တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အငြိမ်းစားယူတော့မည် ဆိုသည့် သတင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိနေသည်။
ထိုသတင်းထွက်ပေါ်မှုကြောင့် တိုင်းရင်းသားများ ရေးဆွဲနေသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ကာကွယ်ရေး ဦးစီးချုပ်အပြင် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ကိုပါ ပါဝင် လက်မှတ်ထိုးနိုင်ရန် စီစဉ်ထားကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက ပြောသည်။
“အခုက ပထမတော့ ကာချုပ်လက်မှတ်ထိုးဖို့ပဲ လုပ်ထားတာပါ။ အခုတော့ ဒုကာချုပ် ကိုပါထည့်မယ်။ ကာချုပ်က နားမှာကို။ ဒီတော့ သူထိုးပြီးနောက် သူမပါရင် သူကမသိဘူးလုပ်မှာစိုးလို့ ဒုကာချုပ်ပါ လက်မှတ်ထိုးခိုင်းမလို့ လုပ်နေတယ်”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT) အဖွဲ့ဝင် ဦးခွန်ဥက္ကာ က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတ ဖြစ်လာနိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်များက ပြောဆိုနေကြသည်။
ကာချုပ်အပြောင်းအလဲ လုပ်မည်ဆိုသော သတင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တချို့၏ စစ်ရေးပိုင်း လုပ်ဆောင်မှု တချို့ကို ပြန်လည် စိစစ်နေကြောင်းလည်း သိရသည်။
“သူတို့ဘက်က အပြောင်းအလဲ လုပ်မယ်ဆိုတဲ့ သတင်းထက် နောက်တက်လာမယ့် ကာချုပ်က ဘယ်လိုလည်းဆိုတာ မသိတော့ စစ်ရေးက ဘယ်လိုမှန်းမသိဘူး။ ဒီတော့ ပြင်ဆင်မှုပိုင်းတွေတော့ တတ်နိုင်သလောက် စဉ်းစားကြရတာပေါ့”ဟု တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့မှ တပ်မဟာမှူး တဦးက ပြောသည်။
လက်ရှိတွင် အဆိုပါအပြောင်းအလဲမှာ အပစ်အခတ်ရပ်စဲရေးအပေါ် ရိုက်ခတ်မှုမရှိစေရန် တိုင်းရင်းသား များဘက်မှ ဆောင်ရွက်နေကြပြီး ပျော့ပြောင်းသည့် တိုင်းပြည်ချစ် တပ်မတော်သား တဦး နေရာရလာရန် မျှော်မှန်းကြောင်း ဦးခွန်ဥက္ကာ က ပြောဆိုသည်။
လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် အနားယူပါက ၎င်းနေရာတွင် ဒု ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်လာရန် ဖြစ်နိုင်ခြေ အများဆုံးဟူသော သတင်းလည်း တိုင်းရင်းသား အဖွဲ့များကြား ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“အစဉ်အလာကတော့ အဘစိုးဝင်းရဖို့ များတာပေါ့။ သို့သော် ဘာဖြစ်မလဲ။ ကိုယ်တွေလည်း ဘယ်လိုစခန်းသွားရမလဲ ဆိုတာတော့ မသိဘူး။ အဘ မင်းအောင်လှိုင် နားမယ်ဆိုတာကတော့ ပြောရရင် ဟုတ်တယ်။ တရားဝင် တိတိကျကျ မသိသေးပေမယ့် နားမယ် ဆိုတာမှန်တယ်။ တချို့ကိစ္စတွေကို အဘစိုးဝင်းကို လွှဲထားနေပြီ။ ဘာတွေဖြစ်မလဲတော့ မသိသေးဘူး။ ထုတ်ပြန်ဖို့ကတော့ တပ် သဘောမှာ အဲဒါတွေမရှိဘူး”ဟု အမည်မဖော်လိုသော စစ်ဘက်ဆိုင်ရာ အရာရှိကြီးတဦးကလည်း ဧရာဝတီသို့ ပြောကြားသည်။
သို့ရာတွင် ယခု ဖြစ်ပေါ်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူမည်ဟူသော သတင်းနှင့် ပတ်သက်ပြီး ဧရာဝတီက အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် တာဝန်ကို ထမ်းခဲ့သူ ဖြစ် သည်။ ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ် ၁၉ ကျောင်းဆင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရမည်ဖြစ်သည်။
မကြာသေးမီက ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် TRUE သတင်းဂျာနယ်တွင် တပ်မတော်အနေဖြင့် စစ်အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ချမှတ်ထားသည့်အတိုင်း တပ်ကို ဆက်လက်တည်ဆောက်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ရေးသားခဲ့သောကြောင့် နိုင်ငံရေးစောင့်ကြည့်လေ့လာသူများ၊ တိုင်းရင်းသားများနှင့် သံတမာန်အသိုင်း အဝိုင်းကြား မြန်မာ့တပ်မတော်သည် အာဏာရှင်ဟောင်း၏ အရိပ်အောက်မှ ရုန်းမလွတ်သေး သလောဟု မေးခွန်းထုတ်စရာ ဖြစ်ကုန်ကြသည်။
ယင်းသတင်းတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးအစည်းအဝေးခန်းမတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီမိုကရေစီတို့ ငြိမ်းချမ်းရေးတို့ ဆိုတာက အာဏာခွဲဝေဖို့အတွက် မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုးတက်စေဖို့အတွက် ငြိမ်းချမ်းရေး ယူတာ ဖြစ်ပါတယ်။ ကြောက်လို့လည်း မဟုတ်ဘူး။ ဘယ်သောင်းကျန်းသူကိုမှ မတိုက်နိုင်စရာ အကြောင်းလည်း မရှိပါဘူး။ မတိုက်ရဲစရာ အကြောင်းလည်း မရှိပါဘူး” ဟု ပြောဆိုကြောင်း ရေးသားထားသည်။
လက်ရှိတွင် တိုင်းရင်းသားများက ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေးကို တောင်းဆိုလျက်ရှိပြီး အဆိုပါအချက်နှင့်ပတ်သက်၍ တပ်မတော်က လက်ခံနိုင်ရန် အလှမ်းဝေးနေပုံရသည်။
“တိုင်းရင်းသားတွေပေါင်းတဲ့ ဖက်ဒရယ် တပ်ကတခု၊ တပ်မတော်က တခုဆိုတာတော့ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ထိပ်တိုက်တွေ့နေမှာပဲ။ ဒီတော့ တပ်မတော်ကို ဘယ်လိုပေါင်းစည်းမလဲ၊ ဒါက စဉ်းစားရပါမယ်။ ဘယ်လိုလုပ်မလဲ၊ တပ်မတော်အနေနဲ့ ဒီလိုပြောင်းလဲ မှာကို စိုးရိမ်ပြီး မကြောက်ဖို့ လိုပါတယ်။ ဒီလိုဖြစ်တာက နိုင်ငံတကာမှာလည်း ရှိပါတယ်။ လက်ခံဖို့လိုတယ်”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောသည်။
ဖက်ဒရယ် တပ်မတော်ကိစ္စနှင့်ပတ်သက်၍ မည်သည့်မူဖြင့် ပေါင်းစည်းရန်အတွက်ကိုမူ မစဉ်းစားရသေးကြောင်း၊ သို့သော်ပြင်ဆင် ရေးနှင့်ပတ်သက်၍ နိုင်ငံရေးမူဘောင်တွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားများက ပြောသည်။
ထို့အပြင် NCCT ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးကို ထည့်သွင်းထား သည့်အပေါ် အစိုးရဘက်မှ လက်မခံဘဲ ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စရပ်ဟုသာ သုံးစွဲရန် ထောက်ပြထားကြောင်း သိရ သည်။
“သဘောထား တင်းမာတာ၊ မတင်းမာတာထက် အပြောင်းအလဲမှာ ကျနော်တို့ တိုင်းရင်းသားတွေ မနစ်နာဖို့ လိုပါတယ်။ ဒီတော့ စစ်ရေး တင်းမာလွန်းရင်တော့ စစ်ပွဲတွေရှည်နေမှာပဲ။ ငြိမ်းချမ်းမှာ မဟုတ်ဘူးပေါ့။ စစ်သားဆိုတာ စစ်ကို လိုလားတယ်ဆိုတာက မှန်တယ်၊ စစ်တိုက်ချင်တာကိုး။ သို့သော် ကိုယ့်အမျိုးအချင်းချင်း သတ်ဖြတ်မှ ကျေနပ်သူ မဖြစ်ဖို့တော့ လိုပါတယ်”ဟု တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။