Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းအား သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် တရားရုံးဦးလျောက်ထားမှု ကျောက်တံတားမြို့နယ်တရားရုံးက ယနေ့နေ့လည်ပိုင်းတွင် ပလပ်ခဲ့ကြောင်း သိရသည်။
ကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ တရားသူကြီးက ကိုဆွေဝင်းရဲ့ ပြောဆိုချက်တွေက ဘာသာ၊ သာသနာတရပ်ကိုတော့ မညိုးနွမ်းစေဘူး၊ တဦးတယောက် နစ်နာစေတယ်ဆိုရင် အသရေဖျက်နဲ့ တိုင်ကြားနိုင်တယ်ဆိုပြီး လက်ရှိအမှုကို ပလပ်ခဲ့တာပါ”ဟုပြောသည်။
ကိုဆွေဝင်းအနေဖြင့် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့်တရားစွဲဆိုမှုအပေါ် ရှင်းလင်းပြောကြားသည့် သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည့် စကားများအပေါ် အခြေခံကာ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင် သည့် ကိုသက်မျိုးဦးဆိုသူမှ ကျောက်တံတားမြို့နယ် တရားရုံးတွင် မေလ ၁၉ ရက်နေ့က ဦးတိုက်လျောက် ထား တိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။
ကျောက်တံတားမြို့နယ် တရားသူကြီး ဦးသန်းနိုင်ထွေးမှ အမှုလျောက်ထားတိုင်ကြားမှုမှာ ကိုက်ညီမှုမရှိ သည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၃ အရ အမှုအား ပလပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဆရာတော် ဦးဝီရသူ၏ တပည့်ဖြစ်သူ ဦးကျော်မျိုးရွှေဆိုသူမှလည်း ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် မန္တလေးမြို့ မဟာအောင် မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက်နေ့က အမှုဖွင့်တိုင်ကြားထားသည်။
ယင်းအမှုတွင် ရဲစခန်းမှ ကိုဆွေဝင်းအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ထားပြီး လုပ်ထုံးလုပ်နည်းများ ကျန်နေသေးသည့်အတွက် မေလဆန်းမှသာ တစုံတခုသိရမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။
ကိုဆွေဝင်းသည် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များမှ အိမ်အကူမိန်ကလေးများအား ညှင်းပမ်းနှိပ်စက်မှုကို ဖော်ထုတ်ရေးသားမှုကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုခြင်းခံထားရသူ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတွင် သတင်းထုတ်ဖော်ရေးသားမှုများကြောင့် လူသိများလာခဲ့သူလည်း ဖြစ်သည်။