နိုင်ငံတော်၏ အကြံပေး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO ) ညွှန်ကြားရေးမှူးချုပ် အရီနာ ဘိုကိုဗာတို့ ယနေ့ ၇၁ကြိမ်မြောက် ညီလာခံမှာတွေ့ဆုံပြီး ယူနက်စကို အဖွဲ့အနေဖြင့် ငလျင်ဒဏ် ခံခဲ့ရသည့် ပုဂံရှေးဟောင်းဇုန်ရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင် ရေးနှင့် မြန်မာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပညာရေးကဏ္ဍများတွင် အကူအညီပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြော ဆို လိုက်ကြောင်း လို့ သတင်းထုတ်ပြန်လိုက်သည်။
ယူနက်စကို ညွှန်ကြားရေးမှူးချုပ်က ငလျင်ဒဏ်ခံခဲ့ရသည့် အေဒီ ၁၁ရာစုလက်ရာ စေတီပုထိုးများကို ယူနက် စကို၏ နည်းပညာလမ်းညွှန်မှုဖြင့် မြန်မာအစိုးရက ပြုပြင်နေခြင်းကို ကျေးဇူးတင်ကြောင်း ပြောဆိုသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိအနေဖြင့် ပုဂံခေတ်စေတီပုထိုးများကို ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု မရှိပဲ ယခင်ကပြုလုပ်ခဲ့သော အလေ့အထများဖြစ်သည့် ထုံးသုတ်ခြင်း၊ အင်္ဂတေများ အသုံးပြုကာ မွမ်းမံပြင် ဆင်ခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ကြောင်းပြန်လည်ပြောဆိုသည် သိရသည်။
ယူနက်စကိုအနေဖြင့်လည်း ငလျင်လှုပ်ခတ်ပြီး ၄၈နာရီအကြာ ကျွမ်းကျင်သူ ပညာရှင်အဖွဲ့ကို စေလွှတ် ပေးခဲ့ပြီး ပြန်လည်ပြင်ဆင်နိုင်ရေးကိုလည်း ပြီးပြည့်စုံတဲ့ စီမံကိန်းတခုကို ပေးပို့ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် အရီနာ ဘိုကိုဗာက ပြောသည်။
“ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာရေးကို ယူနက်စကိုအနေနဲ့ လေးလေးနက်နက် ထောက်ခံ ထားတယ်၊ ပုဂံဒေသမှာရှိတဲ့ စေတီပုထိုးတွေ ရေရှည်တည်တံခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းရာမှာ အလျင်စလိုမလုပ်ပဲ၊ မူလလက်ရာများ မပျောက်ပျက်စေရေးအတွက် ရိုးရာပစ္စည်းများ အသုံးပြုပြီး ထိန်းသိမ်းစေလိုတယ်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ခွဲခြားမှုပုံစံထက် ပေါင်းစည်းမှုခွန်အား အတွက် အသုံးပြုသွားမယ်”လို့ ညွှန်ကြားရေးမှူးချုပ် အရီနာ ဘိုကိုဗာက ဆိုသည်။
ထို့အပြင် ပညာရေးပြုပြင်ပြောင်းလဲရာ၌ ယူနက်စကိုအနေဖြင့် ထောက်ပံကူညီမည်ဖြစ်ကြောင်းလည်း သိရသည်။