အရိပ်တခုအောက်၌ ခိုလှုံခြင်း

ယုဒါ

This article has been converted from Zawgyi One to Unicode

တခုသော ရုံးပိတ်ရက်က အင်တာနက် သတင်းများထဲမှ သတင်းတပုဒ်ကို ဖတ်ခဲ့ရသည်။ မြန်မာနိုင်ငံမှ အမျိုးသမီး အိမ်အကူ များ ဟောင်ကောင်တွင် သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပြုမည့် သတင်းဖြစ်ပါသည်။ အိမ်အကူ တယောက်၏ တလအတွက် လစာကို မြန်မာငွေ လေးသိန်းခွဲ ဝန်းကျင်ပေးမည်ဟု ဆိုပါသည်။ ရရှိမည့် လစာက လက်ရှိ အိမ်အကူ လုပ်နေသူတွေ မပြောနှင့် ကျမတို့လို ရုံးဝန်ထမ်းပင် ထွက်လုပ်ချင် လောက်သည့် ပမာဏ ဖြစ်၏။ အိမ်အကူဆိုတော့ ထုံးစံအတိုင်း ထမင်းကျွေး၊ စားရိတ်ငြိမ်း ဖြစ်လိမ့်မည်။ အလုပ် လုပ်ကိုင်ခွင့် ရဖို့အတွက် ပို့ပေးသည့် ကုမ္ပဏီက တလ ဒေါ်လာ ၃၆၀ နှုန်းဖြင့် ခြောက်လ ဖြတ်ယူမည်ဟု ဆိုသည်။ လုပ်ငန်းတွင် အဆင်ပြေစေရန် အခြေခံ ဘာသာစကားကို နှစ်လ သင်တန်းပေး တက်ရောက် စေမည်တဲ့။

ဆိုတော့ …။ ထိုသတင်း မှန်ကန်ဖြစ်မြောက် ခဲ့လျှင် ပြည်ပသို့ အိမ်အကူဘဝဖြင့် သွားရောက် အလုပ်လုပ်လိုသူတွေ အမြောက်အမြား ထွက်ပေါ် လာတော့မည်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်နှင့် သန်စွမ်းကြသူတွေ အတွက် အခွင့်အရေး ထူးကြီးဟု ဆိုနိုင်လောက်၏။ အတန်းပညာ တတ်သည်ဖြစ်စေ၊ မတတ်သည် ဖြစ်စေ အလုပ်လုပ်သူတိုင်း မည်သူမဆို လစဉ် ပုံမှန်ဝင်ငွေ များသည်ထက် များချင်ကြသည်။ ဒီအတွက်ပင် ဆင်းရဲချမ်းသာ မရွေး ပြည်ပတွင် အလုပ်လုပ်ကြသည်။ ပျော်၍ သွားခြင်းကား မဟုတ်။ ငွေပို ရလို၍ သွားနေကြခြင်းသာ ဖြစ်၏။ ပြည်ပသို့ ငွေနှင့် ပညာအတွက် မဟုတ်လျှင် ခဏခေတ္တ အလည်အပတ် လောက်သာ သွားချင်သူ ရှိ၏။ မည်သူမျှ နှစ်ပေါင်းကြာရှည် မနေလိုကြ။ ထို့အတွက် ပြည်ပနိုင်ငံများ၌ အလုပ် သွားလုပ်ကြ သူများကို အပြစ်တင်စရာ မရှိ။ သနားကြင်နာစိတ်ဖြင့် ကြည့်ဖို့သာ ရှိပါ၏။ ငွေအတွက် အလုပ် လုပ်ရတာချင်း အတူတူ အိမ်အကူဘဝဖြင့် တိုင်းတပါး၌ အလုပ်လုပ်ကြရသည့် ဘဝမှာ အတော် ဆိုးပေလိမ့်မည်။ ကျမက အိမ်အကူ ဆိုသည့် အမျိုးသမီး ကြီး၊ ငယ်များ၏ ဘဝနှင့် ခံစားချက်တို့ကို အများထက် ပို၍ စိတ်ဝင်စားသူ ဖြစ်ရာ ထိုသတင်းကြားတော့ အလွန်ပင် စိတ်ဝင်စားခဲ့ရ၏။ စင်စစ် ဟောင်ကောင်တွင်သာ မဟုတ်။ တခြားသော ပြည်ပနိုင်ငံများသို့ အိမ်အကူဘဝဖြင့် လူမသိ သူမသိ ရောက်နေသော မိန်းကလေးများ အရင်ကတည်းက ရှိနှင့်ပြီးသား ဖြစ်၏။ အခုလို ထင်ထင်ရှားရှား တရားဝင် ကုမ္ပဏီများဖြင့် သွားရောက်ခဲ့သည့် အစီအစဉ်မဟုတ်။

အခုတော့ သူတို့ ထင်ထင်ပေါ်ပေါ် သွားကြရှာတော့မည်။ သူတို့ ဘယ်အိမ်တွေကို သွားမှာပါလိမ့်။ အဆင်မှ ပြေနိုင်ပါ့မလား။ တစုံတရာ ပြဿနာဖြစ်၊ အတိဒုက္ခ ရောက်ခဲ့ပါသော် ဘယ်အဖွဲ့အစည်းက ကူညီမှာလဲ၊ ဘယ်ကိုသွားရောက် တိုင်းတန်း ရမှာတဲ့လဲ။ ကူညီလိုသူများ ရှိသည့်နေရာသို့ သွားနိုင်စွမ်းသည့် အရည်အချင်းရော သူတို့မှာ ရှိကြမှာလား။ သူတို့ဘဝကို ဘယ်သူတွေက ဘယ်အတိုင်းအတာအထိ အာမခံချက်ပေး၍ ကာကွယ် စောင့်ရှောက်ကြမှာတဲ့လဲ။

လဲ … လဲ … လဲ။ ကျမတယောက်တည်း မေးခွန်းများစွာ မေးလိုက် ဖြေလိုက် လုပ်ရင်း တွေးမဆုံးအောင် ဖြစ်နေမိခဲ့သည်။ မိမိ သွေးသားရင်းချာ မဟုတ်သော သူစိမ်း မိသားစု၏ အရိပ်ကို ခိုလှုံရင်း အလုပ်လုပ်ကိုင်နေကြသော အိမ်အကူ အမျိုးသမီးများ၏ ခံစားချက်နှင့် ဘဝများကို ကျမ နှစ်ပေါင်းများစွာ လေ့လာကြည့်ခဲ့ဖူးသည်။ သူတို့ ရင်ဖွင့်စကားတွေကို ကျမနှလုံးသားဖြင့် ကြိမ်ဖန်များစွာ လှိုက်လှိုက်လှဲလှဲ ကြားနာဖူးခဲ့သည်။

နိုင်ငံခြား တိုင်းတပါးသား မိသားစု၏ အရိပ်ကို မပြောပါနှင့်ဦး။ မေတ္တာကြီးမား လှပါသည်ဆိုသော မြန်မာ ဗုဒ္ဓဘာသာ မိသားစု များ၏ အရိပ်အောက်တွင်ပင် သူတို့ဘ၀ မငြိမ်းချမ်းနိုင်ကြ။ အရိပ်ဆိုရာတွင် ဘုရားရိပ်၊ တရားရိပ်၊ မိဘရိပ်၊ မိသားစုဝင် သွေးသား တို့၏ အရိပ်ထက် အေးမြသော အရိပ်ကား မရှိ။ လူမှန်သမျှ အေးမြသော အရိပ်အောက်၌သာ ခိုလှုံချင်ကြသော်လည်း အကြောင်းကံ မကောင်းသူတို့မှာ သူစိမ်း တရံဆံတို့၏ အရိပ်တွင် ခိုလှုံနေကြရ၏။ သူတို့ကား တပါးသော မိသားစု အတွင်း အကြောင်း အမျိုးမျိုးဖြင့် အလုပ်လုပ်ကိုင်ကြရသည့် အိမ်အကူများ ဖြစ်လေသည်။

မေတ္တာတရား လက်ကိုင်ထားလျှက် ပါးရည်နပ်ရည်ရှိသော မိသားစုအတွင်း ရောက်ရှိသွားသော အိမ်အကူ တယောက်၏ ဘ၀ သည်ပင် ပျော်ရွှင်ဖွယ် နေ့ရက်တို့ ရှိခဲလှ၏။ အိမ်အကူ တယောက်၏ အလုပ်လုပ်ချိန်သည် ပြင်ပအလုပ်သမား တယောက် ကဲ့သို့ အတိအကျ မရှိ။ ပုံမှန်အားဖြင့် အိမ်အကူ မှန်လျှင် မနက် ငါးနာရီ ဝန်းကျင်မှ ည ဆယ်နာရီ ကျော်သည်အထိ အိမ်ရှင် မိသားစုအတွက် အချိန်နှင့် လုပ်အားတို့ကို ပေးဆပ်ရ လေသည်။ အနည်းငယ် စာနာတရား ရှိသူတွေက အိမ်အကူများ အပေါ် ဝိုင်းလုပ် ဝိုင်းစားဟု သတ်မှတ်ထားလျှက် ဝိုင်းလုပ်ခွင့် ပေးကာ ဝိုင်းစားခွင့် ပေးခဲလှ၏။ အိမ်အကူတယောက်၏ အလုပ်ချိန်ကို အိမ်ရှင် မိသားစုက ဆယ်နာရီအထက်သာ ယူလေ့ရှိကြသည်။

ဆယ်နာရီ နောက်ပိုင်း အချိန်များအတွက်လည်း သဒ္ဓါကြေးလေး သော်မှ အပိုဆောင်း မပေးချင်ကြ။ နားရက်ဟူ၍ တပတ် တရက် မပြောနှင့် တလကုန်သော်မှ နေ့တဝက် လောက်ပင် လစာမဲ့ နားခွင့် မပေးတတ်ကြ။ နေစရာပေး၊ ထမင်းကျွေး စရိတ်ငြိမ်း ဟူသော အခွင့်အရေးထူးကြီး သည်ပင် များလွန်းလှပြီဟု နှစ်ဦးနှစ်ဘက် အောက်မေ့နေကြရ လေသည်။ အိမ်ရှင် မိသားစုများ၏ မျက်နှာများကို ကြည့်၍ တအိမ်လုံး စားသောက်ပြီးမှ စားခွင့်ရသည့် ထမင်းတနပ်စီ အတွက်ပင် အိမ်အကူများက ကျေးဇူးတင်နေရ၏။ မိုးလင်းကမိုးချုပ် ခြေရောလက်ပါ လှုပ်ရှားနေရသည့် အိမ်အကူ အမျိုးသမီးများ၏ မကောင်းကြောင်းကိုသာ အိမ်ကြီးရှင်များက မြိန်ရည်ရှက်ရည် ပြောဆိုလေ့ ရှိကြသည်။ စရိတ်ငြိမ်း ဟူသော လှလှပပ ခေါင်းစဉ်တခု အောက်ဝယ် အိမ်အကူ အမျိုးသမီးများသည် ခံစားချက် မှန်သမျှကို သိုဝှက် သိမ်းဆည်းလျှက် သူစိမ်းတရံဆံ များ၏ ဆန္ဒနှင့် အဆင်ပြေ ကိုက်ညီအောင် အရာရာကို သည်းခံနေကြရသည်သာ ဖြစ်၏။

သူတို့ ဘာကိုမှ တောင့်တလိုချင်၍ မရ။ ရင်ထဲရှိသည့်အတိုင်း အမှန်တရားကို ဖော်ထုတ်ပြောဆိုခွင့် မရှိ။ မိသားစုဝင်တိုင်း၏ ဆန္ဒနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်တတ်သည့် အတတ်ပညာကို သူတို့ တတ်မြောက် ထားရသေး၏။ နေမကောင်း လျှင်ပင် နေကောင်းဟန် ဆောင်၍ တာဝန်ကျေအောင် လှုပ်ရှား လုပ်ကိုင်နေရ၏။ နေမကောင်းလွန်း သဖြင့် ဘုန်းခနဲ လဲကျ ခါမှသာ လဲလျောင်း နားနေခွင့်အတွက် ကြည်ဖြူနိုင်ကြ၏။ ရက်အတော်ကြာ နေမကောင်း ဖြစ်နေလျှင်မူ ရွာပြန်၍သာ နားလိုက် ပေတော့။ ရှေးယခင်က ကျမတို့ မြန်မာလူမျိုးများသည် ဘုရား၊ ကျောင်းကန်ဇရပ်၊ တန်ဆောင်းများ ဆောက်လုပ်ပေးခြင်း၊ သစ်ပင်များ စိုက်ပျိုး၍ အလှူပေးခြင်းတို့ကို မွန်မြတ်သော ကုသိုလ်အလုပ် တခုအဖြစ် လုပ်ဆောင်လေ့ ရှိခဲ့သည်။ မြန်မာစရိုက်၏ ဓလေ့သည် လူအများကို နေစရာ အရိပ် ပေးရခြင်းအပေါ် ပျော်မွေ့နှစ်သက် ဂုဏ်ယူတတ်သည့် သဘောရှိ၏။ မေတ္တာတရား အားကောင်းသော ရှေးမြန်မာများက လူတဦးချင်းစီ အတွက်ဖြစ်စေ၊ လူအများ အတွက်ဖြစ်စေ စေတနာ သက်သက်ဖြင့် အရိပ်များ ပေးဝေလေ့ ရှိခဲ့ပါသည်။ ယနေ့ခေတ်တွင်လည်း အရိပ်ပေးလိုကြသည့် စေတနာရှင် များစွာရှိပါသေးသည်။

သို့သော် အရိပ်တခု၏ အောက်ဝယ် ခိုလှုံလာကြ သူများအပေါ် တန်ရာတန်ကြေးထက် ပိုလိုချင်ကြသော ဓနရှင်များ ဖြစ်လာ ကြသည်ကမူ ဝမ်းနည်းဖွယ် ကောင်းလှပေ၏။ အရိပ်တခု ပေးရာဝယ် သူ့ဘက်က အဆင်ပြေဖို့ထက် ကိုယ့်ဘက်က အဆင်ပြေဖို့သာ ရည်မှန်းသော စောင့်ရှောက် ပေးဝေခြင်းမျိုး မဖြစ်သင့်။

တလောဆီက ကျမ၏ တူမ ဝမ်းကွဲလေးတယောက်ကို ရန်ကုန်မြို့ရှိ နာမည်ကြီး ကုမ္ပဏီတခုတွင် နေစရာပေး တလ အခြေခံ လစာငွေ ငါးသောင်းဖြင့် အလုပ်တခု သွင်းပေးခဲ့သည်။ နယ်ကဖြစ်၍ နေစရာပေးသည့် အလုပ်ကိုသာ ရွေးချယ်ခွင့် ရပါသည်။ အလုပ်ချိန်ကို မနက် ၉ နာရီမှ ညနေ ၅ နာရီဟု ကျမတို့ သိရှိထားခဲ့၏။ တပတ်လျှင် တရက်နားခွင့်ရှိသည် ဆိုပါသည်။ သို့သော် ဘယ်နေ့ ဘယ်ရက်ဟု ရေရေရာရာ မရှိဘဲ အလျှဉ်းသင့်သလို အလုပ်ဆင်းနေရသည်မှာ ၆ လ ကျော်သွားခဲ့သည် အထိ တိတိကျကျ နားရက်မရခဲ့။ ကျောတနေရာစာ ပေးထားသဖြင့် နေ့စဉ် အိမ်ပြန်သူတွေလို ညနေ ၅ နာရီ အတိအကျ ပြန်ခွင့်မရ။ ၆ နာရီနှင့် ၇ နာရီကြားမှာသာ အဆောင်ပြန်ခွင့် ရ၏။ အလုပ်ဆင်းချိန် ၅ နာရီ မဟုတ်လားဟု မည်သူမျှ ပြန်မမေးရဲ။ တခါတရံ ညရေးညတာ  အလုပ်ကိစ္စပေါ်၍ ခေါ်ခိုင်းလျှင်ပင် အလုပ်ဆင်းပေး ရသေး၏။ တလတခါ ဆွေးမျိုးသားချင်း များထံ သွားရန် အပြင်ထွက် အပ်လို၍ ညနေအလုပ် ပုံမှန်ဆင်းချိန် သွားလိုသော် မကြည်မဖြူ ဖြစ်ကြ လေသည်တဲ့။

အလုပ်ရှင် သူဌေးများသည် ကျောတနေရာစာ နေရာနှင့် အရိပ်ပေးထားသည့်အတွက် ဝန်ထမ်းများက ကျေးဇူးတရားကို ထောက်ထားရသည့် သဘောဖြစ်၏။ ထိုအလုပ်ရှင်များကား လုပ်သား၏ အချိန်ကို မတရားသဖြင့် ခိုးယူသူများဟုသာ ကျမ သတ်မှတ်မိသည်။ သို့သော် ထိုသို့သော လုပ်ငန်းခွင်မျိုး အမြောက်အမြား ရှိနေလေသည်။ စင်စစ် လူတဦး တယောက်၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ဘယ်လိုကျေးဇူးတရားမျိုး နှင့်မှ ထိန်းချုပ် အပိုင်စီးခြင်းမျိုး မဖြစ်သင့်။ ဆိုက်ကားသမား ဖြစ်စေ၊ ပဲပြုတ်သည် ဖြစ်စေ၊ ဌာနဆိုင်ရာ အရာရှိကြီး ဖြစ်စေ၊ ဘီလျံနာ သူဌေးကြီး ဖြစ်စေ ကိုယ်ပိုင် လွတ်လပ်ချိန်နှင့် အနားယူမှု တို့ကို မဖြစ်မနေ လိုအပ်လျှက် ရှိကြောင်း လူတိုင်း သိနားလည်သင့်၏။

တခါတရံ မဟုတ်သော ပေးဆပ်မှုမျိုးဖြင့် လုပ်သားက အလုပ်ရှင်၏ ဆန္ဒကို ဖြည့်ဆည်းပေး နေရလျှက် တခါတရံမျှသော လုပ်သား၏ ဆန္ဒကို အလုပ်ရှင်က ဖြည့်ဆည်းမပေးလိုခြင်း၌ မည်သူ့ကို အပြစ်တင်ဆို သင့်ပါသနည်း။ ဘွဲ့ရ ခေတ် ပညာတတ်ဟု ခေါ်သည့် အလုပ်သမားတို့ အပေါ်ပင် ဤသို့ဤပုံ ဂုတ်သွေးစုပ် အမြတ်ထုတ် ချင်ကြသော လုပ်ငန်းရှင်များ ပေါပေါများများ ရှိနေလေရာ ပညာမဲ့၊ အသိုင်းအဝိုင်းမဲ့ အိမ်အကူ အမျိုးသမီးများအပေါ် ကိုယ်ချင်းစာ တရားတို့ဖြင့် အရိပ် ပေးထားသူတို့မှာ လူတသန်းတွင် တယောက်ရှိဖို့ ခဲယဉ်းလှပေသည်။

လူအများစုက အိမ်အကူများအပေါ် ပိုက်ဆံပေး၍ ခိုင်းသည်။ တန်ရာတန်ကြေး ပေးထားသည်။ အလှကြည့်ဖို့ ခေါ်ထားခြင်း မဟုတ်ဟုသာ ခံယူ ကျင့်သုံးကြလေသည်။ ထိုကဲ့သို့ အိမ်ရှင်မျိုး၏ အရိပ်အောက်ဝယ် သူတို့ကြာကြာ မခိုလှုံနိုင်ကြ။ ကိုယ်ချင်းစာ တရားနှင့် မေတ္တာတရားကို ထိုင်သင့်သလို အလျှော့အတင်း ညီညီထားနိုင်သော အခါမျိုး၌သာ သူတို့ ရက်ပေါင်းကြာရှည် ခိုလှုံနိုင် ကြမည်ဖြစ်၏။

တချို့သော အမျိုးသမီးများကမူ မိသားစု စားဝတ်နေရေးအတွက် ဆပ်၍မကုန်နိုင်သော ကြွေးမြီ ကိစ္စများကြောင့် ဝဋ်ကြွေးတခုကို ခံနေရသကဲ့သို့ သူစိမ်းများ၏ အရိပ်ကို ပူလောင်ပြင်းပြစွာ ခိုလှုံနေရ တတ်လေသည်။ ရက်စက် ကြမ်းကြုတ်သော အိမ်ရှင်များ၏ အရိပ်အောက်ဝယ် ဒဏ်ရာ အနာတရများဖြင့် ကြွေးဟောင်း ဆပ်နေရသော အိမ်အကူ များလည်း ရှိသေးသည်။

နားရက်မရှိသော အိမ်အကူ လုပ်သားများ၏ နိစ္စဒူ၀ အလုပ်တို့ကို အိမ်ရှင်များက မျက်စိအောက်၌ မြင်တွေ့နေလျှက်ကပင် မသိကျိုးကျွံ ပြုတတ်ကြ၏။ သူတို့၏ ခဏတာ ပျော်ရွှင်မှုအတွက်ပင် အိမ်ရှင်မိသားစုက အချိန်အနည်းငယ် ပေး၍ ဖန်တီး မပေးလိုကြ။ သို့သော် သူတို့သည် မြန်မာပြည်၏ အရိပ်ခိုခွင့် ရနေရသောကြောင့် နှစ်ဦးနှစ်ဘက် အဆင်မပြေ၍ အလုပ် ဆက် မလုပ်လိုသော် အခွင့်အရေးများစွာ ရပေသေးသည်။ ယုတ်စွအဆုံး လူမသူတော် တဦးဦး၏ အရိပ်အောက် ရောက်သွား စေကာမူ ကိုယ်စွမ်း ကိုယ်စဖြင့် ထွက်ပြေး လွတ်မြောက်နိုင်ပါ လိမ့်မည်။ သူတို့ ကျွမ်းဝင်ရင်းနှီးသော အမိမြန်မာပြည်၏ အရိပ်ကပင် သူတို့အတွက် ကောက်ရိုးတမျှင်မျှသော အင်အားနှင့်ဖြစ်စေ အေးမြစေပါလိမ့်မည်။ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ အကျင့် စရိုက် မတူကွဲပြား ခြားနားသော သူစိမ်း မိသားစုများအကြား ရောက်ရှိပြီးမှ တစုံတရာ အခက်အခဲ ကြုံတွေ့ခဲ့သော် သူတို့ ဘယ်ဆီ ထွက်ပြေးရမည်နည်း။ ကျမက အိမ်အကူ အမျိုးသမီးငယ်များ၏ ဘဝကို စာနာသနားမှုတို့ဖြင့် အစိုးရိမ် ပိုနေမိသူ လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

စင်စစ် သူတို့သည် တိုင်းတပါးမှ သွေးသား မတော်စပ်သော သူစိမ်းတရံဆံ များ၏ အရိပ်အောက်ဝယ် ကိုယ့်အား ကိုယ်ကိုး အလုပ်လုပ်လို သူများ ဖြစ်၍ သတ္တိကောင်းသူ၊ ရဲရင့်သူတို့လည်း ဖြစ်နိုင်ပါသည်။ သို့ပေလျှက် ကျမကတော့ဖြင့် သူတို့၏ အနာဂတ်ကို ပူပင်စွာ တွေးတောကြည့်နေမိမြဲ။ ဘဝပေး အခြေအနေ မကောင်းသဖြင့် ပညာတတ် မဖြစ်ခဲ့ပါသော်လည်း ္ကဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော ပညာတတ် အမျိုးသမီး တယောက်ကဲ့သို့ လိမ္မာယဉ်ကျေးသော၊ စာကောင်းပေကောင်းများကို ဖတ်တတ်သော အိမ်အကူ အမျိုးသမီးငယ်များစွာကို ကျမ တွေ့ခဲ့ဖူးသည်ပဲ။

ဘာပဲဖြစ်ဖြစ် သူတို့၏ ပင်ပန်းဆင်းရဲလှသော ဘဝ၊ ခံစားချက်မဲ့သူ တယောက်ပမာ အရာရာကို သိုဝှက်သည်းခံ နေရသော ဘဝ၊ လူမမြင်ကွယ်ရာ ညအမှောင်ထဲ ရောက်မှ ငိုရှိုက်ခွင့်ရသော ဘဝ၊ သူတို့၏ မလှမပ ဘဝလေးတွေ ပိုမိုလှပ တောက်ပြောင် လာမည်ဆိုလျှင် ရေကြည်ရာ မြက်နုရာသို့ ရှာဖွေသွားရောက်ရ မည်ဆိုတာ ကျမ လက်ခံ နားလည်နိုင်ပါသည်။ သို့ပါသော်လည်း ပွင့်လင်းလွတ်လပ် လာပြီဖြစ်သော ကျမတို့ အမိမြန်မာပြည်၏ အရိပ်ကို အခိုက်အတန့် ကာလတခုမျှ စွန့်ခွာလျှက် နိုင်ငံရပ်ခြားသို့ အမျိုးသမီး အိမ်အကူများ တရားဝင် ပို့ဆောင်ပေးခွင့်ရသူ အကျိုးဆောင်များ အနေနှင့် သူတို့၏ အနာဂတ် ဘဝအတွက် မိမိတို့ ရင်နှစ်သည်းချာ သားသမီးများသဖွယ် သဘောထားကာ၊ ဆွေမျိုးသားချင်ပမာ ရှုမြင် ခံစား၍ ဘက် ပေါင်းစုံမှ ကြိုတင် သုံးသပ်မှု မှန်ကန်စွာ သူတို့ဘ၀ သူတို့အလှများ မပျက်စီးစေဘဲ လုံခြုံစိတ်ချရသော အရိပ်တခု အောက်၌ နွေးထွေးအေးမြ နေစေရန် မေတ္တာရှေ့ထား၍ အကျိုးဆောင်ပေး နိုင်ကြပါစေဟု ဆုတောင်းရင်း …။     ။

Loading