မကွေးတိုင်းရှိ ပြည်သူအားလုံး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မဲပေးရန် ဒေါ်အောင်ဆန်းစု ကြည်က မေတ္တာရပ်ခံ လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမကတော့ မေတ္တာရပ်ခံချင်တယ်၊ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲထည့်ပါ”ဟု ပြောသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းရှိ ရေဘေးဒုက္ခသည်များနှင့် တွေ့ဆုံရန် လာသည့် ခရီးစဉ်တွင် မင်းဘူးမြို့နယ် စာတိုက်လမ်း မန်းသီတာ ဟိုတယ်ရှေ့၌ သြဂုတ် ၉ ရက်က ပြည်သူ တထောင်ကျော်နှင့် တွေ့ဆုံကာ မိန့်ခွန်းပြောစဉ် ထိုသို့ မေတ္တာရပ်ခံခြင်း ဖြစ်သည်။
ထို့အပြင် သြဂုတ်လအတွင်း ရွေးချယ်လိုက်သည့် NLD ၏ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ နှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အမည်ကို မကြည့်ဘဲ NLD ကိုသာ မဲပေးရန်၊ ကိုယ်စားလှယ်များ ကောင်းသည်၊ ဆိုးသည်ကို အဖွဲ့ချုပ် က စည်းမျဉ်းစည်းကမ်းများဖြင့် ပြုပြင်သွားမည် ဖြစ်သဖြင့် မစိုးရိမ်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းနှင့် ပတ်သက်၍လည်း NLD မှ ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများကို ပြောင်းရွှေ့မရ သည့် ပိုင်ဆိုင်မှုများနှင့် ဆေးစစ်ချက်များကို တင်ခိုင်းခဲ့ပြီးအောင်မြင်မှသာ ကိုယ်စားလှယ်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။
ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သံသယရှိစရာ ဖြစ်လာပါက NLD နှင့် ပူးပေါင်း ဖြေရှင်းရန် ခံဝန်ချက် လက်မှတ်ထိုးခိုင်းထားသည် ဟုလည်း သိရသည်။
မိသားစုတစုလျှင် ကိုယ်စားလှယ်တဦးသာ လျှောက်ရမည်ဟူ၍လည်း သတ်မှတ်ခဲ့သည်ဟု ဆိုသည်။
မကွေးတိုင်းအတွင်း NLD ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းအပေါ် ပါတီဝင်တချို့က မကျေလည်မှုများရှိပြီး ထိုကိစ္စနှင့် ပတ် သက်၍ပင် တိုင်းအလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးက သြဂုတ်လ ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် ပြောဆိုကာ ပါတီဝင်အဖြစ်မှ နုတ်ထွက် သွားခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ NLD အနေဖြင့် ၅၂ သန်းသော ပြည်သူများ၏ ပြဿနာများကို ဖြေရှင်းပေးမည် ဖြစ်သဖြင့် ကိုယ်စား လှယ် ၁၀၀၀ ကျော်ကိုလည်း ထိန်းသိမ်းနိုင်သည်ကို ပြည်သူများ ယုံကြည်ပါရန် ကတိပြု ပြောဆိုသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “ ၁၈ နှစ် ကျော်တဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး မဲပေးပိုင်ခွင့် ရှိတယ်၊ ကျမ သတိပေးပါရစေ၊ ၁၈ နှစ်အောက် ကလေးတွေက ကိုယ့်ရဲ့မိဘတွေ အစ်ကိုတွေ အစ်မတွေ ၁၈ နှစ်ကျော်တဲ့ ပုဂ္ဂိုလ် တွေကို သားသားတို့ မီမီးတို့ အတွက် မဲပေး ပေးပါ ဆိုပြီး ဆော်သြပါ၊ မဲ တချပ်ချင်း တချပ်ချင်းက အရေးကြီးပါတယ်”ဟုလည်း ပြော ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် စနစ်တခုကို ပြောင်းလဲရန် ၁၉၉၀ ပြည့်နှစ်တွင် အခွင့်အရေးတကြိမ်ရခဲ့ပြီး ပြည်သူများက NLD ကို မဲ ပေး၍ တာဝန်ကျေခဲ့သော်လည်း အာဏာပိုင်များက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သဖြင့် ယခုအခါ ၂၀၁၅ ရွေးကောက်ပွဲတွင် အခွင့်အရေး နောက်တကြိမ်ရခြင်းကို လက်မလွှတ်ကြရန်၊ NLD ကို မဲ ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
NLD အနေဖြင့် ပြည်သူများနှင့် ဆက်ဆံရာတွင် လိမ်လည်လှည့်ဖြားခဲ့ခြင်း မရှိသဖြင့် ယခု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း သည် ရွေးကောက်ပွဲတွင် အနိုင်ရကာ အစိုးရဖွဲ့လိုပြီး တိုင်းပြည်အတွက် လုပ်ပိုင်ခွင့်ရလိုခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က“ပွတ်ကာသီကာ နိုင်တာတော့ မလိုချင်ဘူး၊ အပြတ်အသတ် နိုင်တာပဲ လိုချင်တယ်။ အပြတ် အသတ် နိုင်အောင်လို့ လုပ်ပေးပါ”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေမကောင်းသဖြင့် ပြည်သူများကို မိန့်ခွန်းပြောဆိုရန် စီစဉ်ထားခြင်း မရှိသော်လည်း ဒေါ်အောင် ဆန်း စုကြည် တည်းခိုနေရာ မန်းသီတာ ဟိုတယ်ရှေ့တွင် စကားပြောပေးရန် ပြည်သူ တထောင်ကျော်က လာရောက် တောင်းဆိုခြင်း ကြောင့် မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မင်းဘူးမြို့တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်း ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ NLD တာဝန်ခံများနှင့် တံခါးပိတ် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၁၀ ရက်တွင် မကွေးတိုင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ကန်ပြား နှင့် စေတုတ္ထရာမြို့များရှိ ရေဘေးဒုက္ခသည်များနှင့် တွေ့ဆုံမည် ဖြစ်သည်။
သြဂုတ် ၁၁ ရက်တွင် ပြည်မြို့သို့ ဆက်လက်သွားမည်ဟုလည်း သိရသည်။