“ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ကလည်း အကြံပြု တိုက်တွန်းတာပဲ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ သေဒဏ်ချမှခံထားရတဲ့ မြန်မာ ၂ ဦးအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ပန်ကြားချက်နဲ့ ၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြည်မြို့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါ တယ်။ အဲဒီ လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်ကို ဧရာဝတီသတင်းဋ္ဌာနမှ သတင်းထောက် ကောင်းမြတ်မင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။    ။ လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအတွက် ဘာတွေများ ဆောင်ရွက်ပေးသွားပြီလဲ။ ဘာတွေလုပ်ပြီးသွားပြီလဲ။
ဖြေ ။    ။ မနေ့က ကျနော်တို့ ကော်မရှင်က ထုတ်ပြန်ချက်။ ထုတ်ပြန်ချက်တော့ မဟုတ်ဘူး။ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကို လှမ်း ပြီး အကူအညီတောင်းတဲ့စာပေါ့နော်။ ကျနော်တို့ ဥက္ကဋ္ဌ ဦးဝင်းမြ လက်မှတ်ထိုးပြီးတော့ ထုတ်ပါတယ်။ ကျနော်တို့ အင်တာနက် ဝက် ဘ်ဆိုဒ်မှာလည်း တင်ထားပါတယ်။ ဒီကလေး ၂ ဦးရဲ့ မူ့ခင်းနှင့် ပတ်သက်လို့ စဖြစ်တဲ့အချိန်မှာလည်း ကျနော်တို့ လူ့အခွင့်အရေး ကော် မရှင် အနေနဲ့ စာနဲ့ အကြောင်းကြားပြီး ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ တရားဥပဒေကတော့ ဘယ်မှာပဲ ဖြစ်ဖြစ် မှန်ကန် မျှတရမယ်ဆိုတာ ဘယ်မှာဖြစ်ဖြစ် ကျင့်သုံးရမယ်ဆိုတာ မှန်တယ်လေ။ဥပဒေနဲ့ ပတ်သက်လို့ပေါ့။ မှန်ကန်ရမယ်၊ မျှတရမယ်၊ မြန်ဆန်ရမယ်။ ဒါလေးကို ကျနော်တို့ တောင်းဆိုသွားတယ်။ ဒါပထမစာပေါ့။

နောက်တခါ ကျနော်တို့ သံတမန်ထဲကနေ လိုအပ်သလို ဝင်ရောက်ဆောင်ရွက်ခွင့်တွေ ညှိနှိုင်းပေးပါဆိုပြီးတော့ ပြောတာပေါ့နော်။ ဒါ တွေ လုပ်ခဲ့တယ်။ ဒီလုပ်ငန်းစဉ်တွေကတော့ ပြီးခဲ့တဲ့ တရားရုံးရဲ့ ဆောင်ရွက်မှု အဆင့်ဆင့်တွေမှာတော့ အထိုက်အလျောက် အဆင် ပြေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါတော့ ဟိုဘက်အပိုင်းပေါ့နော်။ ဒီဘက်အပိုင်းမှာတော့ ဒီဖြစ်စဉ်အပေါ်မှာ ကျနော်တို့ ကော်မရှင် က တော်တော်လေး အံ့အားသင့်ပါတယ်။ မမျှော်လင့်ဘဲ ဒီလိုဆုံးဖြတ်လိုက်တဲ့အပေါ်မှာ တော်တော်လေးလည်း ကျနော်တို့ အံ့အားသင့် ပါတယ်။ သို့သော် ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ တစုံတရာ ဝေဖန်ပြောကြားလိုစိတ် မရှိပါဘူး။ သို့သော် ဒီကလေး ၂ ဦးမှာလူ့အခွင့်အရေးအရဆိုရင် အသက်ရှင်သန်ခွင့် ရှိပါတယ်။ သေဒဏ်ချထားသော်လည်းပဲ သူတို့ရဲ့ အသက် ရှင်သန်ခွင့်ဆိုတဲ့ အခွင့်အရေးကို မဆုံးရှုံးသင့်ပါဘူး။ ဒါကို ကျနော်တို့ တိုက်တွန်းပြီးတော့ သူတို့နဲ့ ညှိနှိုင်းပါတယ်။

နောက်တခုက ကမ္ဘာ့ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာလည်း တရားဥပဒေရဲ့ အကာအကွယ်ကို တန်းတူညီမျှရခွင့် ရှိပါတယ်။ တရား ဥပဒေရဲ့ အကာအကွယ်ကို ခွဲခြားမှု မရှိဘဲ တန်းတူညီမျှရခွင့် ရှိပါတယ်။ မြန်မာနိုင်ငံသားပဲ ရွှေ့ပြောင်း အလုပ်သမားပဲ ဆိုပြီး ဒီလို ခွဲခြား လို့ မရပါဘူး။ တရားဥပဒေရဲ့ အကာအကွယ် တန်းတူညီမျှ ရရှိရေး အဓိက တောင်းဆိုမှု နှစ်ချက်ပေါ့။ ကျနော်တို့ အကူအညီ တောင်း တာပါ။ ကျနော်တို့ ကော်မရှင်အချင်းချင်း ဆိုတော့လေ။ သူရဲ့ Procedure အရ သက်ဆိုင်ရာ အစိုးရဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းက ဆက် ပြီးတော့ တိုက်တွန်းတာမျိုး လုပ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

မေး ။    ။ ဥပဒေအရ ခွဲခြားလို့ မရဘူးဆိုတော့ ဆရာတို့အမြင်မှာ ဥပဒေအရ ခွဲခြားနေတယ်လို့ ခံယူထားလို့လား။
ဖြေ ။    ။ ကျနော်တို့ အနေနဲ့တော့ တိတိကျကျပြောဖို့ ခက်တာပေါ့၊ ဘာလို့လဲဆိုတော့ ဒီ Procedure တခုလုံး၊ တရားရုံးရဲ့ ဆောင် ရွက်ချက် တခုလုံး နောက်ပြီးတော့ သက်သေထွက်ဆိုချက်တွေကို ကျနော်တို့ သိရှိနိုင်တာ မဟုတ်ဘူးလေ။ ကျနော်တို့တင် မဟုတ်ဘူး။ ဒီတရားရုံးရဲ့ကိစ္စ ဖြစ်တဲ့အတွက် အမြဲတမ်း တက်ရောက်နားထောင်သူပဲ သိနိုင်မယ်လေ။ ကျနော်တို့ကတော့ မသိနိုင်ဘူး။ ဆိုတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်က ဘယ်လောက်မှန်ကန်သလဲ။ ဘယ်လောက် မျှတလဲ ဆိုတာကိုတော့ ကျနော်အနေနဲ့ ဝေဖန်ဖို့ ခက်ပါလိမ့်မယ်။ သို့သော် မီဒီယာတွေကနေပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဆန္ဒထုတ်ဖေါ်တဲ့ တချို့နဲ့ တွေ့ဆုံမေးမြန်းတဲ့အခါမှာတော့ တချို့ကလည်း ဒီဆုံးဖြတ်ချက်အပေါ်မှာ သူတို့အနေနဲ့ မမျှော်လင့်ဘူးပေါ့။ မမျှော်လင့်တဲ့ ဆုံးဖြတ်ချက်ကြီး ဖြစ်တဲ့အတွက် ဘယ်လောက် မှန်ကန်မျှတလဲ ဆိုတာ သူတို့အနေနဲ့ လက်ခံနိုင်ဖို့ ခက်တယ်။ ဒါလေး ကျနော်တို့ သတင်းရရှိထားတယ်။

မေး ။    ။ ဆရာတို့အနေနဲ့ရော ထိုင်းလူ့အခွင့်အရေးကော်မရှင်အပေါ်မှာ ဘယ်လို ယုံကြည်မျှော်လင့်ထားသလဲ။
ဖြေ ။    ။ ကျနော်တို့က အရှေ့တောင်အာရှနိုင်ငံများ လူ့အခွင့်အရေးဖိုရမ်ဆိုတဲ့ အဖွဲ့ကြီးတဖွဲ့ ရှိပါတယ်။ အဲဒီအဖွဲ့ကြီးမှာ ကျနော်တို့ အရှေ့တောင် အာရှ ၅ နိုင်ငံ အဖွဲ့ဝင်ထဲမှာပါ ပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ နောက်ဆုံး အဖွဲ့ဝင် ဖြစ်တာ ကျနော်တို့ နိုင်ငံပါ။ တိမောနဲ့ဆို ၆ နိုင်ငံပေါ့။ ဒီကော်မရှင်အဖွဲ့ဝင်တွေက ဒီဖိုရမ်မှာ တယောက်နဲ့ တယောက် အပြန်အလှန် လေးစားမှု အထောက်အကူပြုမှုတွေ ရှိပါတယ်။ ဒီအနှစ်သာရနဲ့ ကျနော်တို့က အကူအညီလှမ်းတောင်းတာ ဖြစ်ပါတယ်။

မေး ။    ။ ဆရာတို့ လက်ရှိထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နောက်ထပ် ဒီလိုပြဿနာတွေ မဖြစ်အောင် ၂ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဘာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ုရှိသလဲ။
ဖြေ။    ။ ကျနော်တို့ အထူးသဖြင့်တော့ ရွှေ့ပြောင်းအလုပ်သမားတွေကိုအမှန်တော့ ဒါတွေကလူကုန်ကူးမှုတွေဖြစ်သွားတဲ့ သဘော တွေ ရှိတယ်။ တချို့ကျတော့လည်း ကျွန်ပြုတာတွေ ဒီလောက်ထိတောင်ဖြစ်တာ။ ဒါတွေကနယ်စပ်မှာဖြစ်ခဲ့တာ။ တကမ္ဘာလုံးလည်း သိတဲ့ ကိစ္စတွေပါ။ အဲဒီကိစ္စတွေမှာလည်း ကျနော်တို့ လူ့အခွင့်အရေးကော်မရှင် ၄ ဖွဲ့က ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံ ဥက္ကဋ္ဌတွေ လက်မှတ်ရေးထိုးပြီးတော့ သက်ဆိုင်ရာ အစိုးရတွေကို ဒါတွေကို ကာကွယ်ပေးဖို့ လူ့အခွင့်အရေး ဆိုင်ရာ အထောက်အကူပြုမှုတွေကို ဆောင်ရွက်ပေးဖို့ တိုက်တွန်း အကြံပြုထားတာ ရှိပါတယ်။ လူ့အခွင့်အရေးဖိုရမ် အနေနဲ့ အခါအားလျော်စွာ ဆောင်ရွက်ချက်တွေ ရှိပါတယ်။

မေး ။    ။ လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ တနိုင်ငံလုံးမှာ ဖြစ်ပျက်နေတာတွေကို ၂၀၁၅ ခုနှစ် အတွင်းမှာ အစီရင်ခံစာ ဘယ် ၂ စောင်တင်ပြီးတော့ ဘယ်လိုများ ဆောင်ရွက်ပြီးသွားပြီလဲ။
ဖြေ ။    ။ ကျနော်တို့ ၂၀၁၅ ခုနှစ်မှာ အစီရင်ခံစာအရ တိုင်စာပေါင်း ၁၂၂၂ စောင် အောက်တိုဘာလအထိဆိုတော့ ၁၀ လစာပေါ့။ ကွင်းဆင်းစစ်တာ ၆ ကြိမ်၊ အကျဉ်းထောင်အတွင်း စစ်တာ ၇ ကြိမ်၊ တိုင်စာနဲ့ပတ်သက်တာကွင်းဆင်းစစ်တာ (၆) ကြိမ်ဖြစ်တဲ့အတွက် အစီရင်ခံစာ ၆ စောင် ထွက်ပါတယ်။ ထုတ်ပြန်ချက် ၆ စောင် ထွက်ပါတယ်။ တဖက်က သက်ဆိုင်ရာဝန်ကြီးဋ္ဌာနကို ပေးပို့ပြီးတော့ ကျနော်တို့က အကြံပြုတိုက်တွန်းတာပါ။ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်ကလည်း အကြံပြုတိုက်တွန်းတာပဲ။

လူ့အခွင့်အရေး ကော်မရှင်တွေရဲ့ အများစု ဆောင်ရွက်နိုင်မှုက အကြံပြုတိုက်တွန်းတာပဲ။ ကျနော်တို့ အကြံပြုတိုက်တွန်းတာကို သက်ဆိုင်ရာ အစိုးရဋ္ဌာနတွေ အဖွဲ့ အစည်းတွေက လူ့အခွင့်အရေးကို လေးစားလိုက်နာသောအားဖြင့် လိုက်နာဆောင်ရွက်ပေးရပါတယ်။ လိုက်နာ ဆောင်ရွက်ပေးဖို့ သူတို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့က သူတို့ကို မလုပ်နဲ့လို့ ပြောခွင့် မရှိပါဘူး။ အဲဒီလို ပို့လိုက်တဲ့အခါ အစိုးရဘက်ကလည်း ပူးပေါင်း ဆောင်ရွက်ပြီး လိုက်နာတာတွေ ရှိပါတယ်။ ရက်ပေါင်း ၃၀ ဆိုတာ နည်းတဲ့အတွက် ရက်ပေါင်း ၃၀ ကတော့ ကျော်တာပါပဲ။

ဒါပေမဲ့ ကျနော်တို့က ဒီကျော်တာကို နားလည်မှုနဲ့ ထားပါတယ်။ ရုံးလုပ်ငန်းဆိုတော့ စာအတက်အဆင်းနဲ့ ရက်ပေါင်း ၃၀ က နည်း ပါတယ်။ ဥပဒေက ပြဋ္ဌာန်းထားပေမဲ့ နည်းနည်းကျော်တာတွေတော့ ရှိပါတယ်။ အဓိကကတော့ ပြန်ကြားလာမှု အပိုင်းမှာတော့ ကျနော်တို့ ကော်မရှင်အသစ်ကဥပဒေနဲ့သွားတဲ့အခါမှာအရင်ကဥပဒေမရှိတော့ ဥပဒေနဲ့မဟုတ်ဘူး။ အပြန်အလှန် လေးစားမှုနဲ့ သွားလာတယ်။ ဆိုတော့ အစိုးရဘက်က အရေးယူဆောင်ရွက်ပြီးတော့ ပြန်ကြားလာမှု ပိုပြီးတော့ ကောင်းလာပါတယ်။ ဒါပေမဲ့လည်း မပြန်ကြားတာတွေက ရှိနေသေးတယ်။ ရှိနေပါတယ်။ ကျနော်တို့အနေနဲ့ နောက်လည်းပဲ အပြည့်အဝ ဆောင်ရွက်လာမှုကို တဖြည်းဖြည်းချင်းပဲ နားလည်မှု တည်ဆောက်ပြီးတော့ ဆောင်ရွက်သွားရပါ့မယ်။

မေး ။    ။ ဆရာတို့ ကွင်းဆင်းစစ်ဆေးခဲ့ရတဲ့အမှုတွေက ဘယ်အမှုတွေများလဲ။ အကျဉ်းထောင်တွေပဲလား၊ ဒါမှမဟုတ် ရဲနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ တိုင်ကြားထားတာတွေလား။
ဖြေ ။    ။ ၂၀၁၅ ခုနှစ်ဆို ဒေါ်ခင်ဝင်းက စတာပေါ့၊ ဒေါ်ခင်ဝင်း ပါတယ်၊ လက်ပံတန်းပါတယ်။ သာယာဝတီ အကျဉ်းထောင်ပါတယ်။ နောက်မြင်းခြံ အကျဉ်းထောင်၊ အိမ်ဖေါ်တွေကို ညှင်းပန်းနှိပ်စက်မှု အဲဒီအမှုတွေပါ။

မေး ။    ။ အဲဒီ ၆ ခုမှာ အကျဉ်းထောင်က အများဆုံးဖြစ်မယ် ထင်တယ်။
ဖြေ ။    ။ မဟုတ်ဘူး။ ဒီ ၆ ခုက တိုင်စာကို စစ်တာ။ အကျဉ်းထောင်က ၇ ခု အကျဉ်းထောင်က စစ်တိုင်းလဲ ကျနော်တို့ ပြည်ထဲရေးကို ပို့တယ်။ ဆောင်ရွက်သင့်တာတွေ ပြုပြင်သင့်တာတွေ ပို့တယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ပြည်သူတွေကို တင်ပြတယ်။

မေး ။    ။ အဲဒီမှာ အခက်အခဲတွေရတဲ့ အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲ။ စုံးစမ်းစစ်ဆေးရတဲ့အခါတွေမှာ ပြဿနာတွေကို ဖြေရှင်းရတဲ့အခါတွေမှာ။
ဖြေ ။    ။ စုံစမ်းစစ်ဆေးတဲ့အခါမှ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို ကျနော်တို့က အကြောင်းကြားရတယ်။ စစ်မယ်ဆိုတာနဲ့ သက်သေ တွေ စုပေးဖို့ ပြောရတယ်။ ကျနော်တို့က ကိုယ့်ဟာကို သက်သေစုလို့ မရဘူးလေ။ ရဲကိုစုမယ်။ တခြားသက်သေတွေကို စုမယ်။ ဝန်ထမ်း တွေကို စုမယ်။ ထွေ/အုပ်တွေကို စုမယ်။ တရားရေးတွေ စုမယ်။ ဥပဒေသမားတွေ စုမယ်ဆို သူတို့ပဲ ပြောရတာ။ သူတို့က ထပ်ဆင့် ပန် ကြားပြီး ကျနော်တို့ သွားတဲ့အခါ ခေါ်လို့ပြုလို့ရတာ။ အသိပေးသလိုပဲ တဘက်က အကူအညီလည်း တောင်းခံရတယ်။ အဲဒီ အပိုင်း လေးမှာတော့ တခါတရံ ညှိရတာ ရှိတယ်။ ဒါပေမဲ့လို့ ပြောရမယ်ဆိုရင် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကွင်းဆင်းစစ်တဲ့ အချက်မှာ လက်ရှိ အထိအောင် ကျနော်လည်းပဲ အရင်တုန်းက တော်တော်လေး စစ်တယ်။ အခုနောက်ပိုင်းတော့ ဦးဇော်ဝင်းတို့ တာဝန် လွှဲပေးလိုက်တဲ့အခါ သူတို့ပဲ စစ်တယ်။

ကျနော်က လူ့အခွင့်အရေးမြှင့်တင့်တဲ့ဘက်မှာ လုပ်တယ်။ သွားစစ်တဲ့အခါ ဘယ်သူပဲစစ်စစ် ကော်မရှင်ကို ပြန်တင်ပြရတယ်။ ကော်မရှင် ရောက်တော့ ၁၁ ယောက်ရှေ့မှာ သူကြုံခဲ့တာတွေ သိခဲ့တာတွေ မြင်ခဲ့တာတွေ အကုန်လုံးကို တင်ပြတယ်။ ပြီးရင်သူရဲ့ယူဆချက်တွေ သုံးသပ်ချက်တွေကိုကော်မရှင်ကပြန်သုံးသပ်ပြီးတော့မှ ထွက်တယ်ဆိုတာအဲဒီကျမှထွက်တာ ပြီးတော့ ဝန်ကြီးဋ္ဌာနကို ပို့တယ်။ အင်တာ နက်ထဲ ထည့်တယ်။ ကျနော်တို့ အဲဒီလို ဆောင်ရွက်ရတဲ့ သဘော ရှိပါတယ်။ အဲဒီအထိအောင် အခက်အခဲမရှိဘူး။ ကျနော်တို့ရဲ့ အကြံ ပေးချက်တွေအပေါ်မှာ ဆောင်ရွက်တဲ့အပိုင်းပေါ့နော်။ ဆောင်ရွက်တာလည်းရှိသလို ခုနကျနော်ပြောသလို မဆောင်ရွက်တာလဲ ရှိတယ်။ အဲဒါပဲ ခက်ခဲတယ်။ တခါတလေကျတော့ ကျနော်တို့က တိုက်တွန်းလို့ အရေးယူ ဆောင်ရွက်လိုက်တယ်။ ကျနော်တို့ ကိုပါကြီး အမှု ဆိုလို့ရှိရင် နယ်ဘက်တရားရုံးနဲ့ စစ်ပါလို့ ကျနော်တို့က တိုက်တွန်းတယ်။ နယ်ဘက်တရားရုံးနဲ့ဆိုတော့ မှန်ကန်မှျှတတယ်လေ။ ပွင့်လင်း မြင်သာတယ်။

စစ်တရားရုံးနဲ့ဆိုတဲ့ အခါကျတော့ အားလုံးက တပ်မတော်သားကြီးပဲလေ။ တရားသူကြီးလုပ်တဲ့လူကလည်း တပ်မတော်သား။ သက်သေ ကလည်း တပ်မတော်သား။ တရားလိုသက်သေ၊ တရားခံသက်သေ အားလုံးက တပ်မတော်သားကြီးပဲ။ ဆိုတော့ ဒါဟာ ဘယ်လောက် မှန်ကန်မျှတမလဲ။ ကျနော်တို့လည်းပဲ တပ်ထဲမှာ လုပ်ခဲ့တာ ရှိပါတယ်။ အမှုစစ်ဆေးစီရင်ခွင့်တွေ ရှိတယ်ဆိုတာ ဒါကြောင့်မိုလို့ ကျနော် တို့က နယ်ဘက်မှာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ စစ်သလားဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ညွှန်းပြီးတော့ ကျနော်တို့ ပြောခဲ့တာ။ ဒါပေမဲ့တပ်ကတော့ စစ်တရားရုံးနဲ့ စစ်လိုက်တယ်။ ဒါကတော့ မတတ်နိုင်ဘူး။ သို့သော် နောက်ပိုင်း တိုးတတ်လာတာက ကျိုက်မရော တရားရုံးက သူတို့ ဖွင့်ထားတဲ့အမှုကို ဆက်စစ်လို့ ရသွားတယ်။ အဲဒီအခါမှာ ကျနော်တို့က သူတို့ကို မေးနေရမှာ။ ဆိုတော့ ဒေါ်ခင်ဝင်း အမှု ဆိုလိုရှိရင်လည်း သက်ဆိုင်ရာကို အရေးယူပါလို့ ကျနော်တို့ ပြောတယ်။

နောက်လက်ပံတန်းအမှုဆိုလည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့လူကို အရေးယူပါ။ ဆိုတော့ ကျနော်တို့က ပြန်ပြန်မေးနေရတယ်။ အဲဒါမျိုး တွေကျတော့ သူတို့ဆီက ပြန်မလာဘူး။ ဆိုပါတော့ ဒေါ်ခင်ဝင်းအမှုဆို ကျနော်သိရသလောက် ပြောရမယ်ဆိုရင် ရဲအရာရှိကြီး တယောက်က သတိအပေးခံရတယ်။ နောက်အောက်က အဆင့်တွေက ရာထူးအလျော့ခံရတယ်။ ဒါပေမဲ့ ကျနော်တို့ဆီကို တရားဝင် တော့ မလာဘူး။ အဲဒီလိုမျိုးတွေပေါ့။ အခက်အခဲက အဲဒီလိုမျိုးတွေ ဖြစ်နေတာ။ နံပတ်တစ်က ကျနော်တို့ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ပူးပေါင်းဆောင်ရွက်မှု ကောင်းတာပေါ့ဗျာ။ ဆောင်ရွက် ပြီးစီးသမျှတွေကို ဥပဒေအရ ပြန်ကြားရမယ်။ ကျနော်တို့က ကာယကံရှင်ကို ပြန်တင်ပြရတယ်။ ခင်ဗျားတို့ အင်တာနက် ထည့်ရုံတင် မဟုတ်ဘူး။ ကျနော်တို့ ဒီလိုလုပ်လိုက်တာ ဒီလိုပြန်ကြားလာပါပြီ။ ဒါကျနော်တို့ တိုင်တဲ့လူကို Respect ပေးရတယ်။ သူဟာသူ လိမ်ညာပြီးတော့ပဲ တိုင်တိုင် ဘာပဲတိုင်တိုင် ကျနော်တို့က မှန်ကန်တယ်လို့ အလေးအနက်ထားပြီး သူ့ကိုယ်လည်း ပြန်ကြားရတယ်။ ကျနော်တို့ တာဝန်က။ အဲဒီ အပိုင်းတွေမှာ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ အဓိက လူ့အခွင့်အရေးကို လေးစားဖို့ အဓိကပဲ။ လူ့အခွင့်အရေးကို လေးစားပြီဆိုရင် ဒါတွေနည်းပါးသွားမှာ သေချာတယ်။ ဟုတ်တာပေါ့။ ဒါတို့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေဆို တို့လုပ်ပေးရမယ်ဆိုရင် ပြောစရာ မလိုတော့ဘူး။ ဒါကြောင့် ကျနော်တို့က ဝန်ကြီးဋ္ဌာနတွေ သွားဟောတယ်ဆိုတာ ဒါကြောင့်ပဲ။ ကျနော်တို့ရဲ့ အလုပ်ကို သူတို့ နားလည် လက်ခံလာအောင် ဒါပဲ အဓိက။

မေး ။    ။ ဆရာတို့ လုပ်နေတဲ့ လူ့အခွင့်အရေးမြှင့်တင်မှုလုပ်ငန်းတွေအပေါ် အားရလား။ မြန်မာပြည်သူတွေ လက်ခံနိုင်မှု အတိုင်း အတာ ဘယ်အခြေအနေထိ ရောက်နေပြီလဲ။
ဖြေ ။    ။ ကျနော်တို့ ဒီနေ့လုပ်တာကတော့ ကျနော်တို့ဟာ ကျနော်တို့ တိုက်ရိုက်လုပ်တာပါ။ ပြီးခဲ့တဲ့အပတ်ထဲမှာ လုပ်တဲ့ မြောင်းမြ၊ ဟင်္သာတတွေမှာ လုပ်ခဲ့တဲ့ပွဲတွေဆို ကျနော်တို့ ခရိုင်အုပ်ချုပ်ရေးမှူးကို လှမ်းအကူအညီ တောင်းလိုက်တာ။ တည်းဖို့လုပ်ပေး၊ ခန်းမ လုပ်ပေး၊ လူစုတာကတော့ CSO တွေ ဖြစ်တဲ့အတွက် အစိုးရဋ္ဌာနနဲ့တော့ မဆိုင်ဘူးလေ။ ဒါတော့ ကျနော်တို့ဟာ ကျနော်တို့ လုပ်ရ တယ်။ သူတို့ ကူညီပေးတာ သူတို့ရိပ်သာတွေမှာ တည်းရတယ်၊ သူတို့ခန်းမတွေ သုံးရတယ်။ ထိုက်သင်တဲ့ Service Charge တွေ ပေးရတယ်။ ဆိုလိုချင်တာ ကျနော်တို့ ဟောပြောပွဲတွေလုပ်ခဲ့တဲ့ မြို့တွေ ၅၈ ခု၊ Training တွေ Workshop တွေဆို အရာရှိအဆင့်က ၁၅ ခု၊ CSO အဆင့်က ၁၃ ခု၊ ဒါတွေမှာ အများစုက အစိုးရဌာနတွေက ကူညီပေးတာတွေပါ။ တချို့ဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် တက်ပြီးတော့ အဖွင့်စကားတွေပြော၊ သူတို့လူတွေ သူတို့ တိုက်တွန်း အဲဒီလို လုပ်ပါတယ်။ ဟောပြောပွဲတွေကတော့ ခန်းမထဲမှာ ပြောတာဆိုတော့ ခန့်မှန်းဖို့ ခက်တယ်။ အရာရှိ ၁၅ ခု၊ CSO ၁၃ ခု၊ အဲဒီ ၂ ခုကို ကြည့်လိုက်ရင် CSO ကို ကျနော်တို့က ပိုပြီး အားရတယ်။ ဘာလို့လဲဆိုတော့ သူတို့က အခြေခံတွေ ရှိတယ်။

သူတို့ဟာ သူတို့ အမျိုးသမီး အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး Training တွေ၊ Workshop တွေ သူတို့မှာ အတွေ့အကြုံ ရှိတယ်။ အစိုးရအရာရှိတွေက ဒါတွေမသိတော့ ရတာချင်း မတူဘူး။ ဆိုပါတော့ ကျနော်တို့က ၁၀၀ သင်တယ်လေ။ ၁၀၀ ပေးလိုက် တယ် ဆိုပါစို့။ လာတဲ့သူက အသိပညာ ဗဟုသုတအခံရှိရင် သူက ပိုရတယ်။ အစိမ်းသက်သက် ဆိုရင်တော့ နည်းနည်းပဲ ရတယ်။ သူတို့ လက်ခံရရှိတဲ့ ရာခိုင်နှုန်းကတော့ သူတို့ Knowledge Level နဲ့ယှဉ်မယ် ဆိုရင်တော့ ကျနော်တို့ ကျေနပ်တယ်။ ဒါပေမဲ့ ကျနော်တို့က သူတို့ကို ဒီထက် ပိုပြီးတော့ ၅၀ ရာခိုင်နှုန်းလောက် ရစေချင်တာ။ အနည်းဆုံး တဝက် သူတို့ ဘယ်လောက် လက်ခံနိုင်သလဲဆိုတဲ့ အပေါ်မှာ သေချာတာကတော့ သူတို့ရဲ့ Concept တွေ မူလက မှားနေတဲ့ အယူအဆတွေ ပါးသွားပြီး လူ့အခွင့်အရေးက ဒီလို ရှိတယ်။ ငါတို့ ဒီလိုလုပ်လို့မရဘူးဆိုတာ ဒါတော့ သေချာပေါက် ကျနော်ပြောနိုင်တယ်။ လူ့အခွင့်အရေးရဲ့ အခြေခံအနှစ်သာရတွေ သူတို့ ရသင့်သလောက် ရသွားပါတယ်။

မေး ။    ။ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မှာ လူ့အခွင့်အရေး အခမ်းအနားလုပ်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ခွင့်မပြုလို့ Equality Myanmar က ဦးအောင်မျိုးမင်းတို့ ပွဲဖျက်လိုက်ရတယ်လို့ ကြားတယ်။ လူ့အခွင့်အရေး မြှင့်တင်မှုတွေ လုပ်တဲ့အပေါ်မှာ ဥပဒေကြောင်းအရ လုပ်ခွင့်မပြုတာတွေနဲ့ ပတ်သက်လို့ ဆရာတို့အမြင် ပြောပြပါအုံး။
ဖြေ ။    ။ ဒါပေမဲ့တခု ရှိတယ်ဗျ။ သန့်ရှင်းသောလက်နဲ့ လာပါဆိုတဲ့ စကားရှိတယ်။ ဆိုတော့ ကြိုဆိုပါတယ်။ သန့်ရှင်းသောလက်နဲ့ အဲဒီကိစ္စတော့ ကျနော်တော့ မသိဘူး။ ကျနော်လည်း နယ်ရောက်နေတယ်။ အဲဒီတော့ ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ပြောရရင် သူတော် တော် အားပေးတယ်။ တော်တော်ကို အားပေးတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ ကျနော်တို့ ပွဲတွေဆို တမင်ကို အချိန်ယူပြီးတော့ လာအားပေးတယ်။ သူ့အောက်ကဝန်ကြီးတွေကအစနော်။ ဒါတကြိမ် နှစ်ကြိမ်မဟုတ်ဘူး။ တော်တော်အားပေးတယ်။ အားပေးတဲ့ သဘာဝရှိတယ်လို့ ကျနော်ယူဆတယ်။ သို့သော် အဲဒီလိုမျိုး ဖြစ်သွားတာ ဘယ်လို အကြောင်းအရာမျိုး ရှိသလဲ ကျနော်မသိဘူး။ ခါတိုင်းလည်းပဲ ကျနော်တို့ လူ့အခွင့်အရေးနေ့တွေ လုပ်နေတာ ၄ နှစ်ရှိပြီ။ ၂၀၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၂၀၁၁ ကတော့ ကပ်နေလို့ မလုပ်ဖြစ်ဘူး။ ကျန်တဲ့ ၃ နှစ်ကတော့ ကျနော်တို့တက် မိန့်ခွန်းပြောရုံပဲ။

ဒီနှစ်ကတော့ ကျနော်တို့ ဦးစီးပြီး လုပ်တာ။ ကိုအောင်မျိုးမင်းတို့ လုပ်တဲ့ပွဲတွေလည်း ကျနော်မကွေးကို သွားပြောတယ်။ ရန်ကုန်မှာဆိုလဲ ကော်မရှင်လူကြီးတယောက် သွားပြောတယ်။ မြစ်ကြီးနားမှာ လုပ်တာ။ အဲဒါတော့ ကိုအောင်မျိုးမင်းတို့ မဟုတ်ဘူး။ တခြားအဖွဲ့တွေ လုပ်တာ။ အဲဒီမှာလည်း သွားပြောတယ်။ နယ်တွေက ဖိတ်ရင်လည်း လူ့အခွင့်အရေးနေ့တွေဆို ကျနော်တို့ သွားပြောတယ်။ သက်ဆိုင် ရာတွေက လုပ်ခွင့်ပေးပါတယ်။ အဲဒီမှာတော့ ဘယ်လိုဖြစ်လဲ ကျနော် မပြောတတ်ဘူး။

Loading