သတင်း

တရားမဝင် ကုန်ပစ္စည်းများ တားဆီးရန် မီဒီယာများ ထားရှိမည်ဟု ဝန်ကြီး ဦးကျော်ဝင်းပြော

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းသို့ နယ်စပ်ဂိတ်များမှ တရားမဝင် ဝင်ရောက်နေသည့် ကုန်ပစ္စည်း များပြားနေခြင်းကြောင့် ယင်းကို ဖြေရှင်း ရန် နယ်စပ်ဂိတ်များတွင် မီဒီယာများ ထားရှိရန် စီစဉ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (စီမံ/ဘဏ္ဍာ) ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ် သော ဒု သမ္မတ(၁) နှင့် စီးပွားရေး လုပ်ငန်းရှင်များ တတိယအကြိမ် တွေ့ဆုံပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

“တရားမဝင် စီးဆင်းတဲ့ ပမာဏက များတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်လည်း ဝင်ငွေမရဘူး။ ကုန်စည်နဲ့ ပတ်သက် ရင်လည်း အာမခံချက် မပေးနိုင်ဘူး။ ဒီအတွက် စားသုံးသူတွေ အန္တရာယ်ကြီးတယ်။ ဒါတွေကို ဘယ်လို ရှင်းမလဲ ဆိုရင် မီဒီယာ နဲ့ ရှင်းမယ်။ အခု ချက်ပွိုင့်တွေမှာ မီဒီယာတွေထားမယ်။ နေစရိတ် စားစရိတ် အားလုံး စီစဉ် ပေးပြီး ကြိုက်တဲ့ သတင်းပို့နိုင်တယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

စစ်ဆေးရာတွင် စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ မီဒီယာ အစရှိသည့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက အဖွဲ့များဖွဲ့၍ စစ်ဆေးမည် ဖြစ် ကြောင်း သိရသည်။

“စစ်ဆေးတဲ့အခါ CCTV Camera ၊ X-ray နဲ့ စစ်မယ်။ တပြိုင်တည်းမှာကား သုံး လေးစီးကို စစ်ဆေးနိုင်ဖို့ စီစဉ်ထား မယ်။ တရားမဝင်ကိစ္စ ရှိနေသမျှ ပတ်လုံး Trade Balance က ဘယ်တော့မှ ရမှာမဟုတ်ဘူး။ နိုင်ငံခြားကို တရားဝင် သွားနေတဲ့ ပမာဏတွေထက် အဆက လေး ငါး ဆယ်ဆ ပမာဏက တရားမဝင် ကုန်သွယ်မှု ပမာဏရှိတယ်”ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

ထိုသို့ X-ray စက်များဖြင့် စစ်ဆေးရာတွင် ကုန်ကားများ လမ်းပိတ်ဆို့မှု မဖြစ်စေရန်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

စီမံ/ဘဏ္ဍာ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က “မတ်လထဲစဖို့က မသေချာဘူး။ ကျနော်တို့ ရည်မှန်းချက် က တော့ မတ်လကုန်နောက်ပိုင်းလို့ ခန့်မှန်းတွက်ချက် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ X-ray စက် တွေက အရင်း အနှီးများတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေနဲ့ အသုံးပြုမလား ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိက ကုမ္ပဏီတွေ ကနေ တဆင့် လုပ်ကိုင်ခွင့် ပေးမှာလား ဆိုတာတော့ ရှိသေးတယ်”ဟု ပြောသည်။

တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများ ထိန်းချုပ်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ မဖြစ်စေရန် ဖမ်းဆီးရမိ သည့် ပမာဏမှ ၅၀ ရာခိုင်နှုန်းကို ဖမ်းဆီးရာတွင် တာဝန်ယူပေးသူများအား လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လည်းကောင်း မျှတစွာ ခွဲဝေပေးမည် ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

တရားမဝင် ကုန်စည်စီးဝင်မှုနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ကလည်း“အသည်းကင်ဆာ အရမ်းများလာတယ်။ ဒါက အစားအသောက်နဲ့ တိုက်ရိုက်ဖြစ်လာတာ။ ဒါတွေ လုပ်ဖို့ လိုတယ်။ နယ်စပ်ဧရိယာကို ခိုင်မာအောင် လုပ်ဖို့လိုတယ်။ သူတို့က လွှတ်ပေးရင် ဘာမှ မတတ်နိုင်ပါဘူး။ နယ်စပ် ဧရိယာကို ခိုင်မာ အောင်လုပ်ဖို့က အရေးကြီးပါတယ်”ဟု ပြောဆိုသည်။

တရားမဝင် ဝင်ရောက်လာသည့် ကုန်စည်များတွင် အထည်အလိပ်များ၊ လူသုံးကုန် ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ အများဆုံး ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading