တောင်ကိုရီးယားထိပ်တန်းအာဏာပိုင်များ လှုပ်ခါပစ်လိုက်သော အဂတိလိုက်စားမှုအရှုပ်တော်ပုံတွင် ပါဝင်ခဲ့သောကြောင့် ဆမ်ဆောင်းအုပ်စုအကြီးအကဲ Jay Y. Lee ကို သောကြာနေ့က ဖမ်းဆီးလိုက်ရာ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းနှင့် အချက် အလက်သိုမှီးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းအတွက် ထိုးနှက်ချက်သစ်ဖြစ်လာသည်။
နိုင်ငံ၏အချမ်းသာဆုံးမိသားစုမှ အရေးပါသူဖြစ်သော အသက် ၄၈ နှစ်အရွယ်ရှိ Lee သည် အာဏာပိုင်များ၏ ဆုံး ဖြတ်ချက်ကို စောင့်ဆိုင်းနေရပြီးနောက် ဆိုးလ်အကျဉ်းထောင်သို့အပို့ခံခဲ့ရသည်။ သူ့ကို တီဗီတလုံးနှင့် စားပွဲ တလုံး သာရှိသော သီး ခြားတိုက်ခန်းတွင် ပိတ်ထားသည်ဟု အကျဉ်းထောင်အရာရှိတဦးက ပြောသည်။
ဒီဇင်ဘာလက တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကို ပါလီမန်က စွဲချက်တင်ခဲ့ရသည့် အာဏာအလွဲသုံးစားမှုအရှုပ်တော် ပုံတွင် သူသည် သံသယရှိခံရသည်။ ထိုအာဏာအလွဲသုံးစားမှုစွဲချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုပါက သူမသည် တောင်ကိုရီးယားတွင် ပထမဆုံးဖြုတ်ချခံရသည့်ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသော ခေါင်းဆောင်ဖြစ် လာမည်ဖြစ်သည်။
ဈေးကွက်တခုလုံးအနေဖြင့် ရှယ်ယာဈေး ဝ.၂ ရာခိုင်နှုန်းသာ ကျဆင်းသော်လည်း မိခင်ကုမ္ပဏီဖြစ်သောဆမ်ဆောင်း အီလက်ထရွန်းနစ်၏ရှယ်ယာဈေးမှာ ၁.၁ ရာခိုင်နှုန်းကျဆင်းပြီး ဆမ်ဆောင်းအုပ်စု၏လုပ်ငန်းခွဲ Samsung C&T Corp မှာ ၂.၈ ရာခိုင်နှုန်း ကျဆင်းသည်။
ဆမ်ဆောင်းအုပ်စု၏တတိယမျိုးဆက်ခေါင်းဆောင် Lee ကို တရားစွဲဆိုရန် အစိုးရရှေ့နေများအနေဖြင့်အချိန် ၁၀ ရက်ရရှိမည်ဖြစ်သော်လည်း အချိန်ပိုမိုတောင်းခံနိုင်သည်။ တရားစွဲဆိုပြီးပါက တရားရုံးအနေဖြင့် ၃ လအတွင်း စီရင်ချက်ချမှတ် ရမည်ဖြစ်သည်။
Lee ၏အမှုအတွက် ရင်ဆိုင်မည် သို့မဟုတ် အာမခံလျှောက်ထားမည်မထားမည်ကို မဆုံးဖြတ်ရသေးဟု ဆမ်ဆောင်း အုပ်စုပြောခွင့်ရသူက ပြောသည်။ ဆမ်ဆောင်းအုပ်စုနှင့် Lee ကမူ ၎င်းတို့သည် မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်းပြောသည်။
“တရားရုံးမှာ အမှန်တရားကို ဖော်ထုတ်ဖို့ အကောင်းဆုံးလုပ်သွားမယ်” ဟု Lee အဖမ်းခံရပြီးနောက် ဆမ်ဆောင်းအုပ်စုက ထုတ်ပြန်သည့် တိုတောင်းလှသောကြေညာချက်တွင် ဖော်ပြထားသည်။
ယခု ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့သော တရားရုံးကပင် Lee ကိုဖမ်းဆီးရန် အမိန့်ထုတ်ရန် လွန်ခဲ့သောလက ငြင်းဆန်ခဲ့ဖူး သည်။ သို့သော် အစိုးရရှေ့နေများက Lee ကို စွဲချက်သစ်များ အင်္ဂါနေ့က ပြုလုပ်ပြီး လာဘ်ပေးလာဘ်ယူမှုနှင့် အခြားသော အမှု များအတွက် ဖမ်းဆီးခွင့်တောင်းခံခဲ့သည်။
“ဖမ်းရတဲ့အကြောင်ူရင်းနဲ့ လိုအပ်ချက်ကို ကျနော်တို့ လက်ခံပါတယ်” ဟု တရားသူကြီးက ၎င်းတို့၏ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြောသည်။ ဆမ်ဆောင်အီလက်ထရွန်းနစ်၏ ဥက္ကဌ Park Sang-jinကို ဖမ်းဆီးရန် လျှောက်ထားမှုကိုမူ တရားသူကြီးက ပယ်ချခဲ့သည်။
အရေးကြီးသောအချိန်
Lee ကို ဖမ်းဆီးထားခြင့်ကြောင့် ကျွမ်းကျင်မန်နေဂျာများက အုပ်ချုပ်နေသည့် ဆမ်ဆောင်း၏နေ့စဉ်လုပ်ငန်းလည်ပတ်မှု ထိခိုက်မည်ဟု မဟုတ်သော်လည်း တောင်ကိုရီးယားနိုင်ငံ၏အကြီးမားဆုံးလုပ်ငန်းစုကြီးတွင် အရေးပါသော ဆုံး ဖြတ်ချက်များချမှတ်ရာတွင် ထိခိုက်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ဖခင်ဖြစ်သူမှာ ၂၀၁၄ ခုနှစ်တွင် နှလုံးရောဂါကြောင့် ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့သောကြောင့် Lee အနေဖြင့် ကုမ္ပဏီကို ချုပ်ကိုင်နိုင်ရန် ဆမ်ဆောင်းက ရာထူးဆက်ခံရေး ပြုလုပ်နေဆဲကာလတွင် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်သည်။
ဝန်ထမ်းများရွှေ့ပြောင်းရေးမှာမူ ရပ်ဆိုင်းသွားခဲ့ပြီးဖြစ်သည်။ လူဦးရေ ၅ သိန်းခန့်ကို အလုပ်ခန့်ထားသော ဆမ်ဆောင်းသည် ဒီဇင်ဘာလတွင် ထုံးစံအတိုင်းပြုလုပ်နေသည့် နှစ်စဉ်ဝန်ထမ်းများ ရာထူးတက်ပေးခြင်း၊ အပြောင်းအလဲ ပြုလုပ်ပေးခြင်းတို့ ပိုမကြေညာရသေးပေ။
အစိုးရရှေ့နေများသည် ဆမ်ဆောင်းကို ပစ်မှတ်ထားအရေးယူသောကြောင့် သူ၏လုပ်ဖော်ကိုင်ဘက်များသည် စိတ် ပူနေကြသည်ဟု ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အချက်အလက် သိုမှီးသည့် ချစ်ပ်ထုတ်လုပ်ရေး ဌာနဝန်ထမ်း တဦးကပြောသည်။ “အားလုံးက စိတ်ပူနေကြတယ်” ဟု သူ ပြောသည်။.
သို့သော် ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အခြားဝန်ထမ်းတဦးကမူ လုပ်ငန်းများ ပုံမှန်အတိုင်းရှိသည်ဟု ပြောသည်။ “ပိုင်ရှင် အဝေးရောက်နေလို့ လုပ်ငန်းတွေပုံမှန်မလုပ်နိုင်ဘူးဆိုတာ ဒီလိုကြီးမားတဲ့လုပ်ငန်းတွေမှာ မဖြစ်နိုင်ပါဘူး” ဟု သူ ကပြောသည်။
အရေးကြီးသော ကိစ္စဖြစ်၍နှစ်ဦးလုံးက အမည်ပြောရန် ငြင်းဆိုကြသည်။
လွန်ခဲ့သောနှစ်က မီးလောင်လွယ်သော ဂလက်စီနုတ် ၇ စမတ်ဖုန်းများထုတ်လုပ်ခဲ့သောကြောင့် အကျပ်အတည်းမှရုန်း ထွက်ရန် ဆောင်ရွက်နေစဉ် Lee အဖမ်းခံရခြင်းဖြစ်သည်။ နောက်ထပ်မံထုတ်မည့် ဂလက်စီနုတ် ၈ ဖုန်းများ အောင်မြင်ရေးအတွက်လည်း ဖိအားများရှိနေသည်။
“ကိုရီးယားသမ္မတနိုင်ငံကို ကိုယ်စားပြုသော ဆမ်ဆောင်ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီကြီးတခုတွင် စီမံခန့်ခွဲမှုလစ်ဟာသွားခြင်းသည် မရေရာမှုများကို တိုးပွားစေပြီး ကမ္ဘာ့ယုံကြည်မှုကို ထိခိုက်ကာ ရုန်းကန်နေရသော စီးပွားရေးကို ဝန်ပိစေသည်” ဟု ကိုရီးယားအလုပ်ရှင်များအဖွဲ့၏ကြေညာချက်တွင် ဖော်ပြထားသည်။
Lee ကို ဖမ်းဆီးခြင်းသည် သမ္မတပတ် နှင့်သူမ၏မိတ်ဆွေရင်း ချွိုင်ဆွန်းအီတို့ကို အမှုတည်ဆောက်ရန် ဆမ်ဆောင်းကို ချိန်ရွယ်နေသော အစိုးရရှေ့နေများအတွက် တွန်းအားဖြစ်စေသည်။ ချွိုင်ဆွန်းအီမှာ ဖမ်းဆီးခံထားရပြီး အာဏာအလွဲသုံးမှု၊ လိမ်လည်ရန် ကြိုးစားမှုများဖြင့် စွပ်စွဲခံထားရသည်။ သမ္မတနှင့်ချွိုင်ဆွန်းအီက အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။
အစိုးရရှေ့နေများသည် ဆမ်ဆောင်းနှင့် အသက် ၆၅ နှစ်အရွယ် သမ္မတတို့ ဆက်ဆံရေးကို ပစ်မှတ်ထားပြီး ဆမ်ဆောင်းက ချွိုင်ဆွန်းအီနှင့် ပတ်သက်သောအဖွဲ့အစည်းများကို စုစုပေါင်ဝမ်ငွေ ၄၃ ဘီလီယံ ( ဒေါ်လာ ၃၇.၇၄ သန်း) ပေး သည်ဟု စွပ်စွဲထားသည်။
ထိုငွေကို ပေးရခြင်းမှာ ၂၀၁၅ ခုနှစ် အငြင်းပွားဖွယ် ဆမ်ဆောင်း၏လုပ်ငန်းခွဲနှစ်ခု ပေါင်းရန်အတွက် အစိုးရ၏ထောက်ခံမှုရရန်ဖြစ်ပြီး Lee ရာထူးဆက်ခံမှု အဆင်ပြေစေရန်ဖြစ်သည်ဟု ဆိုသည်။
ပါလီမန်၏စွဲချက်တင်ခြင်း အတည်ဖြစ်ပါက ရွေးကောက်ပွဲကို ၂ လအတွင်းကျင်းပပြီး ထိုစဉ်အတွင်း သမ္မတမှာ ရာထူးရှိနေသော်လည်း အာဏာများရုပ်သိမ်းခံရမည့်ဖြစ်သည်။ သမ္မတရာထူးကို ဆက်ခံမည့်သူများက Lee အား ဖမ်းဆီးခြင်းကို ချီးကျူးကြသည်။
“ဒါဟာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကြား ပေါင်းစားတဲ့ ကျနော်တိုနိုင်ငံရဲ့အကျင့်ဆိုးကို အဆုံးသတ်ပြီး မျှတတဲ့ စနစ်ကိုသွားဖို့ အစပဲ” ဟု သမ္မတလောင်းစာရင်းတွင် ထိပ်ဆုံးမှရှိသူ အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ Moon Jae-in ၏ပြော ခွင့်ရသူ Kim Kyoung-soo က ပြောသည်။
ကိုးကား ။ ။ Reuters