ပဋိပက္ခဖြစ်ပွားရာဒေသများရှိ မြစ်ကြီးများ၊ မြစ်လက်တက်များတွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကို ရပ်တန့် ရန် မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာကွန်ရက်နှင့် ကရင်မြစ်ချောင်းများ ကွန်ရက်တို့က ယနေ့ သဘောထားထုတ်ပြန်ချက် များ ထုတ်ကာ တောင်းဆိုလိုက်သည်။
အဆိုပါ သဘောထား ထုတ်ပြန်ချက်၌ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တည်ဆောက်နေသည့် ရေကာတာစီမံကိန်း များ သည် ဒေသခံများ၏ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက် စေနိုင်သဖြင့် ရပ်တန့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်းပါရှိသည်။
မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်ဝင် အဖွဲ့အစည်းဖြစ်သည့် သံလွင် အနာဂတ်အဖွဲ့မှ ဒေါ်နှင်းရီက “ဖွံ့ဖြိုးရေးကို အကြောင်းပြပြီး ကျမတို့ တိုင်းရင်းသားတွေ ပိုင်တဲ့ ရေမြေတွေကို လာပြီး စီမံခန့်ခွဲတာ၊ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို လာပြီးတော့မှ ဖွံ့ဖြိုးရေး စီမံကိန်းတွေ ချမှတ်တာကို လူထုတွေနဲ့ အတူ ကျမတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ အကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ် ”ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ ဒေသများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ရောက်လာတိုင်း နေရာပြောင်းရွှေ့ပေးနေရခြင်း၊ မှီခိုနေ ထိုင် သည့် သံလွင် မြစ်ပေါ်တွင် ရေကာတာ ဆောက်လုပ်ခြင်းကြောင့် ပျက်ဆီးလာပါက ဘဝရပ်တည် ရေး အာမခံချက်မရှိတော့ခြင်းတို့ကြောင့် စီမံကိန်းများကို ကန့်ကွက်ရခြင်းဖြစ်ကြောင်း သံလွင် အနာ ဂတ် အဖွဲ့မှ ဒေါ်နှင်းရီက ထပ်မံပြောဆိုသည်။
သံလွင်မြစ် တခုတည်းပေါ်တွင် ဆောက်လုပ်ရန် လျာထား ထားသည့် ရေကာတာစီမံကိန်းမှ ၁၄ ခုခန့်ရှိ ပြီး ဧရာဝတီ၊ သံလွင်နှင့် ၎င်းတို့၏ မြစ်လက်တက်များပေါ်တွင် ဆောက်လုပ်ရန် လျာထားသည့် ရေကာတာ စီမံကိန်းပေါင်း ၅၀ ခန့်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အားရရှိနေပြီး လက်ရှိထုတ်လုပ်နိုင် စွမ်း ပမာဏမှာ ၃၀၀၀ မဂ္ဂါဝပ်ကျော်သာရှိသဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၂၀၃၀ ခုနှစ်အထိ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး မဟာဗျူဟာစီမံကိန်းရေးဆွဲထားပြီး ရေရှည်လျှပ်စစ်ဓာတ် အားရရှိရေးအတွက် ရေအားလျှပ်စစ်ကို ရည်မှန်းထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။
ပဋိပက္ခဒေသများတွင် အပစ်အခတ်များ မရပ်စဲသေးသည့်တိုင် ငြိမ်းချမ်းရေးစာချုပ်များ လက်မှတ်ရေး ထိုးပြီး နောက်ပိုင်း လက်ရှိ အစိုးရ အနေဖြင့် ရေကာတာ စီမံကိန်းများကို ဆက်တိုက် တိုးချဲ့လာ ကြောင်း ကရင်မြစ်ချောင်းများကွန်ရက်မှ ဦးစောသာဘိုးက ဧရာဝတီသို့ ပြောသည်။
“NCA လက်မှတ်ထိုးတဲ့ နောက်ပိုင်းမှာ လက်ရှိ အစိုးရအနေနဲ့က ရေကာတာတွေ ပိုဆောက်ဖို့ အတွက် စီမံကိန်းတွေချ တယ်။ ကျနော်တို့ဆီမှာ အပစ်မရပ်ခင်ကတောင် စီမံကိန်းက ၂ ခုပဲ ရှိတာ အပစ်ခတ် ရပ်စဲပြီးရေး နောက်ပိုင်းမှာ ပိုုတိုး လာတယ်”ဟု ၎င်းကဆိုသည်။
ထိုစီမံကိန်းများတွင် လုံခြုံရေးအတွက် ရောက်ရှိလာသည့် တပ်မတော်နှင့် အဆိုပါဒေသရှိ လက်နက် ကိုင်များ အကြား ဖြစ်ပွားသော ပဋိပက္ခများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ရှိနေကြောင်း ကရင်မြစ်ချောင်းများကွန်ရက် ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့မှစတင်ပြီး မြန်မာစစ်တပ်မှ အင်အား ၆၀၀ ကျော်ဖြင့် KNU ထိန်းချုပ်ရာ ဖာပွန်ခရိုင် နယ်မြေ ၌ ခွင့်ပြုပေးထားသော နယ်မြေထက် ကျော်လွန်ဝင်ရောက်လာမှုကြောင့် ကျေးရွာ ၁၄ ရွာမှ လူထု ၁၅၀၀ ကျော် အိုးပစ်အိမ် ပစ်ကာ တောထဲတွင် တိမ်းရှောင်နေရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဟတ်ကြီး ရေကာတာစီမံကိန်းနေရာ၏ အရှေ့ဖက် မနီးမဝေး နယ်မြေအတွင်း တပ်မတော်နှင့် နယ်ခြားစောင့် တပ်မှ ဟတ်ကြီးရေကာတာစီမံကိန်းအတွက် အဓိကကျသည့်လမ်းမကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းနှင့်အတူ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀၀ ကျော်သည် အိုးအိမ်နေရပ် ကိုစွန့်ခွာ ကာ ယာယီဒုက္ခသည်စခန်းများ၌ နေထိုင်နေရကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံမြစ်ချောင်းများ ဆိုင်ရာကွန်ရက်မှ မိအားချိုင်းက “ရေကာတာစီမံကိန်း စီစဉ်တဲ့ နေရာတိုင်း တွေက စစ်ပွဲတွေ ဖြစ်နေတဲ့နေရာတွေ ဖြစ်ကြတယ် ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေချတဲ့နေရာလည်းဖြစ်သလို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း တန်းဖိုးထားဖို့လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အဓိက လျှပ်စစ်အရင်းအမြစ်ဖြစ်သည့် လောပိတရေအားလျှပ်စစ်ကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားသော် လည်း လျှပ်စစ်မီးအပြည့်အဝ မရရှိသေးသည့် ကယားပြည်နယ်ကို နမူနာပြုပြီး တိုင်းရင်းသားဒေသများအတွက် အကျိုး မဖြစ်ထွန်းသည့် ရေအားလျှပ်စစ်စီမံကိန်းများ ထပ်မံ မလိုအပ် တော့ကြောင်း ဒေါ်နှင်းရီကလည်း သုံးသပ်သည်။
“ရေအားလျှပ်စစ်ကတော့ ကျမတို့ ထပ်ပြီး မလိုတော့ဘူးလို့ ပြောရဲတယ်။ ကျမတို့ ကရင်နီ(ကယား) ပြည်နယ်မှာ ဆိုရင် လောပိတ အမှတ် ၁၊ အမှတ် ၂ ၊အမှတ် ၃ ရှိပါတယ်။ ဒါပေမယ့် ကရင်နီပြည်နယ် မှာ မီးလင်းသလားလို့ နိုင်ငံတော် အစိုးရ လာကြည့်ပေးပါ။ ဖားဆောင်မြို့ဆိုရင် မြို့နာမည်တပ်နေတဲ့ မြို့လေးတောင်မှ ၂၀၁၂ လောက်မှ မီးစမြင်ရတာ။ ထပ်တိုးချဲ့ လာမယ့် စီမံကိန်းတွေက ကျမတို့ အတွက် ဘာအကျိုးရှိလာမလဲ။ ကျမတို့ လူမျိုးစုတွေက အကုန်လုံးအတွက် စတေးခံပေး ရမလား”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့်အနက် ၄ သန်းကျော်သာ လျှပ်စစ်မီးရရှိ နေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသဖြင့် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် (Demand Forecast ) အရ (၂၀၂၀-၂၀၂၁)ခုနှစ် တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့်လိုအပ်မည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်ခန့်သာရှိ နေဆဲဖြစ်သည်။
သံလွင်မြစ်ပေါ်နှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် တရုတ်၊ ဂျပန်နှင့် ဥရောပနိုင်ငံအချို့မှ ကုမ္ပဏီ များ အပါအဝင် ရွှေတောင်၊ အေးရှားဝေါလ်နှင့် IGE စသည့် ပြည်တွင်းကုမ္ပဏီများ၏ ရေအားလျှပ်စစ် စီမံကိန်းများရှိနေကြောင်း လျှပ်စစ်နှင့် စွင်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
လျှပ်စစ်ဓာတ်အား ၇,၁၁၀ မဂ္ဂါဝပ်ထွက်ရှိမည့် ရှမ်းပြည်နယ်အတွင်း မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း၊ ၁,၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ကွမ်းလုံရေကာတာစီမံကိန်း ၁၂၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် နောင်ဖ ရေကာ တာ စီမံကိန်း၊ ၂၂၅ မဂ္ဂါ ဝပ် ထွက်ရှိမည့် မန်တောင်းရေကာတာစီမံကိန်းနှင့် ၄,၀၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ကယားပြည်နယ် ရွာသစ်ရေကာတာနှင့် ၁,၃၆၀ မဂ္ဂါဝပ်ထွက်ရှိမည့် ကရင်ပြည်နယ် ဟက်ကြီးရေကာတာမှ စီမံကိန်းတို့မှာ သံလွင်မြစ်ပေါ်တွင် တည်ရှိနေကြသည်။