နေပြည်တော်ကောင်စီနယ်မြေ၊ လွှတ်တော်အဆောက်အအုံ အနီး ဒရုန်းယာဉ် လွှင့်တင်မှုဖြင့် တူရကီအခြေစိုက် TRT သတင်းဌာနမှ စင်ကာပူ နိုင်ငံသား တဦးနှင့် မလေးရှား နိုင်ငံသူ တဦးကို ဇမ္ဗူသီရိမြို့နယ် လဝက ဦးစီးမှူး က လ.ဝ.က အက် ဥပဒေ ၁၃ (၁) ဖြင့် ယနေ့ ထပ်မံ တရား စွဲဆိုလိုက်သည်။
“ပြည်တွင်းကို တရားဝင် ဝင်လာတယ်၊ တရားမဝင်တဲ့ အလုပ်ကို လုပ်သည့်အတွက် လူဝင်မှု ကြီးကြပ်ရေးအက် ဥပဒေ ၁၃(၁) နဲ့ ဒီနေ့မှာ အမှု ထပ်ဖွင့်တာ” ဟု တရားခံများဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနကလည်း ဒရုန်း ယူဆောင်လာသူများသည် မြန်မာနိုင်ငံသို့ အဝင် လေဆိပ် တွင် ယင်းဒရုန်း သယ်ဆောင်လာခြင်းကို PD ဖောင် ကြေညာချက် ရေးသွင်း၍ Declear လုပ်ခဲ့ခြင်း မရှိဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
နေပြည်တော် လွတ်တော် နယ်မြေအနီး ဒရုန်း လွှင့်တင်ခဲ့သည့် တူရကီ သတင်းဌာန TRT စင်္ကာပူရုံးခွဲမှ မလေးရှားနိုင်ငံသူ Mok Choy Lin၊ စင်ကာပူနိုင်ငံသား Lau Hon Meng၊ သတင်းထောက်နှင့် စကားပြန်အဖြစ် ဆောင်ရွက်သူ အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ၁၉၃၄ ခုနှစ် လေယာဉ် အက် ဥပဒေ ပုဒ်မ ၁၀ အရ ထောင်ဒဏ် ၂ လစီ ချမှတ်ထားပြီးဖြစ်သည်။
ထို့အပြင် သွင်းကုန်၊ ထုတ်ကုန် ဥပဒေဖြင့် ထပ်မံ အမှုဖွင့်ထားသည့် အပေါ် ရှေ့နေများက ကန့်ကွက်ထားသော်လည်း တရားစွဲဆိုထားသည့် ပုဒ်မများအတွက် လာမည့် ဒီဇင်ဘာ ၄ ရက်နေ့ တွင် ဆက်လက် စစ်ဆေးမည်ဟု သိရသည်။
အဆိုပါ အမှုကို ဒီဇင်ဘာ ၄ ရက်နေ့ ၌ စစ်ဆေးရာတွင် တရားလိုအဖြစ် စတင် တိုင်တန်းခဲ့သူ ရဲအုပ် ထွန်းထွန်းဝင်းကိုပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်- လွှတ်တော်အား Drone နှင့် ဓာတ်ပုံရိုက်ရန် ကြိုးပမ်းမှုဖြင့် လူ ၄ ဦး ထောင် ၂ လစီ ချမှတ်ခံရ