ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အကြောင်း သတင်း ရေးသားခဲ့တဲ့ စစ်တွေမြို့ အခြေစိုက် သတင်းသမား ကိုနေမင်းအောင် (ခေါ်) ကိုမင်းမင်းဟာ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စာတွေကို လက်ခံရရှိနေတယ် လို့ သိရပါတယ်။
RIA ခေါ် Root Investigative Agency သတင်းဌာန တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ကိုနေမင်းအောင် (ခေါ်) မင်းမင်းက ဒေသခံ တက်ကြွလှုပ်ရှားသူတွေ အဖမ်းခံရတဲ့ အမှုဟာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတယ် ဆိုတဲ့ သတင်းကို ဧပြီ ၁ဝ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ နောက်ပိုင်း စတင်ခြိမ်းခြောက်ခံရတာလို့ ဆိုပါတယ်။
ယင်း ဒီသတင်းဌာနက စာဖတ်ပရိတ်သတ်များသို့ အသိပေးခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧပြီလ ၂၁ ရက်နေ့မှာ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီ ထုတ်ပြန်ချက်ထဲမှာ အသက် အန္တရာယ် ခြိမ်းခြောက်ခံနေရတယ် ဆိုတဲ့ အကြောင်း ထည့်သွင်း ရေးသားခဲ့တာပါ။
“ကျနော် သိုသိုသိပ်သိပ်ပဲ နေရတယ်။ ရုံးသွားတက်တာတောင်မှ တပတ်မှာ နှစ်ရက်လောက်ပဲ တက်တယ်။ အခြေအနေ ကြည့်ပြီးတော့ တတ်နိုင်သမျှ အိမ်ကပဲ လုပ်တယ်” လို့ ကိုမင်းမင်းက ပြောပါတယ်။
၂ဝ၁၆ ခုနှစ် မတ်လ ၁ဝ ရက်နေ့က စစ်တွေမှာရှိတဲ့ ကိုမင်းမင်းရဲ့ နေအိမ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး အဲဒီလို တိုက်ခိုက်မှု မခံရခင်ကလည်း အခုလို လူမှုကွန်ရက်က တဆင့် ခြိမ်းခြောက်ခဲ့တယ် လို့ သိရပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့က ပြည်သူတချို့ကို ဖမ်းဆီးပြီး အထမ်းသမား အဖြစ် ခိုင်းစေတယ် ဆိုပြီး သတင်းရေးသားမှု နောက်ပိုင်း တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ယခု ထပ်မံ ခြိမ်းခြောက်မှုတွေကလည်း အန္တရာယ် ကြီးမားတယ် လို့ ကိုမင်းမင်းက ယူဆပါတယ်။
ခြိမ်းခြောက်မှုတွေမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ ပါဝင်ပတ်သက်မှု ရှိ-မရှိ တိတိကျကျ မပြောနိုင်ကြောင်း၊ သို့သော်လည်း ခြိမ်းခြောက်သူများမှာ ထိုလက်နက်ကိုင် အဖွဲ့ကို ထောက်ခံသူများ ဖြစ်ကြောင်း ကိုမင်းမင်းက ရှင်းပြပါတယ်။
Facebook မက်ဆင်ဂျာက တဆင့် ခြိမ်းခြောက်တဲ့သူ လေးဦးခန့် ရှိပြီး မိမိ၏ လုံခြုံရေး အခြေအနေအရ တိုင်ကြားမှု တစုံတရာ ပြုလုပ်ဦးမှာ မဟုတ်ဘူး လို့ ၎င်းက ပြောပါတယ်။
၎င်းရဲ့ လုံခြုံရေးအတွက် နေအိမ်မှာ လုံခြုံရေး ကင်မရာ တပ်ဆင်ခွင့်ပြုရန် အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တဆင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူး ဦးမျိုးမြတ်ဟိန်းကို တင်ပြ တောင်းဆိုထား ပေမယ့် အခုအချိန်အထိ ထူးခြားမူ မရှိသေးဘူး လို့လည်း သိရပါတယ်။
စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းမှ စခန်းမှူး၊ ဒုရဲမှူး ရန်နိုင်လတ်က လုံခြုံရေးကင်မရာ တပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ကိုမင်းမင်းရဲ့ အိမ်နီးနားချင်းတချို့က ကန့်ကွက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“သူကတော့ သူ့ရဲ့လိုအပ်ချက်အရ သူ့ဘာသာသူ လုံခြုံမူကို လုပ်ထားတဲ့ သဘောပါ။ ကိုမင်းမင်းနဲ့ ပတ်သက်လို့ အရမ်း အန္တရာယ်ကြီးမားပြီး ဒုက္ခရောက်လောက်အောင်တော့ ကျနော်ကတော့ မတွေ့ပါဘူး။ လုံခြုံရေး အရ ကိုမင်းမင်းက ဖုန်းဆက်ရင်တော့ ကျနော်ကတော့ ချက်ခြင်း ရောက်သွားမှာပဲ။ သူနဲ့ ကျနော်နဲ့က ဖုန်း အဆက်အသွယ်က ရှိပြီးသား “ လို့ စခန်းမှူးက ပြောပါတယ်။
အာဏာပိုင်တွေ စီစဉ်ပေးတဲ့ လုံခြုံရေး အစီအစဉ်တွေ မရှိသေးတာကြောင့် သတိနဲ့ နေထိုင်နေရတယ် လို့ ကိုမင်းမင်းက ပြောပါတယ်။
RIA သတင်းဌာနကို ရခိုင်ပြည်နယ်တွင်း ဖြစ်ရပ်များ အကြောင်း တင်ပြနိုင်ဖို့ အတွက် ၂ဝ၁၅ ခုနှစ်က တည်ထောင်ခဲ့ပြီး ဒေသတွင်း အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ပဋိပက္ခ စတဲ့ အကဲဆတ်တဲ့ သတင်းတွေကို ရေးသား ဖော်ပြလျက်ရှိပါတယ်။ ။