ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွင်း မဲရုံ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် လုံခြုံရေး ဝန်ထမ်းများ မရှိသင့်သည့် နေရာတွင် ရှိနေပါက ရွေးကောက်ပွဲ ဥဒေအရ အရေးယူ ခံရနိုင်သဖြင့် လုံခြုံရေးဝန်ထမ်းများနှင့် ခေါင်းဆောင်များ ရွေးကောက်ပွဲ ဥပဒေများကို လိုက်နာရန် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ချောင်းဆုံ မဲဆန္ဒ နယ်တွင်း တာဝန်ထမ်းဆောင်မည့် လုံခြုံရေး ဝန်ထမ်းများအား သတိပေး ပြောကြား သွားခဲ့သည်။
“မရှိရဘူး ဆိုတဲ့ နေရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားထားမိရင် အရေးယူ ခံရလိမ့်မယ်၊ မဲရုံပရဝုဏ် ထဲကို ရဲဝင်လို့ မရဘူး ၊ ဝင်သွားမိရင် အရေးယူ ခံရမယ်။ ခေါင်းဆောင်တွေက ရွေးကောက်ပွဲ လုပ်ထုံး၊ လုပ်နည်းတွေ ကော်မရှင်က ထုတ်ပြန် ထားတဲ့ စည်းကမ်းတွေကို တိတိကျကျ သိထားမှ မှန်မှန်ကန်ကန် တာဝန် ပေးနိုင်မှာ၊ လက်အောက် ငယ်သားတွေက ဒီမှာနေဆို နေမှာပဲ ၊ ရပ်ဆို ရပ်မှာပဲ ၊ ထိုင်ဆို ထိုင်မှာပဲ၊ နေရင်း ထိုင်ရင်းနဲ့ ဝန်ထမ်းက ဘဝပျက် သွားမယ်” ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက သတိပေး ပြောကြား သွားခဲ့သည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ တဖက်ကမ်းရှိ ချောင်းဆုံ မဲဆန္ဒနယ်သည် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ အတွက် တခုတည်းသာ မဲဆန္ဒနယ် ဖြစ်ကာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ နောက်ဆုံး ရရှိ ထားသည့် စာရင်း အရ မဲပေး နိုင်သည့် မဲဆန္ဒရှင်ပေါင်း ၁၂၆၂၂၅ ဦး ရှိပြီး မဲရုံပေါင်း ၆၂ ရုံ ရှိသည်။
ချောင်းဆုံမြို့နယ် ရဲတပ်ဖွဲ့အင်အားမှာ ဖွဲ့စည်းပုံအရ ၁၅၀ ရှိရမည်ဖြစ်သော်လည်း ၈၃ ဦးသာရှိရာ အင်အားဖြင့် မလုံလောက် သဖြင့် မတ်လ ၃၀ ရက်နေ့က မွန်ပြည်နယ်ရှိ အခြား ရဲစခန်း၊ ရဲကင်း၊ အရန် အင်အား များထဲမှ ရဲတပ်သား ၇၈ ဦးကို ကြားဖြတ် ရွေးကောက်ပွဲ ကာလ အတွင်း ချောင်းဆုံ မဲဆန္ဒ နယ်တွင် ခေတ္တ တာဝန်ထမ်းဆောင် နိုင်ရေး အတွက် ဗိုလ်မှူးကြီး ဝင်းနိုင်ဦးမှ နယ်မြေခံ မြို့မ ရဲစခန်းနှင့် ညှိနှိုင်း ဆွေးနွေး ခဲ့သည်။
“၈၃ ယောက်လုံးက မဲရုံ ၆၂ ရုံမှာ သွားနေလို့မှ မရတာ၊ ရဲစခန်းကို တံခါးပိတ်ပြီး ၊ သံကြိုးခတ်ပြီး သွားလို့မှ မရတာ ၊ အဲဒါကြောင့် ရွေးကောက်ပွဲ ကာလမှာ လုံခြုံရေး ၁၀၀ ရာခိုင်နှုန်း ရရှိစေဖို့ ပြည်နယ် ထဲကနေပြီးတော့မှ ထုတ်နှုတ်ပြီးတော့ အယောက် ၈၀ နီးပါး ထပ်ဖြည့် ထားပေးတယ်။ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စ ဖြစ်လို့ ပျော့ကွက် ဟာကွက်တွေ ရှိလို့ မရဘူး၊ လုံခြုံရေးပိုင်းက ပျော့ကွက် ဟာကွက် ရှိလို့ မရသလို၊ အခြား ဘယ်လို အကြောင်းအရာ ကြောင့်မှ ပျော့ကွက် ဟာကွက် ရှိလို့ မရဘူး” ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဧရာဝတီ သတင်းဌာနသို့ ရှင်းပြ ပြောဆို ခဲ့သည်။
ထို့အပြင် မဲရုံ ဝန်ထမ်းများ ၊ မဲရုံ လုံခြုံရေး ဝန်ထမ်းများတို့ တာဝန်ကျ မဲရုံတွင် တာဝန် ထမ်းဆောင်စဉ် အတွင်း မဲဆွယ် စည်းရုံးမှု မြောက်သည့် မည်သည့် အပြုအမူ ၊ အပြောအဆို မျိုးကိုမှ မပြုလုပ်ရန်နှင့် ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ များကို လိုက်နာရန် မွန်ပြည်နယ်၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။
၎င်းက “ပါတီ တံဆိပ် အမှတ်အသား တပ်လို့ ရလား ဆိုပြီး မေးတာမျိုး ရှိပါတယ်၊ အပိုဒ်ခွဲ (၂) (က) မှာ ပါပြီးပါ။ ပါတီတံဆိပ် အမှတ်အသား ပါတဲ့ တံဆိပ် တပ်ဆင်ခြင်း မပြုရ ဆိုပြီး ပါပါတယ်။ ပုဂ္ဂိုလ်ရေး အမြင်နဲ့ မိမိတို့ ထောက်ခံတဲ့ ပါတီ အပေါ် မဲဆွယ် စည်းရုံးရေး အသွင် သဏ္ဍာန် မဖြစ်မှ အဆင်ပြေမှာပါ” ဟု ရှင်းပြသည်။
မဲဆွယ် စည်းရုံးရေး နောက်ဆုံးရက် မတ်လ ၃၀ ရက်နေ့ အထိ ချောင်းဆုံ မဲဆန္ဒနယ်တွင် နောက်ဆုံး ရရှိ ထားသည့် စာရင်းအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ မှ မဲဆွယ် စည်းရုံးရေး ၁၈၃ ကြိမ်ဖြင့် အကြိမ်ရေ အများဆုံး မဲဆွယ် စည်းရုံး ထားပြီး ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သည် အကြိမ်ရေ ၁၇၆ ကြိမ်ဖြင့် ဒုတိယ နေရာမှ လည်းကောင်း ၊ မွန်အမျိုးသား ပါတီမှ ၁၁၈ ကြိမ်နှင့် တတိယ နေရာမှ လည်းကောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ၇၂ ကြိမ်ဖြင့် စတုတ္ထ နေရာမှ လည်းကောင်း ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ၅၅ ကြိမ်ဖြင့် အကြိမ်ရေ အနည်းဆုံး မဲဆွယ်စည်းရုံး ထားကြကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးထွန်းရီက ပြောသည်။