ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် တရုတ် ရေနံပိုက်လိုင်း စီမံကိန်းကို ယခုလကုန်တွင် စတင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းနှင့် ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့ကို ဇန်နဝါရီလ ၃၀ ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း မဒေးကျွန်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းကြည်က ဧရာဝတီကို ပြောသည်။
စီမံကိန်းများ ပြီးစီး၍ လုပ်ငန်းများ လည်ပတ်တော့မည် ဖြစ်သော်လည်း ထိုစီမံကိန်းများ အတွက် သိမ်းဆည်းထားသည့် မဒေးကျွန်းပေါ်ရှိ လယ်ယာမြေများ၊ နွားစားကျက်မြေများ၊ မြေလွတ်မြေရိုင်းများ အတွက် လျော်ကြေး၊ နစ်နာကြေးများ အပြည့်အ၀ သို့မဟုတ် လုံးဝမရသေးသည့် ဒေသခံများ ရှိနေသေးသောကြောင့် ထိုစီမံကိန်း ဖွင့်မည့်ရက်တွင် ဒေသခံများက မိမိတို့ နစ်နာမှုများ အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။
ဦးထွန်းကြည်က “ကျနော်တို့ ဒေသခံတွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေ အတွက် ဖွင့်ပွဲရက်မှာ ဆန္ဒထုတ်ဖော် သွားမှာပါ၊ ဖွင့်ပွဲကို ဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် ဖွင့်ပေးမယ်လို့ သိရပါတယ်” ဟု ပြောသည်။
ကျောက်ဖြူဒေသ၌ တည်ဆောက်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း အပြင် စတင် လည်ပတ်နေပြီ ဖြစ်သော ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့သည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းကို အလေးမထားခြင်းတို့ကြောင့် လူအများ၏ ဝေဖန်မှုများနှင့် ကြုံနေရသည်။
ကျောက်ဖြူ လူမှုကွန်ရက်မှ ဦးထွန်းလွင်က “ရေနံတင် သင်္ဘောကြီးတွေ ရောက်လာရင်၊ မတော်တဆမှု တခုခုဖြစ်ရင် ကျနော် တို့ဒေသရဲ့ မြစ်ချောင်းတွေ ပျက်စီးမယ်၊ ဒီဟာတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူ သဘာ၀ ပတ်ဝန်းကျင် အဖွဲ့တွေက တခုခု ဆောင်ရွက်သွားဖို့ ရှိတယ်၊ တရုတ်တွေဆီကိုလည်း စာတွေ ပေးပို့ပြီး မေးမြန်းထားတာတွေ ရှိပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ရေနံပိုက်လိုင်းနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဖွင့်ပွဲ အတွက် လုံခြုံရေးယူရန် ရဲတပ်ဖွဲ့ဝင် အများအပြားကို မဒေးကျွန်းပေါ်၌ ကြိုတင် ချထားနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စု စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင် တို့သည် မဒေးကျွန်းပေါ်သို့ လာရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံ၍ တယ်လီဖုန်း ၃ လုံးနှင့် ငါးဖမ်းပိုက်ကွန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မဒေးကျွန်း ဒေသခံ ဦးထွန်းကြည်က “တသိန်း တသောင်းဝန်းကျင် တန်ဖိုးရှိတဲ့ တယ်လီဖုန်း ၃ လုံး ပေးတယ်၊ ကျနော့်ကို တလုံး၊ ရွာက ကျောင်းထိုင်ဆရာတော်ကို တလုံး၊ ရပ်မိရပ်ဖတွေကို တလုံးပါ။ ကြာဆံပိုက်လို့ ခေါ်တဲ့ တခုကို ၄၀၀၀ ကျပ်လောက် တန်ဖိုးရှိတဲ့ ငါးဖမ်းပိုက်ကွန်ကိုတော့ တအိမ် တခု ပေးပါတယ်၊ ဒါပေမယ့် ကျနော်တို့ ဒေသမှာ သုံးမရလို့ ပြောတဲ့အတွက် ပြန်ယူသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်၊ အဲဒီအစား ငွေကျပ် သိန်း ၁၀၀ ပေးမယ်လို့တော့ ပြောသွားတယ်” ဟု ဆိုသည်။
တန်ချိန် သိန်းချီ တင်ဆောင်နိုင်မည့် နိုင်ငံတကာ ရေနံတင် သင်္ဘောကြီးများသည် ရခိုင်ပင်လယ်ပြင်ကို နေ့စဉ် ဖြတ်သန်း ဝင်ထွက် သွားလာတော့မည် ဖြစ်၍ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးလာမည်ကို စိုးရိမ်သည်ဟု ဒေသခံများက တင်ပြကြရာ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်၍ စိုးရိမ်ရန် မလိုကြောင်း ဝန်ကြီး ဦးဇေယျာအောင်က ပြောဆိုသွားသည်ဟု သိရသည်။
တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာဖရိက ဒေသတွင်းမှ တင်သွင်းလာမည့် ရေနံစိမ်းများအား ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တဆင့် ယူနန်ပြည်နယ်သို့ ပို့ဆောင်မည် ဖြစ်သည်။ ထိုရေနံပိုက်လိုင်းသည် ကီလိုမီတာ ၇၇၁ မီတာရှည် လျားကြောင်း သိရသည်။
ကျောက်ဖြူဒေသရှိ စီမံကိန်းများအား တည်ဆောက်ရန် ယခင်စစ်အစိုးရ လက်ထက်က သဘောတူညီ လက်မှတ် ရေးထိုးခဲ့ကြပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူ ရေနံပိုက်လိုင်း စီမံကိန်းအား မြန်မာ အစိုးရက ၄၉ ရာခိုင်နှုန်းနှင့် တရုတ် နိုင်ငံက ၅၁ ရာခိုင်နှုန်း ပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရသည် ရေနံပိုက်လိုင်း ဖြတ်သန်းခနှင့် ရေနံစည်များ တင်ပို့မှုအတွက် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂၂ သန်း နှစ်စဉ် ရရှိမည်ဟု သိရသည်။