သတင်း

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ အမြန်ဆုံးပြန်ခေါ်ပေးရန် ဟိန္ဒူအမျိုးသမီး ၈ ဦးက မြန်မာအစိုးရကို တောင်းဆို

Want create site? Find Free WordPress Themes and plugins.

အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားခဲ့၍ ARSA အဖွဲ့ဝင်များက ၎င်းတို့အား လိုက်လံ သတ်ဖြတ်ရန် ရှာဖွေလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ဟိန္ဒူအမျိုးသမီးများက ဧရာဝတီ သို့ ပြောသည်။

၎င်းတို့ လက်ရှိ နေထိုင်နေရသည့် ဒုက္ခသည်စခန်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အတွက် မြန်မာ အစိုးရ အနေ ဖြင့် အမြန်ဆုံးကယ်ထုတ် ခေါ်ယူပေးရန် တောင်းဆိုကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က ဖုန်းမှတဆင့် ပြောကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်တောင်ရွာ ဇာတိဖြစ်သည့် ၎င်း အပါအဝင် ဟိန္ဒူ အမျိုးသမီး ၈ ဦးသည် ARSA အကြမ်းဖက် သမားများ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း၊ မွတ်စလင် အမျိုးသားများအား လက်ထပ်ပြီး ဘာသာ ပြောင်းမည်ဟု ကတိပေးသဖြင့် အသတ်မခံရဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူ တဦးဖြစ်သည့် ရီကာက ဧရာဝတီ ကို ပြောပြသည်။

ဟိန္ဒူအမျိုးသမီး ရီကာက “ကျမတို့ပုံတွေက သတင်းတွေမှာလည်း ပါနေတော့ သတ်ဖို့လိုက်ရှာနေတယ် ကြားတယ်၊ အခုပြန်လာချင်တယ်၊ အစိုးရက အခုထိ လာမခေါ်သေးဘူး၊ မနေချင်တော့ဘူး၊ အခုပြန်ချင်နေပြီ” ဟု ပြောသည်။

အသက် ၂၅ နှစ်အရွယ် ရီကာသည် ကလေးတယောက် မိခင် ဖြစ်ပြီး အကြမ်းဖက် ဖမ်းဆီးခံရစဉ် အတွင်း ခင်ပွန်း ဖြစ်သူသည် ၎င်း၏ ရှေ့တွင်ပင် လည်ပင်းဖြတ် အသတ်ခံခဲ့ရကြောင်းလည်း ပြောပြသည်။

အဆိုပါ ဟိန္ဒူ အမျိုးသမီး ၈ ဦး ဖမ်းဆီး ခေါ်ဆောင်ခံရခြင်းနှင့် ပတ်သက်၍ စစ်တွေ မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် စက်တင် ဘာ ၁၃ ရက် နေ့ကတည်းက အသိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်း ဟိန္ဒူ အမျိုးသမီး ၈ ဦး အား ပြန်လည်ခေါ်ယူနိုင်ရေး အတွက် မြန်မာအစိုးရ အနေဖြင့် သံတမန်ချင်း ဆက်သွယ် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို မေးမြန်းရာတွင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက သံတမန် နည်းလမ်းဖြင့် ဆက်သွယ် ဆောင်ရွက် နေကြောင်း ဖြေကြားသည်။

ဟိန္ဒူ အမျိုးသမီး ၈ ဦးသည် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ခရိုင် အတွင်းရှိ ဒုက္ခသည် စခန်း တခု တွင် ခိုလှုံနေရကြောင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်မှု အတွက်လည်း စိုးရိမ်နေရကြောင်း ရီကာက ပြောသည်။

မောင်တောမြို့နယ်အတွင်း ဟိန္ဒူရွာငယ်များဖြစ်သည့် ရဲဘော်ကျရွာနှင့် တောင်ရွာတို့ကိုလည်း အကြမ်းဖက်သမားများက သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခိုက်ကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း လွတ်မြောက် ခဲ့ သည့် ရွာခံများ၏ ပြောကြားချက်ကို ကိုးကား၍ ဦးကျော်ဇောဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထား သည်။

လတ်တလောတွင်လည်း ရဲဘော်ကျ ကျေးရွာအနီးတွင် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၄၅ လောင်းကို စက်တင် ဘာ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပြန်လည်တူးဖော် တွေ့ရှိခဲ့ကြောင်း အစိုးရက သတင်းထုတ် ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading