သင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက် ပိတ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ခေါ်ယူအသိပေးသည့် ညှိနှိုင်းဆွေးနွေးပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ယနေ့ ပြုလုပ်သည်။
“အချိန်က ကပ်နေတယ်။ မွေးရပ်ပြန်မယ့်သူတွေ ရှိတယ်။ အလှူလုပ်မယ့်သူတွေ ရှိတယ်။ ကား၊ ရထား လက်မှတ်တွေ ကြိုဝယ်ထားတဲ့သူတွေ ရှိတယ်။ အဆင်မပြေမှုတွေ ရှိတာကြောင့် ၅ ရက်က တရားဝင်ပိတ်ပြီး ကျန် ၅ ရက် ခွင့်ပေးမှာကို လုပ်ငန်းရှင်တွေဘက်က ဘယ်လိုပုံစံပေးမှာလဲဆိုတာ အကြံပြုချက်ယူ ဆွေးနွေးတာဖြစ်တယ်” ဟု အလုပ်သမား၊ လူဝင်မှု၊ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
လက်ရှိအစိုးရက သင်္ကြန်ပွဲတော်ကာလ နှစ်သစ်ကူးရုံးပိတ်ရက်ကို ၅ ရက်အဖြစ် ယခုနှစ်မှ စတင်၍ ပြင်ဆင်သတ်မှတ် လိုက်ရာတွင် နယ်ဝေးမှ လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများအနေဖြင့် မွေးရပ်မြေသို့ ပြန်ကြခြင်း၊ အလှူအတန်း ပြုလုပ်ကြခြင်း၊ ရိပ်သာတရားစခန်းများ ဝင်ရောက်ရာတွင် အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။
ထိုသို့ ရုံးပိတ်ရက်များနှင့် ပတ်သက်၍ ပြေလည်မှုရရှိစေရန် လုပ်ငန်းရှင်များက အလုပ်သမားများကို မိမိတို့အစီအစဉ်ဖြင့် ပိတ်ရက် ထပ်မံတိုးပေးနိုင်စေရန် ဝန်ကြီးဌာနက အလုပ်ရှင်များကို ခေါ်ယူဆွေးနွေးရခြင်း ဖြစ်သည်ဟု ဦးမျိုးအောင်က ဆက်ပြောသည်။
“အစားထိုး ပိတ်ပေးမယ့် ပိတ်ရက် ၅ ရက်အတွက် ခွင့်တမျိုးပြန်ပေးဖို့ ညွှန်ကြားထားတာ ရှိတယ်။ ပုဂ္ဂလိက ကဏ္ဍမှာ အလုပ်ရှင်အလုပ်သမား ညှိနှိုင်းပေးဖို့ ညွှန်ကြားချက် ရှိတယ်။ မလိုလားအပ်တဲ့ ပြဿနာဖန်တီးမှာ မဖြစ်စေချင်လို့ ဆွေးနွေးတာပါ” ဟု ၎င်းက ဆိုသည်။
ထို့သို့ရုံးပိတ်ရက် ၅ ရက် ထပ်မံပေးရာတွင် နိုင်ငံတော်က ထုတ်ပြန်ထားပြီးသော ပြန်တမ်းကို ပြန်လည်ပြင်ဆင်ခြင်းမျိုး မဟုတ်ဘဲ ယခုနှစ်တွင် ပိတ်ရက် ၁၀ ရက် ပြည့်မီအောင် ခွင့်တမျိုးမျိုး သတ်မှတ်ပေးခြင်း သို့မဟုတ် ရက်အစားထိုး ပြုလုပ်ခြင်းကို အလုပ်သမားများနှင့်တကွ နိုင်ငံခြားသားဝန်ထမ်းများကိုပါ ညှိနှိုင်းလုပ်ဆောင်ပေးရန်တို့ ဖြစ်သည်။
ယခုကဲ့သို့ လုပ်ငန်းရှင်များဘက်က ရုံးပိတ်ရက် ၁၀ ရက် ပြည့်မီစေရန် ခွင့်ရက်တမျိုး သတ်မှတ်ပေးခြင်းနှင့် ရက်အစားထိုး ပိတ်ပေးခြင်းသည် နိုင်ငံတော်၏ ပြန်လည်အစားထိုး ပိတ်ပေးမည့် ရုံးပိတ်ရက်များနှင့် မသက်ဆိုင်ကြောင်း သိရသည်။
ရွှေလင်ဗန်း စက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးအေးသောင်းက “ အခုထွက်လာတဲ့ ကြေညာချက်က အလုပ်ရှင်နဲ့ အလုပ်သမားကို တိုက်ပေးသလိုမျိုး ဖြစ်နေတယ်။ ပုဂ္ဂလိကဝန်ထမ်းထက် နိုင်ငံဝန်ထမ်းက ပိုများနေတယ်။ အထည်ချုပ် လုပ်ငန်းတွေမှာဆိုရင် တချို့စက်ရုံတွေမှာ လုပ်သားက ၁,၀၀၀၊၂,၀၀၀ ရှိတယ်။ ကြိုတင်စီမံရတဲ့ကိစ္စ ရှိတယ်။ အလုပ်သမားတွေက ၁၀ ရက်ပဲ လိုချင်တယ်။ မပေးရင် ပဋိပက္ခဖြစ်တော့မယ်” ဟု ပြောသည်။
ထိုကဲ့သို့ဆွေးနွေးမှုကို မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး၌ ကနဦးပြုလုပ်ခြင်းဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။
နိုင်ငံတော်သမ္မတရုံးက မတ်လ ၉ ရက် နေ့စွဲဖြင့် သင်္ကြန်ပွဲတော်ကာလ နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက် သတ်မှတ်ထားခဲ့ရာတွင် ရက်ရှည်ကာလ ရုံးပိတ်ရက်ဖြစ်ခြင်း၊ ဘဏ်ပိတ်ရက်ရှည် ဖြစ်ခြင်း၊ နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်လာခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည် စီးဆင်းမှု နှောင့်နှေးကြန့်ကြာခြင်းတို့ကြောင့် ယခုနှစ်အတွင်း ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်များကို ပြင်ဆင်ရန်သင့်မသင့် သုံးသပ်ရန် ဝန်ကြီးဌာနများသို့ သဘောထားတောင်းခံသည့်စာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သမ္မတရုံး၏ထုတ်ပြန်ချက်၌ သင်္ကြန်ကာလရုံးပိတ်ရက်များ လျှော့ချခြင်းကြောင့် လျော့နည်းသွားသော ရုံးပိတ်ရက်များအစား သီတင်းကျွတ် ရုံးပိတ်ရက်များ၊ တန်ဆောင်တိုင် ရုံးပိတ်ရက်များနှင့် နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် အစားထိုးပေးသွားမည်ဟု ထည့်သွင်းရေးသားထားသည်။
ယခုနှစ်တွင် စတင်ပြောင်းလဲ သတ်မှတ်လိုက်သည့် မဟာသင်္ကြန်ပွဲတော်ကာလ ရုံးပိတ်ရက် ၅ ရက်သာ ပိတ်မည်ကို အချိန်နီးကပ်စွာ ထုတ်ပြန်လိုက်ခြင်းကြောင့် အဆင်မပြေမှု မရှိစေရန်အတွက် အလုပ်ရှင်များနှင့် ညှိနှိုင်းပြီး ပိတ်ရက် ၅ ရက်တိုးကာ စုစုပေါင်း ၁၀ ရက် ရရှိစေရန် ဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး နောင်နှစ်များတွင် သင်္ကြန်ရုံးပိတ် ၅ ရက်သာ သတ်မှတ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။