ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အနာဂတ် ဦးဆောင်မှုပိုင်းတွင် ၎င်းအနေဖြင့် ပါဝင်တော့မည် မဟုတ်ကြောင်း လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက ထုတ်ဖော်ပြောကြားလိုက်သည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် လေးဝါးစခန်းတွင် ယမန်နေ့က စတင်ကျင်းပသော ၁၅ ကြိမ်မြောက် KNU ညီလာခံဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် အသက် ၉၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီး စောတာမလာဘော ကိုယ်တိုင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောတာမလာဘောက “ကျနော်ကတော့ အနားယူတော့မယ်။ ရွေးကောက်ပွဲမှာ လူမှန်နေရာမှန်ဖြစ်မယ့် ခေါင်းဆောင်တွေကို ရွေးချယ်ကြဖို့ အရေးကြီးပါတယ်” ဟု ညီလာခံတက်ရောက်လာသူ ကိုယ်စားလှယ်များကို ပြောကြားသည်။
ဗိုလ်ချုပ်ကြီး စောတာမလာဘောကို ၂၀၀၈ ခုနှစ်က ကျင်းပသော KNU ၏ ၁၄ ကြိမ်မြောက်ညီလာခံက ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကျန်းမာရေးနှင့် အသက်အရွယ်အရ အနားယူသင့်ကြောင်း ညီလာခံမတိုင်မီ ကရင်လူမှုအဖွဲ့အချို့၏ ပြောဆိုမှုများလည်း ရှိခဲ့သည်။
KNU တွင် ဗိုလ်ချုပ်ကြီး စောတာမလာဘော အပါအဝင် သားသမီးများကိုယ်တိုင် တော်လှန်ရေးကာလ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည်။
သို့သော်လည်း KNU ၏ ခေါင်းဆောင်မှုပိုင်းတွင် သမီးဖြစ်သူ နော်စီဖိုးရာစိန်မှာ အထွေထွေ အတွင်းရေးမှူး၊ သားကြီး ဗိုလ်မှူးချုပ် စောမဲအေစိန်မှာ စစ်ဆင်ရေးမှူးချုပ် G-1, သားလတ် ဗိုလ်မှူးချုပ် စောပိလမှာ စစ်ရေးချုပ်တို့ ဖြစ်နေခြင်းကြောင့် အဖွဲ့အစည်းအတွင်း မိသားစု ကြီးစိုးမှုရှိကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။
ဗိုလ်ချုပ်ကြီး စောတာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်ဟောင်းဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်သည်။
စက်တင်ဘာလ နှောင်းပိုင်းက ဘားအံမြို့၌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့သော KNLA ဆက်ဆံရေးရုံးကိစ္စအား KNU ဗဟိုမှ မသိရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ခဲ့သေးသည်။
ယခုကျင်းပလျက်ရှိသော ၁၅ ကြိမ်မြောက် ညီလာခံအပြီးတွင် KNU ၏ ခေါင်းဆောင်အသစ်များကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ သို့သော်လည်း အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုများ ရှိမည်မဟုတ်ကြောင်း ယခုလ ၂၀ ရက်နေ့က ပြီးဆုံးခဲ့သော စတုတ္ထအကြိမ်မြောက် KNU ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးအပြီးတွင် ခေါင်းဆောင်များက ပြောသည်။
KNU ညီလာခံကို ယမန်နေ့မှ စတင်ကာ နှစ်ပတ်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရပြီး အဖွဲ့ခေါင်းဆောင် သစ်များကို နောက်ဆုံးနေ့တွင် ရွေးချယ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
KNU ညီလာခံမှ ရွေးချယ်တင်မြောက်မည့် ခေါင်းဆောင်များနှင့် ပတ်သက်၍ အနာဂတ်အတွက် သင့်တော်သည့် ခေါင်းဆောင်များကို ရွေးချယ် တင်မြှောက်ရန် ဗိုလ်ချုပ်ကြီး စောတာမလာဘောက ညီလာခံတက်ရောက်သူများကို တိုက်တွန်း ပြောဆိုကြောင်း သိရသည်။
ညီလာခံအစနေ့တွင် ၂၀၀၈ ခုနှစ်မှစ၍ ၄ နှစ်တာကာလအတွင်း လုပ်ငန်းအစီရင်ခံစာနှင့် နိုင်ငံရေး အစီရင်ခံစာများကို တင်သွင်းကြောင်း သိရပြီး ၎င်းအစီရင်ခံစာများနှင့် ပတ်သက်၍ တက်ရောက်လာသည့် ညီလာခံ ကိုယ်စားလှယ်များက လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ရန် ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ စစ်မှန်သည့် ငြိမ်းချမ်းရေး ပေါ်ပေါက်ရေး၊ စစ်မှန်သည့် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး အပါအဝင် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် KNU ရှေ့ဆက်မည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဦးတည် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
KNU သည် ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် အင်အားကြီး အဖွဲ့တဖွဲ့ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နှစ်ဖက် ပဏာမ အပစ်ရပ်ရေး သဘောတူညီမှု ရရှိထားပြီဖြစ်သည်။