ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်စပ် ခြံစည်းကာရန်မည့် ကိစ္စနှင့်ပတ်သက်ပြီး China – ASEAN Economic and Cultural Association ၏ ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် ဟင်္သာဧကရီ ကုမ္ပဏီတို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည်။
အဆိုပါ အဖွဲ့သည် နိုင်ဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က လေကြောင်းမှ စစ်တွေမြို့သို့ ရောက်ရှိလာကာ ရခိုင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များ အပေါ် လိုအပ်ချက် များကို ပံ့ပိုးကူညီသွားမည့်အကြောင်း၊ နယ်စပ် ခြံစည်းရိုးကာရန်မည့် လုပ်ငန်း၌ ကူညီလုပ်ကိုင် ဆောင်ရွက်မည့် အကြောင်း ၁၅ မိနစ်ခန့် တွေ့ဆုံပြော ကြားခဲ့ ကြောင်းသိရသည်။
“ကျမတို့နဲ့ ဥက္ကဌကြီးတို့ အဖွဲ့ကရတဲ့ အချိန်လေးမှာပဲ ပြည်နယ်အစိုးရအဖွဲ့ရော ပြည်နယ်ကလူတွေနဲ့ တွေ့လို့ရအောင် အတွေ့ကြုံရှိအောင် ဆိုပြီးတော့ လာခဲ့တာပါ၊ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ပြောလိုတာ ကတော့ ကျမတို့ အမျိုးသားအရေး ကိစ္စ အနေနဲ့ ရခိုင်ပြည်နယ်မှာ နယ်စပ်ခြံစည်းရိုးကိစ္စ အဓိက ထားပြီးတော့ ကျန်တဲ့ ဖွ့ံ့ဖြိုးရေးဆိုင်ရာကိစ္စ အဝဝကို ဖြည့်ဆည်း လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ချက် ချထားပြီးပါပြီ” ဟု ဟင်္သာဧကရီ ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေးက ပြောသည်။
၎င်းအဖွဲ့သည် ရခိုင်ပြည်နယ်သို့ နေ့ချင်း ပြန်လာရောက်ခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အဖွဲ့နှင့် တွေ့ဆုံပြီး နောက် စစ်တွေမြို့ ရှုခင်းသာလမ်း RV စားသောက်ဆိုင်တွင် သတင်းမီဒီယာများ နှင့် ခဏတာ တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
ယင်နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံရန် ရုံးသို့သွားရောက်ခဲ့သော်လည်း အစိုးရ အဖွဲ့အစည်း အဝေး လုပ်ဆောင်နေသည့်အတွက် တွေ့ဆုံနိုင်ခြင်းမရှိဘဲ ပြည်နယ်ဝန်ကြီးများဖြစ် သည့် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်၊ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးပုန်ပွေတို့နှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွက် ကူညီပံပိုးမည့်အကြောင်းများနှင့် နယ်စပ်ခြံစည်းရိုး ကာရံရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်ထောင်စုအဆင့် အကြီးအကဲများနှင့် ပြောထားသည့် ကိစ္စရပ်များ ဖြစ်သည့်အတွက် ဘာမှ ပြောစရာရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
China – ASEAN Economic and Cultural Association နှင့် ဟင်္သာဧကရီ ကုမ္ပဏီတို့ နယ်စပ်ခြံ စည်းရိုး ကာရံ မည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံ လုပ်ကိုင်ဆောင်ရွက်မည် ၊ မည်ကဲ့သို့ လုပ်ပိုင် ခွင့်များ ရရှိထားသည် ဆိုသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၄ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်အကြီး အကဲများနှင့် တွေ့ဆုံဆွေးနွေး သွားပြီးမှာသာ အသေးစိတ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဟင်္သာဧကရီ ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေးက မီဒီယာများကို ပြောကြားခဲ့သည်။
ဟင်္သာဧကရီ ကုမ္ပဏီသည် တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ရန်ကုန်မြို့ အခြေစိုက် ကုမ္ပဏီတခုဖြစ်ကြောင်းသိရသည်။