စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုး အပါအဝင် KNU ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံနေသည့် ဓာတ်ပုံတပုံ Facebook တွင် ပေါ်ထွက်လာခဲ့သည်။ သူတို့ တွေ့ဆုံမှုက ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖြစ်ပြီး ၃ နာရီနီးပါး ကြာမြင့်ခဲ့ သည်ဟု လည်း သိရသည်။
တွေ့ဆုံမှုမှာ နေပြည်တော်ရှိ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏ နေအိမ်တွင်ဖြစ်ပြီး၊ ဓာတ်ပုံထဲ၌ ညာဘက်တွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိုင်နေပြီး ညာဘက်ဒုတိယမြောက်နေရာတွင် စောမူတူးစေးဖိုး က ထိုင်ကာ အခြားထိပ်တန်း ခေါင်းဆောင်များ ဖြစ်သော KNU အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း နှင့် စောရော်ဂျာခင်တို့ကိုလည်း တွေ့ရ သည်။
ခမ်းနားကြီးကျယ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ဧည်ခန်းသည် ရွှေရောင်လွှမ်းနေပြီး၊ လှပသည့် ကော်ဇောကြီးကိုလည်း ခင်းထားသည်ကို တွေ့ရသည်။
အဆိုပါ ဓာတ်ပုံကို Dawei Princess Co.,Ltd ၏ အမှုဆောင် ဒါရိုက်တာနှင့် Sun and Rainbow Co.,Ltd ၏ ဒါ ရိုက်တာ ဖြစ်သူ ဦးငွေစိုးက သူ၏ Facebook စာမျက်နှာတွင် တင်ခဲ့ခြင်း ဖြစ်သည်။
ဦးငွေစိုးက ယခုပုံကို ခွင့်ပြုချက်ရယူ၍ အပြုသဘောဆောင်သော ရည်ရွယ်ချက်ဖြင့် သူ၏ Facebook တွင် တင်ခြင်းဖြစ် သည်ဟု ရေးသားခဲ့သည်။ အဆိုပါ တွေ့ဆုံမှုကို သူက စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တွေ့ဆုံ နိုင်အောင် စီစဉ်ပေးရန် KNU ခေါင်းဆောင် စောမူတူးစေးဖိုးနှင့် ဖဒိုကွယ်ထူးဝင်းတို့က အကြိမ်ကြိမ် တောင်းဆိုခဲ့သဖြင့် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သူက ရေးသည်။
“အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဖိုး မူတူးစေးဖိုး၊ ဖဒိုကွယ်ထူးဝင်းနဲ့ ဖထီး ရော်ဂျာခင် တို့ကို သူ့အိမ်မှာ လက်ခံ တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်။ တွေ့ဆုံမှုက ၃ နာရီနီးပါးကြာမြင့်ပါတယ်။ တွေ့ဆုံဖို့ ကျနော် စီစဉ်ပေးခဲ့တာပါ။ သူ (KNU ဥက္ကဌ) က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ သူက နိုင်ငံရေး စကားမပြောချင်ဘူး။ သူက စစ်သား တွေလိုပဲ စကားပြောချင်တာ။” ဟု ဦးငွေစိုးက ရေးသားခဲ့သည်။
ဦးငွေစိုးက KNU ခေါင်းဆောင် စောမူတူးစေးဖိုး၊ ဖဒို ကွယ်ထူးဝင်း နှင့် KNU ခေါင်းဆောင်ဟောင်း စောဒေးဗစ်ထော တို့ နှင့်လည်း ရင်းနှီးသူ ဖြစ်သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက စောဒေးဗစ်ထော ရန်ကုန်မြို့တွင် ကွယ်လွန် ခဲ့ စဉ်က ဆေးဝါး နှင့် ဈာပနစရိတ် များလည်း လှူဒါန်းခဲ့သည်ဟု သိရသည်။
KNU ခေါင်းဆောင်များ နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေဆုံပွဲတွင် သူ မိတ်ဆက်ပေးခဲ့ ခြင်း ဖြစ်သည်ဟု ဦးငွေစိုးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တွေ့ဆုံသည်အခါတွင် စောမူတူးစေးဖိုး ကို အသက်မည်မျှရှိပြီနည်းဟု မေးမြန်း ခဲ့ရာ စောမူတူးစေးဖိုး က အသက် ၈၃ နှစ် နှင့် ၄လ (ထိုစဉ်က) ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။
“အဖိုးက သူ အသက် ၈၃ နှစ်နဲ့ ၄လ ရှိပြီ ဆိုတော့ သူ(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က ခင်ဗျားကကျနော့်ထက် နည်းနည်း ငယ်တယ်။ ကျနော်က အသက် ၈၅ နှစ် ရှိပြီလို့ ပြန်ပြောတယ်။” ဟု ဦးငွေစိုးက ရေးသားထားသည်။
ဦးသန်းရွှေက သူ စစ်တပ်အရာရှိငယ်ဘဝက ကရင်ပြည်နယ်တွင် တာဝန်ကျစဉ်က သိရှိခဲ့ရသည့် ဒေသခံတချို့အကြောင်း ကို မေးမြန်းခဲ့သည်။
“သူတို့ ထိုင်ပြီးကြချိန်မှာ ကျနော်က မှတ်တမ်းတင်ဖို့ အတွက် ဓာတ်ပုံ တပုံလောက်ရိုက်ပါရစေလို့ ခွင့်တောင်းခဲ့ပါတယ်။ ပြီးတော့ ကျနော်က အစည်းအဝေးခန်းထဲက ထွက်လာခဲ့ပါတယ်။” ဟု ဦးငွေစိုးက ရေးသားခဲ့သည်။
နိုင်ငံရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မရှိဟု ဆိုသော်လည်း ဦးငွေစိုးက ခေါင်းဆောင်များ အနေဖြင့် နိုင်ငံရေး အကြောင်း နှင့် တိုင်းပြည်အတွက် သူတို့ မည်သို့ထင်သည် ဆိုခြင်းများကို ပြောကောင်းပြောနိုင်သည် ဟု ရေးသားခဲ့သည်။
“အဖိုးမူတူးက ခေါင်းဆောင်တယောက်က တိုင်းပြည်အတွက်ဘယ်လို စဉ်းစားတယ်ဆိုတာ သိဖို့ အခွင့်အရေး ရခဲ့ပါတယ်။ သူက ပြည်တွင်းငြိမ်းချမ်းရေးမှာ ဘာတွေဆုပ်ကိုင်ထားပြီး ဘယ်နေရာမှာ လွဲချော်နေတာကို သိခွင့်ရခဲ့တယ်” ဟု ဦးငွေစိုး က ရေးထားသည်။