မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲမှ တပ်မတော်သား ၃ ဦးကို ရက္ခိုင့် တပ်မတော် (AA) က စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “သူတု့ိကို ကျနော်တို့ စည်းကမ်းအတိုင်း ကောင်းကောင်း မွန်မွန် ထိန်းသိမ်း ထားပါတယ်” ဟု ပြောသည်။
အဆိုပါ တပ်မတော်သား ၃ ဦးအား လက်ထိပ်ခတ်ထားကာ ကြိုးနှင့်လည်း လက်များတွင် ထပ်မံ ချည်နှောင် ထားပြီး မတ် တပ်ရပ် အနေအထားဖြင့် လည်းကောင်း လက်နက်ခဲယမ်းများ ရှေ့၌ ဒူးထောက်နေသည့် အနေအထားဖြင့် လည်းကောင်း ရိုက်ယူထားသည့် ဓာတ်ပုံများကို ရက္ခိုင့် တပ်မတော် သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန် ကြေညာ ခဲ့ သည်။
၎င်းတို့ကို မေလ ၂၀ ရက်က ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း ဘူးသီးတောင် အခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း ခလရ-၂၆၃ ထံမှ ဖမ်းဆီး ရမိထားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဦးခိုင်သုခက “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ) ကနေ တဆင့် လွှဲပေး ဖို့တော့ အစီအစဉ် ရှိတယ်။ အရင်တုန်းကလည်း အဲဒီလိုပဲ လွှဲပေးတာ ဆိုတော့ ဒီလူတွေနဲ့ ပတ်သက်ပြီး ICRC ဘက်ကနေ လက်ခံမယ် ဆိုရင် ကျနော်တို့ကလည်း အဲဒီကိစ္စကို တိုင်ပင်ပြီးတော့ ဆက်လုပ်သွားဖို့ ရှိတယ်” ဟု ပြော သည်။
ယင်းပြင် တိုက်ပွဲတွင်း တပ်မတော်၏ ချေမှုန်းရေး ရိုင်ဖယ် ၈ လက်၊ BA 100 မော်တာ ၁ လက်၊ ပစ္စတို ၁ လက်နှင့် ကျည်မျိုးစုံကို လည်း AA ဘက်မှ သိမ်းဆည်းမိသည် ဟု ဦးခိုင်သုခ က ဆိုသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည့် ဓာတ်ပုံများထဲ၌ ဖမ်းဆီးခံထားရသည့် တပ်မတော်သား ၃ ဦး အနက်၂ ဦးမှာ ရာထူးတံဆိပ်များ မပါသည့် ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး ၁ ဦးမှာ ဒု တပ်ကြပ် လက်မောင်း တံဆိပ် ပါ ယူနီဖောင်းကို ဝတ်ဆင်ထားသည်။
ဖမ်းဆီးခံထားရသည့် တပ်မတော်သား ၃ ဦး၏ ရာထူးအဆင့်များကို မေးမြန်းရာ ဦးခိုင်သုခက မြေပြင်တပ်ဖွဲ့မှ သတင်း အချက်အလက် အသေးစိတ် မရရှိထားသဖြင့် မသိရှိကြောင်း ပြောဆိုပြီး ၎င်းတို့ အမည်များကိုလည်း AA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားခြင်း မရှိပေ။
ဆက်လက်ပြီး ဦးခိုင်သုခက ဖမ်းဆီးထားသည့် တပ်မတော်ဘက်မှ စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်း (Geneva Convention) အရ ထိန်းသိမ်းထားသည် ဟုလည်း ပြောသည်။
ဂျနီဗာကွန်ဗန်းရှင်း၏ ပြဌာန်းချက် အမှတ် (၃)တွင် ပြည်တွင်းပဋိပက္ခများဖြစ်ပွားရာ၌ စစ်သုံ့ပန်းများ၊ ဒဏ်ရာရရှိထား ခြင်း နှင့် ကျန်းမာရေး မကောင်းသည့် စစ်သားများအတွက် နှစ်ဖက် တပ်ဖွဲ့များ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ကို ၁၉၄၉ ခုနှစ်က ပြဌာန်းထားသည်။
ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားသည့် နိုင်ငံအတွင်းရှိ တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များက ဂျနီဗာ ကွန်ဗန်း ရှင်း၏ ပြဌာန်းချက်များကို ကျင့်သုံးလိုက်နာရမည် ဖြစ်ပြီး မြန်မာနိုင်ငံသည် ဂျနီဗာကွန်ဗန်းရှင်းကို လက်မှတ် ရေးထိုး ထားသည်။
ပြဌာန်းချက် အမှတ်(၃)တွင် နှစ်ဖက်ပစ်ခတ်မှုနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ဧရိယာအတွင်း ဆက်လက် ပစ်ခတ်မှု မပြု လုပ်ဘဲ လက်နက်ချလိုက်ပြီဟု ကြေညာသည့် စစ်သားများ၊ ဒဏ်ရာရထားသည့် စစ်သားများ၊ ဖမ်းဆီး ထိန်းသိမ်းခံရ ခြင်း နှင့် အကြောင်း အမျိုးမျိုးကြောင့် အညံ့ခံထားရသူများကို မည်သည့် အခြေအနေမျိုးမဆို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အစာရေစာ ဖြတ်တောက်ခြင်း၊ ပြန်ပေးဆွဲ ဓားစာခံအဖြစ် ထားခြင်းများ မပြုလုပ်ရဘဲ ဖမ်းဆီးခံရသူ၏ ဂုဏ်သိက္ခာနှင့် အညီ ထိန်းသိမ်း စောင့်ရှောက်ရမည် ဟု ပြဌာန်းထားသည်။
ဖမ်းဆီးလိုက်သည့် အဖွဲ့အစည်းက ၎င်းတို့ သဘောဖြင့် စစ်သုံ့ပန်းကို အပြစ်ပေး ထောင်ချခြင်းမျိုး လုပ်ခွင့်မရှိဘဲ ဥပဒေနှင့် အညီ တရားရုံးတင် စစ်ဆေးပြီးမှသာလျှင် ပြစ်ဒဏ် ချမှတ်ခွင့် ရှိသည်ဟုလည်း ပြဌာန်းချက်တွင် ပါရှိသည်။
ICRC ကလည်း ပဋိပက္ခအတွင်း တဖက်ဖက်မှ ဖမ်းဆီးထိန်းသိမ်း ထားသူများကို ပြန်လည် လွှဲပြောင်းပေးရန် အကူအညီ ပေးလျက်ရှိသည်။
တပ်မတော်ဘက်က တပ်ဖွဲ့ဝင် ၃ ဦး တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ မေးမြန်းရန် တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်ရာ၌ ဆက်သွယ်၍ မရခဲ့ပေ။
ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ယင်း စစ်သုံ့ပန်း ကိစ္စနှင့် ပတ်သက်၍ သတင်းတစုံတရာ ထုတ်ပြန် ထားခြင်း မရှိပေ။
ဘူးသီးတောင်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က “သတင်းစာတွေ ဂျာနယ် တွေထဲမှာ ပါတဲ့အတိုင်းပဲ သိပါတယ်။ ကျနော်ကလည်း စစ်တွေမှာ ရောက်နေတယ်။ ဘာမှ အထွေအထူး တော့ မကြားမိပါ ဘူး။ အေးဆေးပါပဲ” ဟု ပြောသည်။
၂၀၁၅ ခုနှစ် မတ်လကလည်း ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်ဘက်မှ ဒုတပ်ကြပ် တဦးနှင့် တပ်သား တဦးကို AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့ပြီး ၂၀၁၅ခုနှစ် ဇူလိုင်လ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ICRC ကို ပြန်လည် လွဲှပြောင်းပေးထား ဖူးသည်။
သို့သော် AA က ICRC မှ တဆင့် လွှဲပြောင်း ပေးလိုက်သည့် စစ်သုံ့ပန်းများ ကိစ္စအား ယင်းနှစ် ဇူလိုင်လ ၁၅ ရက် ထုတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်ခြားစောင့်တပ်မှ မြန်မာနိုင်ငံ နယ်စပ်တွင် စစ်ရေး လေ့ကျင့်နေသည့် မြန်မာစစ်သား ၂ ဦးကို ဖမ်းဆီးမိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။