စာပေဟောပြောချက်များ အတွက် ကြီးလေးသော ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော ဒေါက်တာ အေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင်တို့ အမှုနှင့် ပတ်သက်ပြီး လာမည့် သြဂုတ်လ ၆ ရက်နေ့ ရုံးချိန်း၌ တရားခွင်တွင် ၎င်းတို့၏ ဟောပြောချက် အခွေကိုဖွင့်၍ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ဇူလိုင်လ ၃၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေခရိုင် တရားရုံး တွင် ရုံးထုတ် စစ်ဆေးရာ အမှု ၃ မှုစလုံးအတွက် တရားလိုပြ သက်သေများကို စစ်ဆေးမှု ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ဒေါက်တာ အေးမောင် အမှုအား လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပြသည်။
ဦးအောင်ကျော်စိန်က “လာမယ့် သြဂုတ်လ ၆ ရက်နေ့မှာ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ဟော ပြော ပါတယ် ဆိုတဲ့အခွေကို သူတို့ ဟောပြောတဲ့အတိုင်း မှန်မမှန် တရားရုံးမှာ ဖွင့်ပြရမယ်ပေါ့။ ဟောတာက ရခိုင်ဘာသာ စကားနဲ့ ဟောပြောတာ။ အခုလက်ရှိ တရားရုံး အမှုတွဲထဲမှာ ရဲက တင်ပြထားတာက ဘာသာ ပြန်ပြီး ဗမာစကားနဲ့ တင်ပြထား တယ်။ ရခိုင် ဘာသာစကားကို ဗမာလို ဘာသာပြန်ဆိုမှုမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ပြန်တာ မဟုတ်ဘူး။ အဲဒီ ဘာသာ ပြန်ဆိုချက် ဟာ ခိုင်မာမှု ရှိမရှိ၊ မှန်မမှန်ဆိုတာကို အများ ရှေ့မှောက်မှာ ဖွင့်ပြမယ်”ဟု သတင်း မီဒီယာများကို ပြောကြားသည်။
ရသေ့တောင်မြို့တွင် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များမှာ ရခိုင် ဘာသာ စကား ဖြင့် ဟောပြောခဲ့ခြင်း ဖြစ်ပြီး ဘာသာပြန် တင်ပြချက်များ ကွဲလွဲမှု ရှိနိုင်သဖြင့် အမှုတွဲတွင် ရှိနေသည့် ဟောပြောချက် အခွေ ကို တရားရုံးတွင် ဖွင့်ကာ စစ်ဆေးရခြင်း ဖြစ်ကြောင်း အကျိုးဆောင် ရှေ့နေများက ပြောသည်။
ဇူလိုင် ၃၀ ရက်နေ့ ရုံးချိန်းက မတရားအသင်း ပုဒ်မ ၁၇ (၁) အမှုတွင် နောက်တိုး သက်သေအဖြစ် ခေါ်ယူခဲ့သော ရသေ့ တောင် မြိုနယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်နုကို စစ်ဆေးခဲ့ပြီး လာမည့် သြဂုတ် ၆ ရက်နေ့ ရုံးချိန်းတွင် ဟောပြောချက်ခွေကို ဖွင့်၍ စစ်ဆေးမည် ဖြစ်သည့်အတွက် နောက်ရုံးချိန်းများတွင် နှစ်ဖက် ရှေ့နေများက လျှောက်လဲချက်ပေးကာ စွဲချက် တင် သင့် မတင်သင့်ကို တရားရုံးက ဆုံးဖြတ်သွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ဖမ်းဆီးတရားစွဲခံ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကမူ တရားစီရင်ရေး မဏ္ဍိုင် အထက်တွင် မည်သည့် အုပ်ချုပ်ရေး မဏ္ဍိုင်မှ ရှိမနေရန် လိုအပ်ပြီး လွပ်လပ်၍ အမှီခိုကင်းသည့် တရားစီရင်ရေး ဖြစ်ရန် လိုအပ်သည်ဟု ဆိုသည်။
ဒေါက်တာ အေးမောင်က “တရားရေး မဏ္ဍိုင် အထက်မှာ မည်သည့်အုပ်ချုပ်ရေး မဏ္ဍိုင်မှ ရှိမနေဖို့လိုတယ်။ အဲဒီလို တရား ရေး မဏ္ဍိုင် အနေနဲ့လည်း လွပ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့ ကိုယ်ဟာကိုယ်လည်း ကြိုးစားရမယ်။ တဖက်က အာဏာရှိ တဲ့ ပုဂ္ဂိုလ်တွေကလည်း အမှီအခိုကင်းတဲ့၊ ဘက်လိုက်မှု ကင်းတဲ့ တရားရေး မဏ္ဍိုင်ဖြစ်ဖို့ အားလုံး ပံ့ပိုးကူညီဖို့ လိုတယ်”ဟု ရုံးထုတ် စစ်ဆေးမှု အပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားသည်။
ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို စွဲဆိုထားသည့် အမှုများအတွက် နိုင်ငံတော် ပုန်ကန်မှုတွင် သက်သေ ၆ ဦး၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွင် သက်သေ ၆ ဦး၊ မတရား အသင်း ဆက်သွယ်မှု ၁၇(၁) တွင် သက်သေ ၁၆ ဦး စသည်ဖြင့် တရားလို ဘက်မှ သက်သေစာရင်း တင်သွင်းထားသည်။
ထိုသို့တရားရုံးတွင် တရားလိုပြ သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ရာ အမှု ၃ မှုစလုံးတွင် တရားလို ပြသက်သေ ၆ ဦး စစ်ဆေး မှု ပြီးစီးခဲ့သော အချိန်၌ မရားအသင်း ၁၇(၁) အမှုတွင် တရားလိုပြ သက်သေ ၁၀ ဦး စစ်ဆေးရန် ကျန်နေခဲ့ရာ အစိုးရ ရှေ့နေဘက်က ကျန်နေခဲ့သော သက်သေ ၁၀ ဦးကို မစစ်ဆေးတော့ဘဲ သက်သေစာရင်းမှ ပယ်လိုက်သည့် အတွက် အမှု ၃ မှုစလုံးအတွက် တရားလိုပြ သက်သေ စစ်ဆေးမှု ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေများက ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့်ပတ်သက်ပြီး ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြောချက်များသည် ဥပဒေနှင့်မလွတ်ကင်း ဟုဆိုကာ အစိုးရက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည် ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။