တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် လုပ်ကြံခံရမှုတွင် စွပ်စွဲ ခံထားရသူများအပေါ် မြောက်ပိုင်းခရိုင်တရားရုံးမှ စွဲချက်တင်ထားသည့် ပုဒ်မများအား ပြင်ဆင်ပေးရေး နှစ်ဖက်ရှေ့နေများ၏ အယူခံလျှောက်ထားမှုအား မေလ ၂၅ ရက်နေ့တွင်ကြားနာရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ကြေညာထားသည်။
တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက “ကြားနာမယ့်နေ့မှာ ဘဲ နှစ်ဖက်လျှောက်လှဲချက်တွေ တင်ကြမှာပေါ့၊ အဲဒီလိုကြားနာပြီးမှ မူလအမိန့်ဖြစ်တဲ့ စွဲချက်တွေအပေါ်မှာ သင့်တင့်တဲ့ ဆုံးဖြတ်ချက်အမိန့်တွေ ချမှာပါ” ဟုပြောသည်။
အမှုတွင် စွဲချက်တင်ထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်း တို့ကို ယနေ့ မေလ ၃ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ပုံမှန်ရုံးထုတ်ခဲ့သော်လည်း အမှုမှာ တိုင်းတရားလွှတ်တော်တွင်သာ ရှိနေသေးသည့်အတွက် အမှုစစ်ဆေးခြင်းမရှိခဲ့ဘဲ မေလ ၁၇ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းခဲ့သည်။
အမှုတွင် လုပ်ကြံသူ ကြည်လင်းနှင့် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သည့် ပုုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင်ထားပြီး ကြည်လင်းတဦးတည်း အနေဖြင့် လေဆိပ်အငှားယာဉ်မောင်း ဦးနေဝင်းအား သတ်မှုပုဒ်မ ၃၀၂(၂)ဖြင့် စွဲချက်တင်ခံထားရသည်။
အောင်ဝင်းထွန်း တဦးတည်းအား တရားခံအား လက်ခံမှုပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ကာ တရားရုံးမှ အာမခံပေးထားသည်။
သီးခြားအနေဖြင့် ကြည်လင်းနှင့် အောင်ဝင်းဇော် တို့ကို လက်နက်များနှင့်ပတ်သက်ပြီး ၁၈၇၈ ခုနှစ် လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) ဖြင့် စွဲချက်တင်ထားသည်။
အထက်ပါ စွဲချက်များနှင့်ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများမှ တိုင်းတရားလွှတ်တော်သို့ အသီးသီးအယူခံလျှောက်ထားခဲ့ကြခြင်းဖြစ်ပြီး မေ ၂၅ ရက်တွင်ကြားနာရန် ချိန်းဆိုစာရင်းတွင် ၎င်းတို့အပြန်အလှန် အယူခံလျှောက်ထားမှုမှာ ၈ မှုအထိရှိနေသည်။