မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု တွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်း- မြန်မာ နယ်စပ်ဂိတ်များအပါအဝင် လေဆိပ်၊ ရေဆိပ်များတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်ပွားလာမှု မရှိစေရန် ကာကွယ်စောင့်ကြည့်ရေး လုပ်ငန်းများကို အရှိန်မြင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရှိရသည်။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က “ ကြိုတင်ကာကွယ်မှုကို လုပ်တဲ့အခါမှာ လေဆိပ်တို့၊ နယ်စပ်ဂိတ်တွေမှာ အထူးကြပ်မတ်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ ကာကွယ်မှုတွေလုပ်ဖို့ ရှိတယ်။ လေဆိပ်မှာဆိုရင် ပြည်ပနိုင်ငံက ၀င်လာတဲ့ လူတွေကို စစ်ဆေးမယ့်အပြင် လေဆိပ်နဲ့မီတာ ၄၀၀ အတွင်း ခြင်လုံးဝ မရှိအောင် ခြင်ဆေးဖျန်းတာတွေကို ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ဧရာဝတီကို ပြောသည်။
ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်လာမှု မရှိစေရေး ဆောင်ရွက်ရာ၌ လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် ဆေးဝါးများ ၀ယ်ယူနိုင်ရန် နိုင်ငံတော်ဘတ်ဂျက် ရယူသုံးစွဲရန် ညွှန်ကြားထားကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပါ ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဇီကာဗိုင်းရပ်စ် စတွေ့တယ်ဆိုကတည်းက ချင်းမိုင်မြို့နဲ့နီးတဲ့ မြဝတီနယ်စပ်ဂိတ်မှာလည်း သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့တွေက ဆောင်ရွက်နေတာ ရှိတယ်။ နယ်စပ်ဂိတ်တွေမှာ ရောဂါရှာဖွေ စစ်ဆေးရေးတွေ အမြန်ဆုံး ဆောင်ရွက် နိုင်ဖို့နဲ့ ၀င်လာကတည်းက ရောဂါလက္ခဏာ စစ်ဆေးတာတွေ၊ လေ့လာစောင့်ကြည့်တာတွေ လုပ်မယ်။ ခြင်နှိမ်နင်း ရေးတွေ လုပ်ဆောင်နေပြီ။ ရောဂါလက္ခဏာ ပြန့်ပွားမှု မရှိအောင် စောင့်ကြည့်တာတွေ လုပ်နေပြီ။ ကျနော်တို့ဘက် ကလည်း တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ကူညီပေးမှာပါ” ဟု ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။
ဇီကာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်ပြီး နေပြည်တော်တွင် စက်တင်ဘာလ ၆ ရက်က အစည်းအဝေးပြုလုခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့ ဆန်ဆိုင်းခရိုင်တွင် ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိရမှု အရေအတွက် တိုးပွားလာ လျက်ရှိကြောင်းနှင့် ပြီးခဲ့သည့်စနေနေ့က ဆန်ဆိုင်းခရိုင်တွင် နေထိုင်သည့် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ထိုင်းလူမျိုး ကိုယ်ဝန်ဆောင်အမျိုးသမီး တို့တွင် ဇီကာပိုး ထပ်မံတွေ့ရှိခဲ့ရသည်ဟု ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထိုင်းသတင်းမီဒီယာများ၏ ရေးသားချက်များအရ ဆန်ဆိုင်ခရိုင် အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင် ၃၃၂ ဦး အပါအဝင် လူပေါင်း ၄၂၇ ဦး ကို စစ်ဆေးရာ ၁၁ ဦးတွင် ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများဖြစ်သည့် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း သိရှိရသည်။
ဇီကာဗုုိင်းရပ်စ်သည် ခြင်ကုုိက်ခြင်းမှတဆင့် ကူးစက်ခံရပြီး ဖျားခြင်း၊ ခေါင်းကုုိက်ခြင်း၊ ကုုိယ်ခန္ဓာပေါ်တွင် အနီစက် ထွက်ခြင်း၊ မျက်လုုံး နီရဲကာ ယားယံခြင်း၊ ကုုိယ်လက်ကုုိက်ခဲခြင်း များခံစားရပြီး အထူးသဖြင့် ဇီကာပုုိး ကူးစက်ခံ ရသော ကုုိယ်ဝန်ဆောင်အမျိုးသမီးများသည် Microcephaly ခေါ် ဦးခေါင်းသေးငယ်သော ကလေးများ မွေးဖွား နုုိင်ကြောင်း၊ မွေးကင်းစ ကလေးငယ်များ ဇီကာပုုိး ကူးစက်ခံရပါက ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုုက်နုုိင်ကြောင်း သိရှိရသည်။