ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ အကျဉ်းထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သူ အကျဉ်းသား ၃ ဦးကို ဖမ်း မိ နိုင်ရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေရေး ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ခိုးမှုဖြင့် ဟင်္သာတအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် သက်ပိုင်စိုး (ခ) အုန်းသီး၊ ထွန်းထွန်းခိုင် (ခ) လဒူနှင့် စစ်ဆေး ဆဲ အချုပ်သားဖြစ်သော ကျော်ဇေယျ (ခ) ဖိုးချိုတို့ ၃ ဦးသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁ နာရီခန့်က ထောင်ဖောက်၍ ထွက် ပြေးလွတ်မြောက်သွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျှက် ရှိသော်လည်း ဖမ်းမိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“သူတို့ကို ဖမ်းမိနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ သူတို့ပုန်းခိုသွားလာနိုင်တဲ့ နေရာအကုန်လုံး ကျနော်တို့အဖွဲ့တွေ ပိတ်ဆို့ရှာဖွေနေတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး အောင်နိုင်မိုးက ဧရာဝတီကို ပြောပြသည်။
ထောင်ဖောက်ပြေးသူ အကျဉ်းသား ၃ ဦး၏ ဓာတ်ပုံများ၊ ကိုယ်ရေးအချက်အလက်များ၊ ပြစ်မှုမှတ်တမ်းများ အားလုံးကို ဧရာဝတီ တိုင်း အတွင်းရှိ ရဲဌာနအသီးသီးသို့ ပေးပို့၍ ဖမ်းဆီးရန် ညွှန်ကြားထားပြီး ကျန်တိုင်းနှင့် ပြည်နယ်အားလုံးရှိ ရဲတပ်ဖွဲ့မှူးရုံးများထံသို့လည်း ဖြန့်ဝေထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
ထောင်ဖောက်ပြေးခဲ့သူ အကျဉ်းသား ၃ ဦးကို ထောင်တာဝန်ရှိသူများက အကျဉ်းထောင်အတွင်း တရားစခန်းဖွင့်လှစ် အသုံးပြုသည့် အမှတ် ၅ အိပ်ဆောင်အပေါ်ထပ်တွင် ချုပ်နှောင်ထားရှိခဲ့ကြောင်း သိရသည်။
၎င်းအကျဉ်းသားများက ၂၁ ရက်နေ့ ည ၁ နာရီခန့်တွင် အိပ်ဆောင်ကြမ်းခင်းနှင့် အောက်ထပ်ရှိ သစ်သားတန်းကိုဖောက်၍ အပြင် သို့ထွက်ခဲ့ပြီး ၁၅ ပေခန့်မြင့်သည့်ထောင်အုတ်ရိုးကို စောင်နှင့်အကျႌများ အသုံးပြု ကျော်တက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထောင်သားများ ထွက်ပြေးသည့် အခြေအနေကို အကျဉ်းထောင်တာဝန်ရှိသူများက နံနက် ၅ နာရီကျမှသာ သိရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။
“ဟင်္သာတမှာတော့ ရဲတွေက လိုက်ရှာပြီး ဖမ်းမိဖို့ကြိုးစားနေကြတယ်။ ဟိုတနေ့ကတော့ အဲဒီ အကျဉ်းသားတွေက သူတို့ခင်မင်တဲ့ အရက်ဆိုင်မှာဝင်ပြီးတော့ ဓားတောင်းတယ်၊ လမ်းစရိတ် တောင်းတယ်လို့ သတင်းကြားတယ်”ဟု ဟင်္သာတမြို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့(HRDP)မှ ကိုကျော်သက်ဦးက ပြောသည်။
အကျဉ်းသား သက်ပိုင်စိုး (ခ) အုန်းသီးမှာ ဟင်္သာတမြို့ရှိ ဘော်ဒါဆောင်တခုအတွင်း ဖောက်ထွင်း ဝင်ရောက်၍ ဆိုင်ကယ်ခိုးမှုဖြင့် ဟင်္သာတအကျဉ်းထောင်၌ ထောင်ဒဏ် ၃ နှစ် ကျခံနေရသူဖြစ်ပြီး ယင်းအမှုတွဲတွင် ပါဝင်သူ ထွန်းထွန်းခိုင် (ခ) လဒူမှာ ထောင် ဒဏ် ၁ နှစ်ကျခံနေရသူ ဖြစ်သည်။ ကျော်ဇေယျ (ခ) ဖိုးချိုမှာ ငါးမွေးမြူရေးစခန်းမှ ကြေးနန်းကြိုးခွေများရောင်းချမှုကြောင့် ဟင်္သာတမြို့နယ်တရားရုံး၌ တရားစွဲဆိုခံနေရဆဲ အချုပ်သားတဦးဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ဧရာဝတီတိုင်း၊ မြောင်းမြခရိုင် အိမ်မဲမြို့မရဲစခန်း အချုပ်ခန်းအား သံဖြတ်လွှဖြင့် ဖောက်ထွင်း၍ အချုပ်သား ၃ ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်များ အရေးယူခံခဲ့ရသည်။