“မိုရာ” ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ဝင်ရောက်သွားပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတချို့တွင် မုန်တိုင်းတိုက်ခတ်မှု အရှိန်သက်ရောက်နေသေးသဖြင့် သတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။
ဦးလှထွန်းက “ချင်းပြည်နယ်တို့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်တွေမှာ တိမ်တိုက်တွေက ရှိနေသေးတယ်။ အဲဒီနေရာတွေမှာလည်း မိုးရွာသွန်းမှုအပြင် လေပြင်းတိုက်တာ တွေရှိတယ်။ မိုးသည်းထန်ရွာတာ၊ မြေပြိုတာတွေ၊ လျှပ်တပြက်ရေကြီးတာတွေ ဒါတွေကို သတိထားရမယ်။ မုန်တိုင်းက ကုန်တွင်းပိုင်း ဝင်တဲ့အခါမှာ တိမ်တိုက်တွေ ဖြန့်ထွက်သွားတယ်။ ဖြန့်တွက်သွားတဲ့ တိမ်တိုက်တွေက ချင်းပြည်နယ်တို့ မကွေးတိုင်းတို့ စစ်ကိုင်းတိုင်းတို့ဆီ ပြန့်လာတဲ့အခါ မိုးသည်းထန်စွာ ရွာသွန်းတာတွေရှိမယ်” ဟု ပြောသည်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” သည် မေလ ၂၉ ရက် ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် လေပြင်းတိုက်ခတ်မှုကို ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် သတိပေး ဖော်ပြထားသည်။
မိုရာမုန်တိုင်းအရှိန်ကြောင့် စစ်တွေမြို့တွင် မေလ ၂၉ ရက် ည ၁၀ နာရီခန့်တွင် လေ စတင်တိုက်ခတ်ပြီး နံနက် ၄ နာရီခန့်တွင် လေတိုက်ခတ်မှု ပိုမိုပြင်းထန်လာကြောင်းနှင့် လေတိုက်နှုန်း ၇၀ ခန့်ရှိပြီး ယနေ့နံနက်ပိုင်းတွင် လေတိုက်ခတ်မှု အနည်းငယ်ပြေသွားကြောင်း စစ်တွေမြို့ခံ ဦးမောင်ထွန်းလှိုင်က ပြောသည်။
မုန်တိုင်းအရှိန်ကြောင့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်တို့တွင် အနည်းငယ် ပျက်စီးမှုများ ရှိသော်လည်း ဆိုးရွားသည့် ထိခိုက်ပျက်စီး ဆုံးရူံးများ မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
ဦးတင်မောင်ဆွေက “လေတိုက်လို့ အိမ်တွေအမိုးလန်တာလောက်ပဲ၊ အကြီးအကျယ် ထိခိုက်ပျက်စီးတာ မရှိဘူး။ ကျူးကျော်တဲတွေ၊ မြစ်ကမ်းဘေးမှာရှိတဲ့ အိမ်တွေ နောက်ကွင်းပြင်ထဲမှာရှိတဲ့ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်း အဲဒီလိုမျိုးတွေပေါ့။ လူနေအိမ်တွေ ထိခိုက်တာ မရှိပါဘူး ။သစ်ပင်တွေလဲတယ် သစ်ပင်ပိတာတွေ ရှိတယ်။ အစိုးရအနေနဲ့က လိုအပ်တာတွေလိုက်ပြီး ကူညီနေတယ်” ဟု ဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရူံးခဲ့ရမှုနှင့် ပတ်သက်ပြီး စာရင်းအတိအကျ မသိရသေးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း ၊မြေပြိုခြင်းများနှင့် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီဌာနမှ ထုတ်ပြန်သတိပေးထားသည်။