ဆောင်းပါး

စက်မချုပ်ချင်ဘူး၊ ပြည့်တန်ဆာပဲ လုပ်ချင်တယ်

Want create site? Find Free WordPress Themes and plugins.

ရောင်စုံ သိုးမွေးစများဖြင့် ပြုလုပ်သည့် စားပွဲတလုံးဘေးတွင် ဝိုင်းထိုင်နေကြသော အမျိုးသမီးတစုက သူတို့ မိသားစုများအကြောင်း၊ အလုပ်အကြောင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တော်ကို ပတ်ဝိုင်းထားသော ထူထပ်သည့် မြူခိုးများအကြောင်း ပြောဆိုနေကြသည်။

အဆိုပါ အမျိုးသမီးများက လိင်အလုပ်သမများ ဖြစ်ကြကာ သူတို့ ထိုင်နေကြသော Can Do ဘားက သူတို့၏ ဖောက်သည်များနှင့် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းနိုင်ပြီး အလုပ်စကား ပြောနိုင်သော အလုပ်ခွင် ဖြစ်သည်။ Can Do ဘားကို သူတို့ စုပေါင်းပိုင်ဆိုင်ကြ၍ များသောအားဖြင့် လိင်အလုပ်သမားများ ငြင်းပယ်ခြင်းခံရတတ်လေ့ရှိသော ကျန်းမာရေး အာမခံ၊ ပုံသေအလုပ်ချိန်နှင့် အားလပ်ချိန်များ ခံစားခွင့်ရရှိကြသည်။

Can Do ဘားကို ၂၀၀၆ ခုနှစ်တွင် အကျိုးအမြတ်မယူသည့် ဖောင်ဒေးရှင်းတခု ဖြစ်သော Empower က တည်ထောင်ခဲ့ သည်။ ထိုင်းနိုင်ငံ၏ စည်ပင်ထွန်းကားနေသည့် လိင်မှုလုပ်ငန်းကဏ္ဍအပေါ် သည်းခံနိုင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိလာ သည့်တိုင် မနှစ်မျို့စရာအဖြစ် သဘောထားခြင်းခံနေရဆဲ ဖြစ်သည့် လိင်အလုပ်သမားများ အတွက် ဘန်ကောက်မှ Patpong ရပ်ကွက်တွင် Empower ဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်။

ထောင်နှင့် ချီသော ထိုင်းနှင့် ရွှေ့ပြောင်း လိင်အလုပ်သမားများသည် ပိုမိုကောင်းမွန်သော အခြေအနေများအတွက် ဘား နှင့် အနှိပ်ခန်းပိုင်ရှင်များနှင့် ညှိနှိုင်းမှုပြုလုပ်ရန်အပြင် သူတို့၏ ဝင်ငွေ၊ ဘေးကင်းလုံခြုံမှုနှင့် ကောင်းမွန်စွာ နေထိုင်နိုင်ရေး သူတို့အလုပ်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းမပြုရေးကို အစိုးရထံ တောင်းဆိုရန် Empower ထံမှ သင်ယူခဲ့ကြသည်။

“ကျမတို့ လုပ်နေတဲ့ အလုပ်ကို ရပ်သင့်တယ်၊ အဲဒီအစား စက်ချုပ်သင့်တယ်၊ မုန့်ဖုတ်သင့်တယ်လို့ လူတွေက ပြောကြ တယ်။ ဒါပေမယ့် အဲဒီအလုပ်တွေကသာ သင့်တော်တယ်လို့ ဘာကြောင့် ထင်ကြတာလဲ” ဟု ချင်းမိုင် ဇာတိ အသက် ၃၀ ကျော် အရွယ် မိုင်ချန်တာက ပြောသည်။ သူက လိင်အလုပ်သမားလုပ်ခဲ့သည်မှာ ၈ နှစ်ကြာခဲ့ပြီ ဖြစ်သည်။

လိင်အလုပ်သမများ စုပေါင်းပိုင်ဆိုင်သည့် ချင်းမိုင်က Can Do ဘား/chiangmaicitylife.com

“ဒါက ကျမတို့ လုပ်ဖို့ ရွေးချယ်လိုက်တဲ့ အလုပ်ပဲ။ ကျမတို့မှာ တခြားအလုပ်သမားတွေလိုပဲလို့ ဂုဏ်ယူတဲ့၊ ကျေနပ်တဲ့ ခံစားချက်မျိုး ရှိတယ်” ဟု ခြေသလုံး အထိရောက်သော စကပ်နှင့် “United Sex Workers Nations” ဟု ရေးထား သည့် တီရှပ်ကို ဝတ်ဆင်ထားသော မိုင်ချန်တာက ပြောသည်။

ကမ္ဘာပေါ်မှ သန်းနှင့် ချီသည့် အမျိုးသမီးများက ဝင်ငွေရှာဖွေရန် ထိုအလုပ်ကို ရွေးချယ်ခဲ့ကြသည်။ သြစတြေးလျ၊ နယူးဇီ လန်၊ ဂျာမနီ၊ နယ်သာလန်၊ ဆီနီဂေါ နှင့် ပီရူး အပါအဝင် နိုင်ငံ အနည်းငယ်မျှကသာ တရားဝင် အဖြစ် အသိအမှတ်ပြုထား ခြင်းက လိင်အလုပ်မများကို နေရာတိုင်းတွင် အနိုင်ကျင့်ခံရရန် လွယ်ကူသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

အာရှ နေရာအများစုကဲ့သို့ လိင်အလုပ်ကို ဆန့်ကျင်သည့် သဘောထားက နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ထိုင်းနိုင်ငံ တွင် ပြည့်တန်ဆာလုပ်ခြင်းက တရားမဝင်ဘဲ ဘတ် ၁၀၀၀ (၃၂ ဒေါ်လာ) အထိ ဒဏ်ငွေ ချမှတ်ခြင်း ခံရနိုင်သည်။ အသက် မပြည့်သေးသော လိင်လုပ်သားကို ငွေကြေးပေးပျော်ပါးသူ ဖောက်သည်များမှာ ထောင်ဒဏ် ၆ နှစ် အထိ ချမှတ်ခြင်း ခံရနိုင်ပါသည်။

UNAIDS ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာ တခုအရ ထိုင်းနိုင်ငံတွင် လိင်လုပ်သား ၁၂၃၅၃၀ ရှိကြောင်းသိရသည်။ သို့သော် လည်း အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ ရောက်လာသည့် သောင်းနှင့်ချီသော ရွှေ့ပြောင်း အ ခြေချသူများ အပါအဝင် အရေအတွက်က အစီရင်ခံစာတွင် ဖော်ပြသည်ထက် ၂ ဆကျော် ပိုများနိုင်ကြောင်း လူ့အခွင့်အ ရေး အဖွဲ့အစည်းများက ပြောကြသည်။

ဝင်ရောက် ဖမ်းဆီးခြင်း

ထိုင်းနိုင်ငံ၏ ခေတ်သစ် လိင်မှုစီးပွားလုပ်ငန်းက ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်စစ်စခန်းများ ထူထောင်ခြင်းနှင့် အတူ စ တင် တည်ထောင်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ အမေရိကန်တပ်ဖွဲ့များ ဘန်ကောက်သို့ သူတို့၏ အားလပ်ရက် အပန်း ဖြေ လာရောက်ခဲ့ကြသည့် ဗီယက်နမ် စစ်ပွဲကာလအတွင်းတွင် လျှင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း ဘားများ၊ အနှိပ်ခန်းများနှင့် ကာရာအိုကေ ခန်းမများသို့ မကြာခဏ လာရောက်ကြသည့် အမျိုးသား ဧည့်သည်အရေအတွက်က ကမ္ဘာလှည့်ခရီးသည် အရေအတွက် တိုးလာသည်နှင့်အမျှ များပြားလာခြင်းနှင့် အတူ တိုင်းပြည်ကို လိင်ခရီးသွားလုပ်ငန်းဖြင့် သိလာခဲ့ကြသည်။

ပြည့်တန်ဆာလုပ်ခြင်းက ၁၉၆၀ မှ စတင်၍ တရားမဝင် ဖြစ်ခဲ့သော်လည်း အကျိုးအမြတ် များပြားလှသည့် စီးပွားရေးက မရေမတွက်နိုင်သော တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များကို အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့သည့်အတွက် ဥပဒေက အမြဲတမ်းနီးပါး ဥပေက္ခာပြုထားခံခဲ့ရသည်။

သို့သော်လည်း ၁၉၇၀ နှစ်များအတွင်းက ကနေဒါမှသည် သြစတြေးလျအထိ အခြားသူများလုပ်ခဲ့ကြသည့် လမ်းကြောင်း အတိုင်း ထိုင်းနိုင်ငံမှ လိင်လုပ်သားများက သူတို့၏ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး များကို တောင်းဆိုသော လှုပ်ရှားမှုတခု ကြီးထွားအောင် ကြိုးစားလာကြသည်။

၂၀၁၄ ခုနှစ်တွင် စစ်အစိုးရ အာဏာရရှိလာသည့် အချိန်မှ စတင်၍ တိုင်းပြည်ကို ချမ်းသာကြွယ်ဝသော ကမ္ဘာလှည့်ခရီး သည်များအတွက် ဇိမ်ခံစရာ အဆင့်မြင့်နေရာတခု အဖြစ်သို့ ပြောင်းလဲရန် ခရီးသွားလုပ်ငန်း အာဏာပိုင်များက ကတိပြုခဲ့ ခြင်းနှင့် အတူ ထိုင်းနိုင်ငံ နေရာတိုင်းတွင် တွေ့နိုင်သော ပြည့်တန်ဆာအိမ်များကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများ အများအပြား ပြုလုပ်လာခဲ့သည်။

ကမ္ဘာပေါ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အားထုတ်မှုများ တိုးလာခြင်းက လိင်လုပ်သားများကို ဖြိုခွဲရာတွင် အကြောင်းပြ ချက်ပေးစရာတခု ဖြစ်စေခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြသည်။

ရဲတပ်ဖွဲ့နှင့် အများအကျိုးဆောင် အဖွဲ့အစည်းများက “စီးနင်းရေး နှင့် ကယ်တင်ရေး” စစ်ဆင်ရေးများတွင် လိင်လုပ်သား များအား ဒဏ်ရိုက်ရန်၊ ထိန်းသိမ်းရန်၊ တရားစွဲဆိုရန် နှင့် မိခင်နိုင်ငံသို့ ပြန်ပို့ရန် ရွှေ့ပြောင်းလုပ်သားများနှင့် လူကုန်ကူးခြင်း နှင့်ဆိုင်သော ဥပဒေများကို အသုံးချလေ့ရှိသည် ဟု Empower ဖောင်ဒေးရှင်းမှ လစ်ဇ်ဟေလ်တန်က ပြောသည်။

Can Do ဘားအတွင်းရှိ ပြခန်း/chiangmaicitylife.com

“အာဏာပိုင်တွေက ဝင်ရောက်စီးနင်းမှုတွေကို မှန်ကန်ကြောင်းပြဖို့အတွက် အဲဒီမှာ လူကုန်ကူးမှုတွေရှိတယ်လို့ ပြောကြ တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက လိင်လုပ်သားအများစုက အဲဒီထဲ ပါနေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရနိုင်တဲ့ တခြားအလုပ်တွေ အားလုံးထက် အဲဒါက ပိုက်ဆံပိုရလို့ ဖြစ်ပါတယ်” ဟု သူက Thomson Reuters Foundation သို့ ပြောသည်။

“အဲဒီ အမျိုးသမီးတွေမှာ ထောက်ပံ့ရမယ့် မိသားစုတွေ ရှိကြတယ်။ လိင်အလုပ်ကို တရားဝင်အဖြစ် သတ်မှတ်လိုက်ခြင်းက သူတို့ အရေးယူခံရတာ သို့မဟုတ် စိုးရိမ်ကြောက်လန့်စရာ မရှိဘဲ ဂုဏ်သိက္ခာရှိစွာနဲ့ အလုပ်လုပ်နိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ” ဟု သူက ပြောသည်။

လိင်လုပ်သား အများစုသည် တနေ့အတွက် အနည်းဆုံးလုပ်ခလစာ (ဘန်ကောက်တွင် ၃၂၅ ဘတ်) ၏ ၂ ဆမှ ၁၀ ဆ အတွင်း ရှာဖွေနိုင်သော အမျိုးသမီးများ ဖြစ်ကြကြောင်း Empower ဖောင်ဒေးရှင်း၏ အဆိုအရ သိရသည်။

ဝင်ရောက် စီးနင်းမှုများက လူကုန်ကူးမှုနှင့် အသက်မပြည့်ဘဲ ပြည့်တန်ဆာလုပ်ကိုင်ခြင်းများကို စစ်ဆေးရန် ဖြစ်ကြောင်းနှင့် အာဏာပိုင်များက လိင်လုပ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ပံ့ပိုးပေးကြောင်း အစိုးရတာဝန်ရှိသူ တဦးက ပြောသည်။

“ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ပြုလုပ်ဖို့ ကျမတို့ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို အားပေးတယ်လို့ မြင်သွားမှာကို ကျမတို့ မလိုချင်တဲ့အတွက် အဲဒါက ရွေးချယ်စရာတခု မဟုတ်ပါဘူး” ဟု လူမှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာနမှ စစ်ဆေးရေးမှူးချုပ် ပွန်းဆုံပေါင်ပရာမော့က ပြောသည်။

“လိင်ခရီးသွားလုပ်ငန်းဆိုတာက ကျမတို့ သိစေချင်တဲ့ အရာမဟုတ်ဘူးဆိုတဲ့ သတင်းစကားကို ကျမတို့ ထုတ်ပြန်ချင် ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်းက အဲဒီသတင်းစကားကို အထောက်အကူ မဖြစ်ပါဘူး” ဟု သူက ပြောသည်။

ကိုယ်ကျင့်တရားပျက်ယွင်းမှု

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ပြုလုပ်ပေးခြင်းက လိင်လုပ်သားများသည် ကိုယ်ကျင့်တရား မကောင်းသူများ၊ စာရိတ္တ ပျက်ပြားသူများ ဖြစ်သည်ဆိုသည့် ရွံရှာ အထင်သေးမှုကို လျှော့ချပေးနိုင်ပြီး သူတို့ လုပ်ကိုင်ရသည့် အခြေအနေကို တိုးတက် ကောင်းမွန်လာစေမည်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အထောက်အကူပြုလိမ့်မည်ဟု Global Alliance Against Traffic in Women (GAATW) မှ ကျွမ်းကျင်သူတဦး ဖြစ်သည့် ဘောရစ်စလပ် ဂျရာစီမော့က ပြောသည်။

ထိုင်းနိုင်ငံသည် လူကုန်ကူးမှုအတွက် အရင်းအမြစ်တခု၊ ခရီးစဉ် အကူးအပြောင်း လမ်းဆုံတခုနှင့် ဦးတည်ရာနိုင်ငံတခု ဖြစ် ပြီး လူပေါင်း ၆၁၀ ၀၀၀ ခန့်မှ ခေတ်သစ်ကျေးကျွန်ပြုခြင်းခံရသည့် အခြေအနေတွင် နေထိုင်နေကြရသည်ဟု Walk Free Foundation ၏ Global Slavery Index 2018 ၏ အဆိုအရ သိရသည်။

အထူးတပ်ဖွဲ့တခုနှင့်အတူ ပိုမို၍ တရားစွဲဆိုမှုများ ပြစ်ဒဏ် ချမှတ်မှုများဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံ၏ သိသာထူးခြားသော အားထုတ်မှုများကို အမေရိကန် နိုင်ငံခြားရေးဌာနက အသိအမှတ်ပြုခဲ့ပြီး ၎င်း၏ နောက်ဆုံးထုတ် Trafficking in Persons အစီရင်ခံစာတွင် အဆင့် (၂) သို့ မြှင့်တင်ပေးခဲ့သည်။

သို့သော်လည်း လူကုန်ကူးခြင်းက ငါးဖမ်းလုပ်ငန်းကဲ့သို့သော လုပ်ငန်းကဏ္ဍများတွင် ပျံ့နှံ့နေသော်လည်း လိင်လုပ်သားများနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ်ပုံက သူတို့ကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးခြင်းနှင့် ဝေးကွာနေသည်ဟု ဘန်ကောက်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) မှ အန်နာအိုလ်ဆန်က ပြောသည်။

Can Do ဘားအတွင်းရှိ ပိုစတာတခု/ vice.com

“လိင်အမြတ်ထုတ် အနိုင်ကျင့်ဖို့ အတွက် ရည်ရွယ်ချက်နဲ့ လူကုန်ကူးခြင်းက အရေးကြီးတဲ့ အကြောင်းကိစ္စတခုပါ။ ဒါပေ မယ့် အဲဒါက လိင်လုပ်ငန်းနဲ့ ကွဲပြားပါတယ်” ဟု သူကပြောသည်။

“ဒီလို ၂ ပိုင်းခွဲခြားတဲ့ နေရာမှာ လိင်လုပ်ငန်းမှာ လုပ်ကိုင်ခြင်းက အများစုအတွက် လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တခု ဆိုတာကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့တယ်။”

မတ်လ အတွင်းက ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် LGBT ကိုယ်စားလှယ်လောင်း အများအပြားက လိင်လုပ် ငန်းကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ရေးအတွက် ကတိပေးခဲ့ကြသည်ကို တွေ့ရသည်။

Can Do ဘားမှ အမျိုးသမီးများက မျှော်လင့်နေကြသည်ဟု Empower ဖောင်ဒေးရှင်းကို တည်ထောင်သူ အဖွဲ့ဝင်တဦးဖြစ် သော ပင်းပေါင်က ပြောသည်။

“ကျမတို့ စလုပ်တော့ ကျမတို့ကို ပြောကြတယ်။ မင်းတို့က လိင်လုပ်သားတွေ မင်းတို့ လူမှုဖူလုံရေး ရမှာ မဟုတ်ဘူး။ အားလပ်ချိန်ရမှာ မဟုတ်ဘူးတဲ့။ ဒါပေမယ့် ကျမတို့ လုပ်ခဲ့တယ်” ဟု သူက ပြောသည်။

“ကျမတို့အတွက် တခြားတစုံတယောက်က လုပ်ပေးမှာကို ကျမတို့က ဒီတိုင်း ထိုင်စောင့်နေမှာ မဟုတ်ဘူး။ အခု အစိုးရ သစ်တခု ရှိနေပြီ။ ကျမတို့က အလုပ်သမား ဝန်ကြီးသစ်ရဲ့ တံခါးကို သွားခေါက်ဖို့ အဆင်သင့်ပဲ။”

(Thomson Reuters Foundation ၏ No Sewing Please, We’re Sex Workers: Thai Prostitutes Battle Stigma ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

LGBT တို့ဘဝ အချိန်မတိုင်ခင် ကြွေလွင့်မသွားစေချင်

ဘဝကို ကုန်ပစ္စည်းသဖွယ် တရုတ်လက်ထဲ ထိုးအပ်ခံနေရတဲ့ အမျိုးသမီးလေးများ

မြန်မာ့လူကုန်ကူးမှုပြဿနာ စိုးရိမ်ဖွယ်ရှိနေ

အတင်းအဓမ္မထိမ်းမြားခံရသည့် လူကုန်ကူးမှု အများဆုံးဖြစ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading