ပြီးခဲ့သည့် လက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ တင်ပို့ခဲ့သည်ဟု ယုံကြည်ရသော မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ခြင်းနှင့် ဆက်နွယ်မှုရှိသူ ၂ ဦးကို ရဲအဖွဲ့က ပြီးခဲ့သည့် အပတ်အတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အကောက်ခွန် အေးဂျင့် (ရုံးစာရွက်စာတမ်းများဆိုင်ရာ ကိစ္စရပ်များ ဝန်ဆောင်မှုပေးသူ) များက ဧရာဝတီသို့ ပြောသည်။
မူးယစ်နှိမ်နင်းရေး ရဲအဖွဲ့က (တဦးမှာ ရန်ကုန်မှ Nice Guy Clearance Service Agency ၏ ပိုင်ရှင် ဖြစ်ပြီး နောက်တဦးမှာ U Kaung Trading ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သည့်) လင်မယားစုံတွဲကို ဇွန်လ ၅ ရက်နေ့က ဟာဂျီ ယာဆင်(မောင်မောင် ဟုလည်း သိကြသူ) ကို မူးယစ် တရားခံပြေးအဖြစ် မန္တလေးတိုင်းတွင် ဖမ်းဆီးခြင်းမပြုမီကတည်းက စတင် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဆိုကြသည်။
အဆိုပါ လင်မယားစုံတွဲကို မေးမြန်းစစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်ရန် ရန်ကုန်မြို့တွင် ထိန်းသိမ်းထားသည်ဟု Nice Guy Clearance Service Agency နှင့် နီးစပ်သော အကောက်ခွန် အေးဂျင့်များက ပြောကြသည်။ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရဲ တပ်ဖွဲ့၏ ကြေညာချက်အရ ထောင်ဒဏ် အကန့်အသတ်မရှိ သို့မဟုတ် သေဒဏ် အထိ ကျခံရနိုင်သည့် စွဲချက် အမျိုးမျိုး ဖြင့် သံသယရှိသူများကို ဇွန်လ၂ ရက်နေ့က ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။ စခန်းတွင် ယင်းသို့ အမှုဖွင့်ပြီးနောက် ဟာဂျီ ယာဆင်ကို မန္တလေးတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် အဆိုပါ လင်မယား ပါဝင်ပတ်သက်သည့် ကုမ္ပဏီ အမည်များကို ဖော်ပြခဲ့သော်လည်း သံသယရှိသူ တဦးချင်း၏ အမည်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပါ။ ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ လင်မယားထံမှ ရရှိသည့် သတင်းများကြောင့် ဟာဂျီ ယာဆင်ကို ပြင်ဦးလွင် – မန္တလေး လမ်းမှ စစ်ဆေးရေး ဂိတ်တခုတွင် ဇွန်လ ၅ ရက်နေ့က ဖမ်းမိခဲ့ခြင်းသည်။ ထို့နောက် ရန်ကုန်သို့ခေါ်ယူကာ စိတ်ကျန်းမာရေးဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။
ဧရာဝတီသတင်းဌာန၏ လေ့လာချက်များအရ Nice Guy Clearance Agency ကို ဦးမင်းနိုင်က ပိုင်ဆိုင်ပြီး သူ၏ ဇနီး ဖြစ်သူ ဒေါ်သီတာမိုးက U Kaung Trading ကုမ္ပဏီ၏ ဒါရိုက်တာ ဖြစ်သည်။ U Kaung Trading သည် ကုမ္ပဏီများကို အကောက်ခွန်နှင့် ဆိပ်ကမ်း စာရွက်စာတမ်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ ဖြစ်သည်။ U Kaung Trading ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA) တွင် ၂၀၁၂ ခုနှစ်က မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာများအဖြစ် (ယခင်က) ဦးအောင်ဇေယျာဦးနှင့် ဦးသာဦးတို့က ဆောင်ရွက်ခဲ့ကြသည်။ ကုမ္ပဏီ၏ လုပ်ငန်းလိုင်စင်သည် ၂၀၁၃ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်ကြောင်း DICA ၏ မှတ်တမ်းများအရ သိရသည်။ လက်ရှိအချိန်တွင်
ဦးအောင်စိုးမိုးက မန်နေဂျင်း ဒါရိုက်တာ အဖြစ် ဆောင်ရွက်လျက်ရှိပြီး ဒေါ်သီတာမိုးက ကုမ္ပဏီ ဒါရိုက်တာ အဖြစ် ဆောင်ရွက်သည်။
ဖမ်းဆီးမှုကို အတည်ပြုနိုင်ရန် အတွက် DICA ၏ မှတ်တမ်းများ နှင့် ဧရာဝတီက မြင်တွေ့ခဲ့ရသော ဒေါ်သီတာမိုး၏ ကတ်မိတ္တူ တို့အရ ဇွန်လ ၇ ရက်နေ့တွင် ဧရာဝတီမှ သတင်းထောက် ၂ ဦးက ကျောက်တံတားမြို့နယ်တွင် ရှိသော U Kaung Trading ကုမ္ပဏီသို့ သွားရောက်ခဲ့ပါသည်။ ၅ ယောက်မှ ၇ ယောက်ခန့် ရှိသော ဝန်ထမ်းများက စာရွက်စာတမ်းများဖြင့် အလုပ်လုပ်နေသည်ကို မြင်ခဲ့ရသည်။ ဖိုင်တွဲများပေါ်တွင် အင်္ဂလိပ် ဘာသာဖြင့် U Kaung Trading ဟု ထင်ထင်ရှားရှား ရေးထိုးထားသည်။ အဆောက်အဦ သို့မဟုတ် တိုက်ခန်း၏ မျက်နှာစာတွင် U Kaung Trading သို့မဟုတ် Nice Guy Purified Water (Nice Guy Clearance Agency နှင့် ဆက်စပ်နေသော ကုမ္ပဏီတခု) ရုံးဖြစ်သည်ဟု ဖော်ပြထားသော စာတမ်း သို့မဟုတ် ဆိုင်းဘုတ် တစုံတရာမျှ ချိတ်ဆွဲထားခြင်းမရှိပေ။
ရုံးခန်းတွင် အလုပ်လုပ်နေသော အကောက်ခွန် အေးဂျင့်အချို့က သူတို့၏ အလုပ်ရှင်ဖြစ်သူ ဒေါ်သီတာမိုးက ယခုအပတ် အတွင်းတွင် ရုံးခန်းသို့ ရောက်မလာကြောင်း ဧရာဝတီသို့ ပြောသော်လည်း နောက်ထပ် အသေးစိတ် ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ ဒေါ်သီတာမိုး၏ မိုဘိုင်းဖုန်း နံပါတ် ၂ ခုသို့ ဖုန်းခေါ်ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထား၍ ဆက်သွယ်၍ မရခဲ့ပါ။ Facebook ပေါ်တွင် ဦးမင်းနိုင်နှင့် ဒေါ်သီတာမိုးတို့ တဦးချင်းစီ တင်ထားသော ဓာတ်ပုံများအရ ဒေါ်သီတာမိုးသည် လှည်းကူးမြို့နယ်ရှိ Nice Guy သောက်ရေသန့် စက်ရုံ၏ ပိုင်ရှင်ဖြစ်ကြောင်း တွေ့ရှိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် အကောက်ခွန်အေးဂျင့် ဦးမင်းနိုင်၊ သူ၏ဇနီးဖြစ်သူ ဒေါ်သီတာမိုး သို့မဟုတ် U Kaung Trading ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်စိုးမိုးတို့ကို အမည်တပ် ထုတ်ဖော်
ပြောဆိုထားခြင်း မရှိပါ။ ၎င်းတို့ကို ဟာဂျီယာဆင်၏ ကြံရာပါများဟုသာ ရည်ညွှန်းထားပြီး သံသယရှိသော မူးယစ်ဆေး ကုန်သွယ်မှု ကွင်းဆက်အတွက် ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းသာ ပြည်ထဲရေးက ထုတ်ပြန်ထားသည်။
Nice Guy ရေသန့်စက်ရုံမှ အလုပ်သမားများကလည်း သူတို့၏ အလုပ်ရှင် ရောက်မလာသည်မှာ ရက်အတော်ကြာပြီ ဖြစ်ကြောင်း ပြောကြပါသည်။ စက်ရုံမန်နေဂျာ ဦးမျိုးဇာနည်က “ကျနော့်ရဲ့ အလုပ်ရှင်နဲ့ ပတ်သက်ပြီး ပြောစရာ မရှိပါဘူး” သာ ပြောဆိုသည်။
ရဲတပ်ဖွဲ့ က ထုတ်ပြန်သည့် ကြေညာချက်တွင် ဟာဂျီယာဆင်က မူးယစ်ဆေး အမြောက်အများကို ရေသန့် စက်ရုံတွင် သိမ်းဆည်းထားခဲ့၍ ၎င်းတို့က အောက်ပုဇွန်တောင်ရှိ သိုလှောင်ရုံတခုသို့ Kia Bongo ယာဉ်တစီးဖြင့် ပို့ဆောင်သည်ဆိုသည့် စွပ်စွဲချက်ကို သူက ပြင်းပြင်းထန်ထန် ငြင်းချက်ထုတ်သည်။ မန်နေဂျာ၏ အဆိုအရ Nice Guy ရေသန့်စက်ရုံကို လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သူ အလုပ်ဝင်သည်မှာ ၄ လ သာရှိသေးကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်တွင် နေထိုင်သည့် မူးယစ်ဆေးရောင်းချသူ အဖြစ် သံသယရှိသော အသက် ၄၄ နှစ် အရွယ် ဟာဂျီယာဆင်သည် အလေးချိန် ၁.၂ တန်နီးပါးရှိသော တရားမဝင်မူးယစ်ဆေးများကို လဘက်ခြောက်ထုပ်များ အသွင်ဖြင့် ထည့်သွင်းထားသော ကုန်သေတ္တာ အမှတ် FSCU 9911521 ကို နိုင်ငံခြားသို့ တင်ပို့ ရန် U Kaung Trading နှင့် ဆက်သွယ်ခဲ့သည်ဟု ဖော်ပြထားသည်။ မလေးရှား ရဲတပ်ဖွဲ့၏ ခန့်မှန်း ချက်အရ မူးယစ် ဆေးများ၏ ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈ သန်း ရှိပြီး မလေးရှားနိုင်ငံ သမိုင်းတွင် အများဆုံး ဖမ်းမိခြင်းဖြစ်သည်။ ယင်း မူးယစ်ဆေးများကို လဘက်ခြောက်ထုပ်များ အဖြစ် Nice Guy ရေသန့်စက်ရုံတွင် သို့မဟုတ် အောက် ပုဇွန်တောင်မှ ကုန်လှောင်ရုံတွင် ထုပ်ပိုးခဲ့ခြင်း ဟုတ် မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။
Kaung Trading ကုမ္ပဏီ၊ Nice Guy Customs Clearance agency နှင့် Nice Guy ရေသန့်စက်ရုံတို့ကို ဦးမင်းနိုင်၏ မိသားစုက ပိုင်ဆိုင်ပါသည်။ ဦးမင်းနိုင် ကဲ့သို့ ရန်ကုန် မှ ဗုဒ္ဓဘာသာဝင် မိသားစုက ပိုင်ဆိုင်သည့် စက်ရုံတခုတွင်
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်တဦးဖြစ်သည့် ဟာဂျီယာဆင်က မည်ကဲ့သို့၊ မည်သည့်အတွက်ကြောင့် တန်နှင့်ချီသော မူးယစ်ဆေးများကို သိမ်းဆည်းခဲ့သည် ဆိုသည့်အကြောင်းအရာများကလည်း ရှင်းရှင်းလင်းလင်း မရှိပါ။
Facebook တွင် follower အနည်းဆုံး ၁၉၀၀၀၀ ခန့်ရှိသည့် Aung Naing Htwe (ဂိုလ်ရှယ်လေး) ၏ စာမျက်နှာတွင် တင်ခဲ့သည့် post တခုအရ SHINE ဆောက်လုပ်ရေး ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်ပြီး ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည့် ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော် (ARSA) ကို ငွေကြေးထောက်ပံ့သည်ဟု သံသယ ရှိသောကြောင့် မတ်လ အတွင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသော အသက် ၅၅ နှစ် အရွယ် ဦးအောင်ဇော်ဝင်းသည်
မူးယစ်တရားခံပြေး ဟာဂျီယာဆင်နှင့် နီးစပ်သည့် ဆက်သွယ်မှု ရှိသူ ဖြစ်ကြောင်း ဆိုထားသည်။ ယင်းအချက်ကို သီးခြား လွတ်လပ်သော အတည်ပြုချက် မရရှိပါ။
ဦးအောင်ဇော်ဝင်းကို ယခုအခါ ဘူးသီးတောင် အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ရုံးတင်စစ်ဆေးရန် စောင့်ဆိုင်းနေသည်။ သူသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှနေ၍ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သော်လည်း၊ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာ မွတ်ဆလင်များ မဲပေးခွင့်ရရှိရန် ယာယီထုတ်ပေးခဲ့သော ဝှိုက်ကတ်များကို ယခင် သမ္မတ ဦးသိန်းစိန်က ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ကြံခိုင်ရေး
ပါတီက နုတ်ထွက်ခဲ့သူဖြစ်သည်။
ဟာဂျီ ယာဆင်၏ နောက်ခံ အကြောင်း သို့မဟုတ် သူသည် ကုန်သွယ်ရေးလုပ်ငန်း သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်း ရှိ/မရှိ ကို ရဲတပ်ဖွဲ့က အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပါ။
ဧရာဝတီသတင်းဌာနက ဟာဂျီယာဆင် အမည်ဖြင့် Facebook account ၂ ခုကို တွေ့ရှိခဲ့ရပြီး တခုက profile ပုံ အနေဖြင့် အိမ်တလုံး ပုံ ဖော်ပြထားပြီး နောက်တခုက ကားတစီးပုံ ဖော်ပြထားသည်။ ကားပုံနှင့် account တွင် မိတ်ဆွေ ၁၀၂၀ ရှိပြီး နောက်တခု တွင် ၁၈၀ သာရှိသည်။ Facebook account ၂ ခု ပိုင်ဆိုင်ထားသူ ဟာဂျီယာဆင်နှင့် ဦးမင်းနိုင်တို့သည် Facebook တွင် မိတ်ဆွေများ ဖြစ်ကြပြီး ၂၀၁၅ ခုနှစ် ဝန်းကျင်ကတည်းက ၎င်းတို့ပို့စ်အောက်တို့တွင် အပြန်အလှန်မှတ်ချက်ပေး ရေးသားခဲ့သည်ကို တွေ့ရသည်။
ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် သံသယရှိသူများ၏ အမည်ကို ချန်လှပ်ထားခြင်း အတွက် အင်တာနက် သုံးစွဲသူအချို့က ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး တန်နှင့် ချီသော မူးယစ်ဆေးများကို ရေသန့်စက်ရုံတခုတွင် မည်သို့သိုလှောင်ခဲ့သည်၊ X-ray စစ်ဆေးမှု နှင့် အခြားသော သင်္ဘောတင်လုပ်ငန်းစဉ်များကို မည်သို့အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည် တို့ကို မေးခွန်းထုတ်ခဲ့ကြသည်။ အဆိုပါ ကုန်သေတ္တာကို မြန်မာနှစ်သစ်ကူးရက်များအတွင်းက မြန်မာ စက်မှုဆိပ်ကမ်း (MIP) သို့ ဝင်ရောက်ခဲ့သော Pathein Star သင်္ဘောပေါ်သို့ တင်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောက ဧပြီလ ၁၆ ရက်နေ့တွင် ထွက်ခွာသွားခဲ့၍ ဧပြီလ ၁၉ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ဆီလန် ဂေါမှ ဆိပ်ကမ်းတခု ဖြစ်သော Klang Multi-Terminal သို့ ရောက်ရှိခဲ့သည်။
ယခု အမှုကို ကိုင်တွယ်နေသော မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့မှရဲအရာရှိများ ထံမှ မှတ်ချက်တောင်းခံရန် ဇွန်လ ၈ ရက်နေ့ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
(အင်္ဂလိပ်ဘာသာဖြင့် Another Two Suspects in Custody Over Malaysian Drug Haul တွင် ဖတ်ရှုပါ)
ဆက်စပ်ဖတ်ရှုရန် – မလေးရှားသို့ မူးယစ်ဆေးတင်ပို့သူ တရားခံပြေး ဖမ်းမိ
မူးယစ်ဂိုဏ်းတွေကို ပြည်ထဲရေးက ပြတ်ပြတ်သားသား နှိမ်နင်းဖို့ လိုပြီ