ က ဆိုသည်။
ယခု တည်ဆောက်မည့် ဘိလပ်မြေစက်ရုံ အတွက် ပထမဆုံးဖြိုမည့် တောင် ၂ လုံး နှင့် ထုံးကျောက် ထုတ်ယူမည့် တောင်များသည် ဒေသတွင်းရှိ ကျေးရွာများနှင့် အလွန် နီးကပ်ကြောင်း၊ ဒေသခံများသည် ယင်း တောင်များမှ ထင်း၊ ဝါးများ ခုတ်ယူ သုံးစွဲနေ ရကြောင်း၊ အင်းများမှ အသား၊ ငါးများ ရှာဖွေ စားသောက်နေရကြောင်း နှင့် ၎င်းတို့ စိုက်ပျိုးထားသည့် လယ်မြေများအတွင်း မြေ တူးစက်များ မကြာခဏ လာရောက်တူးယူသဖြင့် ချိုင့်ဝှမ်းများဖြစ်လာပြီး စိုက်ပျိုးရေး အခက်ခဲများ ကြုံတွေ့နေရကြောင်း သိရ သည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း ဘားအံခရိုင် ကော့ရင်းအောက် ကျေးရွာအုပ်စုရှိ တောင်နှစ်တောင်ကို ဖြို၍ ထုံးကျောက်မှုန့်များ ထုတ်ယူပြီး ဘိလပ်မြေ စက်ရုံ ဆောက်မည့် စိုးနိုင်ဖြိုး ကုမ္ပဏီအား ဒေသခံများ၏ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သေး သည်။
စိုးနိုင်ဖြိုး ကုမ္ပဏီ၏ ဘိလပ်မြေ စက်ရုံ ဆောက်မည့် လုပ်ကွက် ဧရိယာ ၃၂၀ ဧက တွင် လေထိတောင်၊ လှိုင်းကလေးတောင်၊ ဒေ သခံရွာ ၆ ရွာ၊ သာသနိက မြေနေရာများနှင့် လယ်မြေ အင်းအိုင်များ ပါဝင်နေကြောင်း သိရသည်။