ပြည့်တန်ဆာပပျောက်ရေး ဥပဒေကြောင့် လိင်ဖျော်ဖြေမှုလုပ်ငန်းလုပ်ကိုင်ကြသူများ နစ်နာဆုံးရှုံးမှုများ ရှိနေခြင်းကြောင့် ၎င်းတို့ကို အကာအကွယ်ပေးနိုင်မည့် ဥပဒေတခု ရေးဆွဲနိုင်ရန် လိင်လုပ်သားအရေး ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“Sex Worker တွေ အရေးနှင့် ပတ်သက်ပြီး ဥပဒေတခု ရေးဆွဲနေတာမျိုးမဟုတ်ပေမယ့် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအား ပယ်ဖျက်ပြီး Sex Worker တွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတခု ရှိလာအောင်တော့ ကြိုစားနေပါ တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီလိင်လုပ်သားတွေကိစ္စ တင်ပြလာတာတွေ၊ သူတို့နဲ့ ဆွေးနွေးနေတာတွေ လုပ်နေ တယ်၊ Sex Worker အရေးတွေကို ဦးဆောင်လှုပ်ရှားပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အကောင်းဆုံး အနေအထားတခု ရရှိအောင် ဆွေးနွေး အဖြေရှာသွားမယ်” ဟု ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ တာဝန်ရှိသူတဦးက ပြောသည်။
ပြည့်တန်ဆာပပျောက်ရေး ဥပဒေ ပြင်ဆင်ပေးနိုင်ရေး ဆွေးနွေးပွဲများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ ဖြစ်သည့် Equality Myanmar၊ ပြည်ကြီးခင်၊ တော်ဝင်ခရေ၊ ပျိုးပင်အဖွဲ့များက ဦးဆောင်ပြုလုပ်နေကြောင်း၊ အဆိုပါဆွေးနွေးပွဲ များတွင် လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးများ တက်ရောက်၍ ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ ကို အဓိကထား၍ ဆွေးနွေးလျက်ရှိသည်။
အဆိုပါဆွေးနွေးပွဲများမှ အသေးစိတ်အချက်အလက်များကို စုစည်းကာ လူ့အခွင့်အရေးဆောင်ရွက်နေသော အခြား အဖွဲ့အစည်းများနှင့်လည်း ဆက်လက်ဆွေးနွေး၍ ပြည့်တန်ဆာပပျောက်ရေးဥပဒေအစား အကာအကွယ်ပေးနိုင်မည့် ဥပဒေတခုရှိလာစေရန် ရည်ရွယ်သည်ဟု သိရသည်။
ပြည့်တန်ဆာပပျောက်ရေး ဥပဒေ ပြင်ဆင်ပေးနိုင်ရေး ဆွေးနွေးပွဲများ ပြုလုပ်ပေးနေသည့် ပြည်ကြီးခင်အဖွဲ့မှ တာဝန်ရှိသူတဦးက “အဓိကတော့ Sex Worker တွေ ဦးဆောင်ပြီး သူတို့ အခက်အခဲတွေကို တင်ပြဆွေးနွေးကြတယ်။ ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေကြောင့် ဘယ်လိုအခက်အခဲတွေ ရှိနေတယ်ဆိုတာကို ဆွေးနွေးပြီး အကြီးအကဲတွေ သိပြီးတော့ တခုခု ပြုပြင် ပြောင်းလဲလာစေဖို့အတွက် ရည်ရွယ်ပြီး လုပ်ပေးနေတာပါ”ဟု ရှင်းပြသည်။
ထို့ကြောင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအား ပယ်ဖျက်၍ လိင်လုပ်သားများကို အကာအကွယ်ပေးနိုင်မည့် ဥပဒေတရပ်အား ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ရေးဆွဲရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ သတင်းများအရ သိရသည်။
ယခင်အချိန်က လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ ဘဝတူ Sex Worker များ၏ ကျန်းမာရေး အတွက် ကျန်းမာရေးလုပ်သားအဖြစ် ဆောင်ရွက်နေသောသူများကို ပြည့်တန်ဆာပပျောက်ရေး ဥပဒေဖြင့် ဖမ်းဆီးမှုများ လည်း ရှိနေကြောင်း၊ လိင်ဖျော်ဖြေမှု လုပ်ငန်းလုပ်ကိုင်သူ အချို့သည် ဝန်ဆောင်မှုပေးရာ၌ ဧည့်သည်များ၏ ရိုက်နှက်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းများ ရှိသဖြင့် သက်ဆိုင်ရာရဲစခန်းများသို့ တိုင်ကြားလိုသော်လည်း တိုင်ကြား၍ မရကြောင်း သိရသည်။
“ဧည့်သည်က ရိုက်တာတွေ၊ ပိုက်ဆံမပေးတာတွေ ခံရရင်လည်း ရဲကို တိုင်လို့မရဘူး၊ ရဲကိုတိုင်ရင် ကိုယ်ပဲ အရင်အဖမ်းခံရမှာလေ၊ အဲဒါတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုရင် ပြည့်တန်ဆာ ပပျောက်ရေးဥပဒေကြောင့် ဖြစ်နေရတာပါ၊ ဒါကြောင့် ဒီဥပဒေကို ဖြစ်နိုင်မယ်ဆိုရင် ပြင်ဆင်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု အောင်မြေသာစံမြို့နယ်မှ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်သူ မစန္ဒာလင်းက ပြောသည်။
လိင်လုပ်သားများအတွက် ဥပဒေရေးဆွဲရာတွင် ၎င်းတို့မှတဆင့် ကူးစက်ရောဂါများ ပြန့်ပွားခြင်းမရှိစေရန်၊ အကြမ်းဖက်မှု များ၊ အလွဲသုံးစားလုပ်မှုများ၊ လူကုန်ကူးမှုများ၊ ဖိနှိပ်မှုများ မဖြစ်စေရန် တားဆီးသည့် ဥပဒေမျိုးဖြစ်ရန် လိုအပ်ပြီး လိင်လုပ် သားများ၏ အခြေခံအခွင့်အရေးကို ကာကွယ်ပေးရန် လိုအပ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသည့် အရပ်ဘက်အဖွဲ့ အစည်းများက သုံးသပ်ပြောပြသည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းက ပြည့်တန်ဆာလုပ်ငန်းအား တရားဝင်လုပ်ကိုင်ခွင့်ပေးရန် အဆိုပြုတင်ပြမှု များရှိခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ကြောင်း၊ ပြည်တန်ဆာ ပပျောက်ရေးဥပဒေအား ပြင်ဆင်ရန်အတွက် ယခင်အစိုးရ လက်ထက်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဥပဒေကြမ်းအဆင့်တွင် ရပ်နားထားပြီး ယခုအစိုးရလက်ထက်၌ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားမည်ဟု Sex Worker ဦးဆောင် လှုပ်ရှားပေးနေသောအဖွဲ့အစည်းများက ပြောသည်။