ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မစ်လို့ လူသိများတဲ့ MiG တိုက် လေယာဉ်တွေ ထုတ်လုပ်ရာ စက်ရုံကို သွားရောက်လေ့လာခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါ တယ်။
ကာကွယ်ရေးဦးစီးချုပ်နဲ့ အတူလိုက်ပါသွားတဲ့ တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် လွင်ဦး ကိုယ်တိုင် အဆင့်မြှင့် ထားတဲ့ MiG 29 M လေယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
လက်ရှိမြန်မာ့ လေတပ်မတော်မှာ ရုရှားလုပ် MiG 29 တိုက်လေယာဉ်တွေ၊ မီဟိုင်း လို့ ခေါ်တဲ့ MI အမျိုးအစား တိုက်ခိုက်ရေး ရ ဟတ်ယာဉ်တွေကို အသုံးပြုနေကြပြီး အခုလဆန်းပိုင်းကပင် လေယာဉ်အသစ်တွေကို မိတ္ထီလာ လေတပ်စခန်းမှာ တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့ပါသေးတယ်။
ဒါကြောင့်လည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဇွန်လ ၂၂ ရက်က စတင်တဲ့ အခုခရီးစဉ်မှာ မြန်မာ့ လေတပ်မတော်အတွက် ရုရှားလုပ် ခေတ်မီလေယာဉ်တွေ ထပ်မံ ဖြည့်တင်းတော့မလား ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ လက်နက်သစ်တွေ ဝယ်ယူဖို့ထက် အရင်ဝယ်ယူသုံးစွဲနေတဲ့ လက်နက်တွေအတွက် အပိုပစ္စည်းတွေ ထပ်မံရရှိဖိုနဲ့ ရုရှား-မြန်မာ တပ်မတော်ချင်း ဆက်ဆံရေးကို ပြန်လည်ထိန်းညှိဖို့ သွားရောက်တာလို့ သုံးသပ်ပါတယ်။
“အမေရိကန်နဲ့ စစ်ရေးအရပူးပေါင်းဖို့ ဆိုတာက မေးတင်တဲ့ကာလ၊ ဆွေးနွေးဆဲကာလပဲရှိသေးတော့ ချိန်ခွင်လျှာညှိဖို့ ရုရှားသွားရ လိမ့်မယ်၊ ဒါ့အပြင် အရင်က ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုယ်တိုင် ရုရှားနဲ့ စာချုပ်ချုပ်ထားတဲ့ အလုပ်တွေကို ဖြေရှင်းဖို့သွားတယ် လို့ ယူဆတယ်”လို့ ဆိုပါတယ်။
စစ်အစိုးရလက်ထက် ရုရှားနဲ့ သဘောတူညီမှုရယူ လုပ်ကိုင်ခဲ့တဲ့ နျူကလီးယား ကိစ္စ၊ တပ်မတော် ပညာတော်သင်များအရေး သွားရောက် ဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။
မြန်မာ့ တပ်မတော်အနေနဲ့ အရင်ကတည်းက ရုရှားဆီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီး၊ ဒုံးလက်နက်တွေကို ဝယ် ယူသုံးစွဲခဲ့တာဖြစ်တဲ့ အတွက် အပိုပစ္စည်းရရှိရေးကလည်း အရေးကြီးတဲ့ ကိစ္စရပ်တခုပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး General of the Army Sergey K.SHOIGU နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံရေးတိုးမြှင့်ဖို့၊ ရုရှားနိုင်ငံရောက် တပ်မတော်သား ပညာသင်များအရေးတို့ကို ဆွေးနွေးကြတယ်လို့လည်း အစိုးရ သတင်းစာတွေမှာ ရေးသားပါတယ်။
စစ်အစိုးရလက်ထက်က မြန်မာ့ တပ်မတော်ဟာ စစ်လက်နက်ပစ္စည်းနဲ့ ပတ်သက်ရင် ရုရှားနဲ့ တရုတ်ကို တချိန်လုံးမှီခိုခဲ့ရပေမယ့် အစိုးရသစ် လက်ထက်မှာတော့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်စတင်နိုင်ဖို့ ခြေလှမ်းပြင်ခဲ့ ပါတယ်။
မကြာသေးခင်ကလည်း မြန်မာ့ရေတပ်က အရာရှိ ၂၀ လောက် ပါကစ္စတန်နိုင်ငံမှာ ရေငုတ်သင်္ဘောနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်နေတယ်လို့ ဗြိတိန်အခြေစိုက် ဂျိန်းစ် ကာကွယ်ရေးစာစောင်က ဖော်ပြခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့မေလအတွင်းက သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ကိုယ်တိုင် လိုက်ပါပြီး အမေရိကန်နှင့် မြန်မာ တပ်မတော် နှစ်ရပ်အကြား တရားဝင်ဆက်ဆံရေး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာတော့ အမေရိကန်ကို သွားရောက် စစ်သင်တန်းတက်ရောက်နိုင်ခြင်း မရှိသေးပေမယ့် အာရှ- ပစိဖိတ် ဒေ သ အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ရွှေမြွေဟောက်(Cobra Gold) စစ်ဆင်ရေးမှာ လေ့လာသူအဖြစ်ပဲ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။