ထိုင်းနိုင်ငံ တောင်ပိုင်းရှိ တောအုပ်တခုထဲ၌ လူကုန်ကူးခြင်းခံရသည့် မြန်မာနိုင်ငံသား ၇၀ ဝန်းကျင်ကို ထိုင်းအာဏာပိုင်များက ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းတောင်ပိုင်း ချမ်ဖုံမြို့နယ် တောထဲ၌ လူမှောင်ခို ပွဲစားများ၏ စွန့်ပစ်ခြင်းခံရပြီး အစာ မစားရသည်မှာ ၃ ရက်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ထိုသူများထဲမှ လူတချို့သည် အစားအစာများ တောင်းခံရန် နီးစပ်ရာကျေးရွာ တခုသို့ ရောက်လာရာမှ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ကြရကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မန်နေဂျာ အင်တာနက် သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများသည် မေလ ၈ ရက်နေ့ တွင် ၂၈ ဦးနှင့် ၉ ရက်နေ့တွင် ၄၆ ဦး အာဏာပိုင်များ၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှဖြစ်ပြီး၊ ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ရောက်လာကြသူများလည်း ဖြစ်သည်။
ထိုလူကုန်ကူးခံ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရန် ဘန်ကောက်ရှိ မြန်မာသံရုံး အထူးအဖွဲ့ကလည်း မေလ ၁၃ ရက် နေ့တွင် သွားရောက်ရန် စီစဉ်နေကြောင်း သံရုံးအထူးအဖွဲ့မှ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
ယင်းလူကုန်ကူးမှုသည် နှစ်နိုင်ငံ အစိုးရအဖွဲ့များအကြား တရားဝင် ဆောင်ရွက်ရမည့် ကိစ္စုဖြစ်၍ သံရုံးမှ ဝန်ထမ်း တချို့နှင့်အတူ သံရုံး အထူးအဖွဲ့ဝင်များ သွားရောက် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ စကားပြောပြီးမှသာ နောက်ဆက်တွဲ ဆောင်ရွက်ပေးရမည့် အကြောင်းအရာများကို သိရှိနိုင်မည်ဟုလည်း ဦးကျော်သောင်း က ပြောသည်။
ဦးကျော်သောင်းက “မြန်မာတွေကို ထိန်းသိမ်းထားတဲ့ လမ်းကြောင်းဟာ လူမှောင်ခို ဂိုဏ်းကြီးတွေ လုပ်တဲ့နေရာပါ၊ မလေးရှားကိုလည်း သွားလို့ရသလို၊ ထိုင်းတောင်ပိုင်းကိုပါ လာတဲ့လမ်းကြောင်းကြီးပါ၊ လူမှောင်ခိုပို့တဲ့ စခန်းတွေကို အခိုင်အမာ တည်ဆောက် ထားတဲ့နေရာလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုမြန်မာနိုင်ငံသား ၇၀ ဝန်းကျင်ထဲမှ အမျိုးသမီး ၄ ဦးသည် ထိုင်း လူမှောင်ခို ဂိုဏ်းသားများ၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရပြီး ရုပ်ရည်ချောမောသည့် ကလေးမိခင် တဦးကိုလည်း လသားအရွယ် ကလေးငယ်နှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ထိုင်း အာဏာပိုင်များကလည်း ထိုလူမှောင်ခို ဂိုဏ်သားများအား လိုက်လံရှာဖွေနေကြောင်း သိရသည်။
ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအနက် တချို့သည် မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး တချို့သည် ထိုင်းတောင်ပိုင်း၌ အလုပ် လုပ်ကိုင်ရန်အတွက် ပွဲစားများနှင့် ဆက်သွယ်၍ ရောက်လာကြခြင်း ဖြစ်ကာ ပွဲစားခအဖြစ် လူတဦးလျှင် ထိုင်း ဘတ်ငွေ ၇၀၀၀ စီ ပေးဆောင်ခဲ့ရကြောင်း ထိုင်းသတင်းများ၌ ဖော်ပြထားသည်။