ထိုင်းနိုင်ငံမှာ ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းပြီး လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးပါတော့မယ်။
ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်က ထိုင်းဘုရင်မင်းမြတ်ထံ အဆိုပြုခဲ့အပြီး လာမယ့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကို ထိုင်းဘုရင်က ရွေးကောက်ပွဲရက်အဖြစ် ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနေ့ ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က သတ်မှတ်အတည်ပြု လက်မှတ်ထိုးပေးလိုက်တာပါ။
ဝန်ကြီးချုပ် မစ္စ ယင့်လတ် ကတော့ အိမ်စောင့် အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ်နဲ့ ဆက်လက် ရှိနေမှာဖြစ်ပြီး ရာထူးကတော့ နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
မစ္စယင့်လတ် အစိုးရ နုတ်ထွက်ပေးရေး တောင်းဆိုနေကြတဲ့ ဒီမိုကရက်ပါတီဝင်တွေ ဦးဆောင်တဲ့ ဆန္ဒပြသူတွေက အစိုးရ နုတ်ထွက်မှု မရှိသေးလို့ ဆန္ဒပြမှုတွေ အခုထိ ဆက်လက်ဖြစ်ပွားနေပြီး ဖျက်သိမ်းလိုက်တဲ့ ပါလီမန်ထဲက ဒီမိုရက်ပါတီ အမတ်တွေလည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်းကြပါတယ်။
အခု ဆန္ဒပြမှုဖြစ်စဉ်တွေမှာ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာမျိုးလည်း မရှိခဲ့သလို အကြမ်းဖက် ဖြိုခွင်းမှုမျိုးလည်း လုပ်မှာမဟုတ်ဘူးလို့ ထိုင်းစစ်တပ် အကြီးအကဲက ပြောဆိုထားခဲ့ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းက ရှပ်နီတွေနဲ့ ရှပ်ဝါတွေအကြား တိုက်ခိုက်မှုအတွင်း လူ အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပါတယ်။
ဒီမိုကရက်ပါတီ အမတ်ဟောင်း ဆုထေ့ပ် ခေါင်းဆောင်တဲ့ ဆန္ဒပြမှုတွေကတော့ မစ္စယင့်လတ် အစိုးရကို နုတ်ထွက်ပေးဖို့ ဆော်သြရင်း ဘန်ကောက်နဲ့ ဒေသတော်တော်များများမှာ ဆက်လက် တောင်းဆိုမှုတွေကို ဦးဆောင်နေဆဲလည်း ဖြစ်ပါတယ်။
မစ္စယင့်လတ်ကတော့ သူ့အစိုးရကို မလိုလားလို့ ဆန္ဒပြသူတွေ တောင်းဆိုတဲ့အတိုင်း ပြည်သူ့ထံ အာဏာပြန်အပ်တဲ့ အနေနဲ့ ရွေးကောက်ပွဲ လုပ်ပေးမှာဖြစ်လို့ ဒီလာမယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ပါလို့ တိုက်တွန်း ပြောကြားပါတယ်။
မနေ့ကတော့ ဝန်ကြီးချုပ် ယင့်လတ်က ရုပ်သံအင်တာဗျူး တခုမှာ မျက်ရည်ဝဲခဲ့ပါတယ်။ ဘာကြောင့် မျက်ရည်ဝဲခဲ့ရသလဲဆိုတဲ့ သတင်းထောက်ရဲ့ အမေးကို ဆန္ဒပြသူတွေက သူတို့ ရှင်နာဝပ်မျိုးဆက်တွေကို တိုင်းပြည်က ထွက်သွားဆိုတဲ့ အသံတွေကြားရတဲ့အခါ ဝမ်းနည်းကြောင်း ပြောဆိုပြီး ထိုင်းနိုင်ငံသားတွေဖြစ်တဲ့ ရှင်နာဝပ်မျိုးဆက်တွေဟာ ထိုင်းမြေပေါ်မှာ ခြေချခွင့်တောင် မရှိတော့ဘူးလားလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။
ပြီးတော့ မစ္စယင့်လတ် ရှင်နာဝပ်က ဆန္ဒပြသူတွေ တောင်းဆိုတဲ့အတိုင်း သူ့အနေနဲ့ နောက်ဆုတ်စရာ အကုန်လုံး အလျှော့ပေးခဲ့ပြီးဖြစ်လို့ တိုင်းပြည်က နှင်ထုတ်တဲ့ကိစ္စအပေါ်တော့ ဝမ်းနည်းတယ်လို့ ခပ်တိုတို ပြောဆိုသွားခဲ့ပါတယ်။
အခုလို မစ္စယင့်လတ်ရဲ့ ပြောဆိုမှုအပေါ် မြန်မာဖေ့စ်ဘုတ် အသုံးပြုသူတချို့ အပါအဝင် တချို့နိုင်ငံခြား သတင်းဌာနတွေကလည်း ဂရုဏာသက်ပြီး အာဏာကို စွန့်လွှတ်ရဲသူ အမျိုးသမီးအဖြစ် ချီးမွမ်းပြောဆိုမှုတွေလည်း ရှိသလို တချို့ ကလည်း အာဏာကို လက်မလွှတ်လိုတဲ့အတွက် ပရိယာယ်နဲ့ မျက်ရည်ကျပြတဲ့ လူပြိန်းကြိုက် နိုင်ငံရေးလုပ်ပြတာ ဖြစ်တယ်လို့ ဝေဖန်တာမျိုးလည်း ရှိပါတယ်။
အခု ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ တကယ်တော့ ဝန်ကြီးချုပ် မစ္စယင့်လတ်ရဲ့ အစ်ကိုဖြစ်သူ ထောင်ဒဏ် ၂ နှစ်နဲ့ တခြား အဂတိလိုက်စားမှုတွေနဲ့ တရားရုံတင်ခံထားရသူ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြည်တော်ပြန်လာနိုင်ခွင့်ရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို အာဏာရ ဖွေ့ထိုင်းပါတီက ပါလီမန်မှာ တင်သွင်းခဲ့ရာက စတင်ခဲ့တာပါ။
အထက်လွှတ်တော်က အဲဒီ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ပယ်ချလိုက်အပြီး မစ္စယင့်လတ်ကလည်း ဥပဒေကြမ်း တင်သွင်းမှုကို လုံး၀ ရုပ်သိမ်းပေးခဲ့ပါတယ်။
ဒါပေမယ့် ဆန္ဒပြမှုတွေ ဆက်တိုက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီး ပါလီမန်ဖျက်သိမ်းကာ နောက်ထပ်ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအထိ ဆိုက်လာခဲ့တာပါ။
နောက်ထပ်ရွေးကောက်ပွဲ ပြန်လုပ်တဲ့အခါ မစ္စယင့်လတ်က ပြန်ပြီး ရွေးကောက်ခံမယ်လို့ ဖွေ့ထိုင်းပါတီတွင်း ဆွေးနွေးပွဲတွေက ဆိုပါတယ်။ ဒီအချက်အပေါ် ဆုထေ့ပ်နဲ့ ဆန္ဒပြသူတွေက မလိုလားဘဲ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုကို အသုံးချကာ နောက်သက်တမ်းမှာလည်း မစ္စတာ သက်ဆင် ကြိုးဆွဲကပြမယ့် နောက်ထပ်အစိုးရ ပေါ်ပေါက်ရေးကြိုးစားမှုလို့ ပြောဆိုကြပါတယ်။
တကယ်တော့ မစ္စယင့်လတ် အစိုးရကို ပညာတတ်တွေ၊ လူလတ်တန်းစားတွေနဲ့ ငွေကြေးချမ်းသာသူတွေက မနှစ်သက်ကြပါဘူး။ ဒါပေမယ့် ရှင်နာဝပ်မိသားစုရဲ့ ဇာတိ ချင်းမိုင်မြို့နဲ့ အနီးတဝိုက် အပါအဝင် အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသခံတွေနဲ့ ဆင်းရဲသားအများစုက ထောက်ခံ အားပေးကြပါတယ်။
“သူက ၄၉ ရက်နဲ့ ထိုင်းဝန်ကြီးချုပ် ဖြစ်လာတာလေ။ သူ ဆုံးဖြတ် လုပ်ကိုင်သမျှက သူ့အစ်ကို သက်ဆင် ရှင်နာဝပ် ခိုင်းတာတွေချည်းပဲ၊ သူ့မှာ နိုင်ငံရေးနဲ့ ပတ်သက်တာ ဘာအတွေ့အကြုံမှလည်း မရှိဘူး။ တိုင်းပြည်မှာ သူက ဒီလို ကြီးလေးတဲ့ တာဝန်ယူထားတာဟာ သိပ်အန္တရာယ်များတယ်။ ဒါကြောင့် ဆင်ခြင်တုံတရားရှိသူတွေက ဒီအစိုးရကို မကြိုက်ဘူး” ဟု ချင်းမိုင်မြို့ရှိ နာမည်ကြီး ဆေးရုံကြီးတခုမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒါဝီးက ဧရာဝတီကို ပြောပါတယ်။
ဒေါက်တာ ဒါဝီးလို ဆရာဝန်၊ အင်ဂျင်နီယာနဲ့ ပညာတတ် အသိုင်းအဝိုင်းတွေထဲမှာ ချင်းမိုင်မြို့ဇာတိ မစ္စ ယင့်လတ် ရှင်နာဝပ်နဲ့ ဖွေ့ထိုင်းပါတီကို ဇာတိစွဲအရ ထောက်ခံသူတချို့ ရှိပေမယ့် နောက်ပိုင်းမှာတော့ လျော့နည်းလာတယ်လို့ သူက ဆက်ပြောပါတယ်။
ချင်းမိုင်ခရိုင် ရှပ်နီလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်တဲ့ မစ္စတာ စူလဖုန်ကတော့ ဖွေ့ထိုင်းပါတီက ဆင်းရဲသားတွေရဲ့ ဘဝကို ကယ်တင်ရှင်ဖြစ်ပြီး တချိန်က အငှားတက္ကစီ မောင်းသူဘဝက သက်ဆင်အစိုးရ ကျေးဇူးနဲ့ ယခုအခါ အရစ်ကျ ငွေပေးသွင်းစနစ်နဲ့ ကိုယ်ပိုင် တက္ကစီမောင်းသူ ဖြစ်လာတယ်လို့ ဧရာဝတီကို ရှင်းပြပါတယ်။
“ဆုထေ့ပ်တို့ ဒီမိုကရက်တွေ တိုင်းပြည်မှာ အုပ်ချုပ်တုန်းက ကျနော်တို့ အခြေခံ လူတန်းစားတွေအတွက် ဘာလုပ် ဆောင်ပေးခဲ့လို့လဲ၊ ကျနော်တို့ဘဝတွေ တိုးတက်ဖို့ အခုဖွေ့ထိုင်းပါတီက အများကြီးလုပ်ပေးနေတယ်” လို့ သူက ပြောပါတယ်။
ယခင် ဒီမိုကရက် ပါတီခေါင်းဆောင်တွေဟာ ပါတီမူဝါဒပိုင်းမှာ လူများစု ဆင်းရဲသားတွေအပေါ် ဂရုစိုက် လုပ်ဆောင်ခဲ့မှုတွေ အားနည်းခဲ့လို့ သက်ဆင်နဲ့ ရှပ်နီတွေက ဒါကို သိပြီး လူဆင်းရဲ အများစုအကြိုက် ဟောပြော စည်းရုံးမှုတွေနဲ့ ဖွေ့ထိုင်းပါတီက ထိုင်းနိုင်ငံရေးလောကထဲ ရောက်လာတာလို့ ဒေါက်တာ ဒါဝီးက ရှင်းပြပါတယ်။
“သက်ဆင် လက်ထက်ကတည်းက ပုဂ္ဂိုလ်ရေးအတွက် ဆင်းရဲသားတွေကို မဲဆွယ်စရာအဖြစ် နိုင်ငံတော်စီမံကိန်းတွေ၊ နိုင်ငံတော် ငွေကြေးတွေကို အသုံးချတာ” ဟု သူက ဆိုသည်။
ဒါ့အပြင်သူက မစ္စတာ သက်ဆင် တည်ထောင်ခဲ့တဲ့ ဖွေ့ထိုင်းပါတီဟာ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့အရေး အခြားပါတီ အမတ်တွေကို ငွေနဲ့ဝယ်ပြီး စုစည်းခဲ့တာဖြစ်လို့ ဒါဟာ နိုင်ငံရေးကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်တာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။
အခု ဖြစ်ပွားနေတဲ့ ထိုင်းဆန္ဒပြမှုတွေဟာ မြန်မာနိုင်ငံနဲ့လည်း ဆက်စပ်တယ်လို့ ဒေါက်တာ ဒါဝီးက ဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ဝန်ကြီးချုပ် ရာထူးကို အသုံးချပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ကုမ္ပဏီစုကြီးနဲ့ မြန်မာနိုင်ငံက ဝန်ကြီးချုပ် ဦးခင်ညွန့်တို့ ပူးပေါင်းပြီး ဦးခင်ညွန့်သားသူရဲ့ ပုဂံ ဆိုက်ဘာတက်ခ် အင်တာနက် ကုမ္ပဏီကို လုပ်ဆောင်ခဲ့တဲ့ ကိစ္စကိုလည်း ဆန္ဒပြသူတွေက ထောက်ပြနေကြတယ်လို့ သူက ဆိုပါတယ်။
အဲဒီလုပ်ငန်းတွေက နိုင်ငံကို ပေးဆောင်ရမယ့် အခွန်ငွေတွေကိုလည်း ထိုင်းနိုင်ငံက မရခဲ့ဘဲ သက်ဆင်မိသားစုဟာ ကိုယ်ကျိုးစီးပွား အတွက်သာ လုပ်ဆောင်ခဲ့ပြီး အပြန်အလှန် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေနဲ့ ဆန္ဒပြသူတွေက ထောက်ပြနေကြတာလို့ ဒေါက်တာ ဒါဝီးက ဆိုပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် သက်ဆင်ဟာ အိမ်နီးချင်းက နိုင်ငံတော် လူဆိုးတွေဖြစ်တဲ့ ဟွန်ဆန်တို့၊ ခင်ညွန့်တို့လို လူတွေနဲ့ ပလူးပလဲဖြစ်ခဲ့တယ်။ ဝန်ကြီးချုပ်အမည်ခံ ယင့်လတ်က အစ်ကိုဖြစ်သူ တရားခံပြေး အလိုကျ အားလုံးကို လိုက်လုပ်နေတာတွေကို ဆန္ဒပြသူတွေက မကျေနပ်ကြတာပါပဲ” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒက်ကတော့ ဒီဇင်ဘာလ ၅ ရက်နေ့က ကျရောက်တဲ့ ၈၆ နှစ်မြောက် မွေးနေ့ မိန့်ခွန်းမှာ တိုင်းပြည်မှာ ညီညီညွတ်ညွတ်ရှိကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အခုလို ဝန်ကြီးချုပ်ရာထူး ဆက်လက်ယူထားတဲ့ မစ္စယင့်လတ်အစိုးရနဲ့ ဆက်လက်ဆန္ဒပြနေတဲ့ ထိုင်းနိုင်ငံရေး လွန်ဆွဲပွဲအခြေအနေက ၂ ဖက်တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး လမ်းစ အခုအထိ မပေါ်သေးဘဲ အခြေအနေဟာ ပိုမိုရှုပ်ထွေးဖွယ် ရှိနေတယ်လို့ လေ့လာသူတချို့ကလည်း သုံးသပ်ကြပါတယ်။
“နှစ်ဘက် ညှိနှိုင်းပြီး လတ်တလော အဖြေထွက်မယ့် လမ်းစ မပေါ်သေးဘူး။ အကျိုးဆက်ကတော့ ထိုင်းဘတ်ငွေ တန်ဖိုး ကျလာပြီး နိုင်ငံခြား ခရီးသည်တွေက မြန်မာနဲ့ ကမ္ဘောဒီယားဘက်ကို သွားကုန်ကြတယ်။ ဒီတော့ ထိုင်းအတွက် ဒီလို ကမ္ဘာလှည့် ခရီးသွားရာသီမှာ ဝင်ငွေထိခိုက်တာ အမှန်ပါပဲ” ဟု ချင်းမိုင်အခြေစိုက် ကမ္ဘာလှည့် ခရီးသွား ဂျေင်စီ တခုက မစ္စတာ ဖုန်ဖရက ဆိုသည်။