လက်ရှိအစိုးရအဖွဲ့ဖြစ်သည့် NLD အနေဖြင့် တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းအတွင်းမှ ပြင်ဆင်ရန် ကြိုးစားသင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဌနှင့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်က ပြောသည်။
ဒေါက်တာအေးမောင်က“၂၀၀၈ ဖွဲ့စည်းပုံကို ဒီအတိုင်းထားမှာလား။ ငြိမ်းချမ်းမှပဲ ပြင်မှာလား။ ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် လိုင်းတလိုင်းအနေနဲ့ မကြိုးစားသင့်ဘူးလား။ ဖွဲ့စည်းပုံပြင်နိုင်မှုက ငြိမ်းချမ်းရေးအတွက် အားတခု မဖြစ်သင့်ဘူးလား။ အဲဒီလို အားတခုဖြစ်တယ်လို့ ယုံကြည်ရင် ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းကြောင်းတခုက ရှိကိုရှိသင့်တယ်။ အဲဒါက ပါလီမန်အတွင်းမှာ ပြင်မှရမှာ” ဟု သတင်းထောက်များကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဖွဲ့စည်းပုံပြင်ဆင်ရေး အခန်း ၁၂ အရ လွှတ်တော်ထဲသာ ပြင်ဆင်ခွင့်ရှိကြောင်း၊ အရေးကြီးသည့် ပုဒ်မ ၉၅ ခုကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန်လိုအပ်ပြီး ကျန်ပုဒ်မများကိုလည်း တပ်မတော်၏ သဘောတူညီချက်မရလျှင် ပြင်နိုင်မည်မဟုတ်သဖြင့် တပ်မတော်နှင့် ဆက်ဆံရေးကောင်းရန် ကြိုးစားရန်လိုကြောင်း ၎င်းက ဆိုသည်။
“ဖွဲ့စည်းပုံပြင်နိုင်ရေးဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးရဲ့ အပေါင်းလက္ခဏာ ဘယ်လောက်အထိ လူထုအကျိုး ဆောင်နေပြီးပြီလဲ၊ ဒါက အဖြေပဲ။ ပါလီမန်အတွင်းမှာလည်း ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားရမယ်။ အင်အားစုတွေ ညှိနိုင်ရမယ်။ အပေးအယူ လုပ်ရမယ်။ ပြီးခဲ့တဲ့ပါလီမန်မှာ ပြင်ဖို့ ကြိုးစားခဲ့ပြီးပြီ။ မရွေ့ဘူး။ ဒီပါလီမန်မှာ မကြိုးစားသင့်ဘူးလား။ ပြီးခဲ့တဲ့ အစိုးရနဲ့ တပ်မတော်ချိတ်ဆက်မှု၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး။ အခု အစိုးရ၊ ပါလီမန်၊ တပ်မတော်နဲ့ နီးကပ်မှု၊ နီးစပ်မှု အဲဒီအရွေ့ ၂ ခု ပြိုင်ရမှာ” ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။
ဒေါက်တာအေးမောင်ပြောဆိုချက်နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD) ရန်ကုန်တိုင်း ဒုဥက္ကဌ ဒေါက်တာစိုးဝင်းဦးက “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရနိုင်တဲ့အခွင့်အရေးရှိသမျှ ဥပဒေဘောင်အတွင်းက တိုင်းပြည်ထိခိုက်မှု အနည်းဆုံးနည်းလမ်းဖြင့် ပြင်ဆင်သွားမယ်လို့ သဘောထားမှတ်ချက် ပြုထားပါတယ်။ ပြင်တာက ဒီ ၅ နှစ်အတွင်းမှာ ဥပဒေဘောင်အတွင်းကပြင်ဖို့ ကြိုးစားဖို့ ပါတီမှာ မူရှိပြီးသားပါ။ ငြိမ်းချမ်းရေးရမှ ပြင်မယ်ဆိုတဲ့မူလည်း မရှိဘူး။ အခုက တိုင်းပြည်ရဲ့အခြေအနေအရ အားလုံးကို ချိန်ဆဆောင်ရွက်နေရတဲ့ အနေအထားပါ” ဟု ပြောသည်။
ထို့အပြင် လွတ်လပ်ရေးရပြီး နှစ် ၇၀ ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ခု ရရှိခဲ့ရာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်အာဏာသိမ်းသဖြင့် ပျက်စီးသွားခဲ့ရကြောင်း၊ ၁၉၇၄ အခြေခံဥပဒေသည်လည်း ၁၉၈၈ ခုနှစ်တွင် ပြိုကျခဲ့ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်ပေါက်လာသော်လည်း တိုင်းရင်းသားများ၏ ကိုင်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူရေးကို အာမခံချက် မပေးနိုင်သေးဟု ဒေါက်တာအေးမောင်က ရှင်းပြသည်။
“ဘာကြောင့် ၄၇ ဖွဲ့စည်းပုံကို သဘောထားကြီးကြီးနဲ့ မပြင်ဆင်နိုင်ခဲ့တာလဲ။ နောက် ၇၄ လာတယ်။ ၇၄ လည်း ၈၈ ကြောင့် ပြိုတာပဲ။ အခုလည်း ၂၀၀၈ ကြီးလာပြီ။ အခု ၂၀၀၈ ကတိုင်းရင်းသားများ မျှော်မှန်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးနိုင်မလား။ အဲဒီလို တိုင်းဒေသကြီးနဲ့ ပြည်နယ် ဖွဲ့စည်းပုံ ရေးရုံနဲ့ လုံလောက်မလား”ဟု ၎င်းက ဆိုသည်။
NLD အစိုးရအနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးလမ်းကြောင်းကို လွှတ်တော်တွင်း ကြိုးစားခြင်းမရှိဘဲ ငြိမ်းချမ်းရေးနှင့် ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးရမှသာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ၂၀၁၆ ခုနှစ်အတွင်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။
ဒေါက်တာ အေးမောင်က “စစ်မှန်တဲ့ ပြည်ထောင်စုတခုကို သွားဖို့အတွက် ဒီ ၂၀၀၈ ဖွဲ့စည်းပုံ မပီပြင်ဘူးဆိုတာကို နားလည်တယ်။ အဲဒါကြောင့် ပီပြင်တဲ့၊ စစ်မှန်တဲ့ ပြည်ထောင်စုတခုကို သွားချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံကိုပြင်ဖို့ ကျနော်တု့ိ ကြိုးစားရမှာပဲ”ဟု ပြောဆိုသည်။
ဒေါက်တာအေးမောင်သည် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။