သတင်း

တံတားဦးမြို့နယ် ရေကြီးမှု ကျေးရွာအချို့တွင် လူနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းနေရ

မန္တလေးတိုင်းဒေသကြီး မိုးရွာသွန်းမှုများ ဆက်ခဲ့ပြီးနောက် တံတားဦးမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာတွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ကျေးရွာများရှိ လူ၊ တိရစ္ဆာန်များနှင့် ပစ္စည်းများကို ရေလွတ်ရာသို့ ရွေ့ပြောင်းခဲ့ကြရကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင် က “ရေဝင်ရတဲ့အခြေအနေက တနင်္လာနေ့ကနေ ကြာသပေတေး မနက်ပိုင်းအထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပါတယ်၊ အဓိကပြောရမယ်ဆိုရင် ရေက ပြန့်ပြီး ထွက်သွားတဲ့ သဘောမျိုးပါပဲ၊ အရင်က စုပြီး တလုံးတည်းနဲ့ ဝုန်းကနည်းထွက်ခဲ့ တာမျိုးပေါ့၊ ဒါကတော့ ထူးခြားဖြစ်စဉ်တခုအနေအထားပါပဲ” ဟု ပြောသည်။

ရေဝင်ရောက်ခဲ့သည့် ကျေးရွာများမှာ ကံကြီး(အရှေ့)၊ ရေကမိုး၊ မြင်းသည်၊ မိုးနှံခြုံ၊ သဲတော၊ တပေါက်ကုန်း၊ ကျောက်တန်း၊ စကားတဲ ကျေးရွာများဖြစ်ပြီး ယနေ့ ညနေပိုင်းမှ စတင်၍ ရေများဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

တံတားဦးမြို့နယ် အတွင်းရေကြီးမှု (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

မြင်းသည် ကျေးရွာမှ ကိုကျော်ဦး က “ညနေ ၅ နာရီလာက်စပြီး ရွာထဲကိုရေတွေ ဒလဟောဝင်လာလို့ ကျနော်တို့ အိမ်အောက်မှာရှိတဲ့ မျိုးအိတ်တွေ၊ မြေဆီ အိတ်တွေကို အားခြင်းဆိုသလို အိမ်ပေါ်တင်ရတာပေါ့၊ ငါန်းဇွန်ဘက်က ငါးသလောက်ကန်ကျိုးလို့ ရေတွေဝင်တယ်လို့ ကြားတယ်၊ ဒီရေမျိုးဝင်တာကို တခါမှ မကြုံဘူးသေးဘူး၊ နွားတွေကိုလည်း ရေလွတ်ရာကို ပြောင်းရတာပေါ့”ဟု ပြောသည်။

ထိုကဲ့သို့ ကျေးရွာများအတွင်း ညနေပိုင်းမှ ရုတ်တရက် ထိုးဝင်လာသည့် ရေများသည် ချောင်းမနက်ဆည် ရေပိုလွှဲမှ ကျလာသည့် ရေများဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေမှုများရှိသော်လည်း ချောင်းမနက်ဆည် တာဝန်ခံ ဦးစီးအရာရှိ ဦစိုးမြတ်သူ ကတော့ ၎င်းတို့၏ ဆည်မှ ရေလွှတ်ခြင်းကြောင့် ကျေးရွာများအတွင် ရေဝင်ရောက်ခြင်း မဟုတ်ကြောင်း ရှင်းပြသည်။

တံတားဦးမြို့နယ် အတွင်းရေကြီးမှု (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

ဦစိုးမြတ်သူ က “ချောင်းမနက်ဆည် ရေပိုလွှဲကနေ ရေကျော်ဖို့က လေးပေခွဲလောက်ကျန်နေပါသေးတယ်၊ ဆိုတော့ ရေပိုလွှဲကနေ ရေလွှတ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ကျနော်တို့ တမံကနေ ပြီးခဲ့တဲ့ မေလလောက်ကတည်းက ရေကို ၆ ပေလောက်အထိ ရေကို လျှော့ချထားပြီးဖြစ်ပါတယ်၊ အခုဖြစ်တာက မိုးများလို့ ရေဝင်တဲ့အခြေအနေပါ၊ ဒီရက်ပိုင်း မိုးများတာကြောင့် တမံထဲမှာ တပေခွဲလောက်ပဲ ရေတက်ခဲ့တာပါ၊ ချောင်းမနက်ဆည်ကနေ ရေလွှတ်တယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး” ဟု ပြောပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ မိုးရွာသွန်းမှုများရှိခဲ့ရာ တံတားဦးမြို့နယ်အတွင်း၌လည်း အောက်တိုဘာ ၁ ရက်နေ့မှ ၄ ရက်နေ့ နံနက်ပိုင်းအထိ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ပြီး မိုးရေချိန်လက်မ ၂ ဒသမ ၆ လက်မအထိ ရှိခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် အတွင်းရေကြီးမှု (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

ယခုကဲ့သို့ ကျေးရွာများအတွင်း ရေများဝင်ရောက်ခဲ့မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မရှိသလို ရေဘေးကယ်ဆယ်ရေး စခန်းများလည်း ဖွင့်လှစ်ပေးရန် မလိုအပ်သေးဟု တံတားဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က ပြောသည်။

ဦးဝဏ္ဏအောင်က “လက်ရှိ ရေကမိုး၊ မြင်းသည်ဘက်မှာ ဝင်တဲ့ရေက လျော့သွားပါပြီ၊ ရေဘေးစခန်းဖွင့်တာမျိုးလည်း အခုအချိန်အထိ မရှိ သေးပါဘူး၊ ဖွင့်ဖို့လည်း မလိုအပ်သေးပါဘူး၊ ရေဝင်တာကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုလည်း လုံးဝမရှိသေးပါဘူး၊ ကျန်ရွာ တွေရဲ့ အခြေအနေကိုလည်း တာဝန်ရှိသူတွေက သွားရောက်ပြီး ဆက်လက် စစ်ဆေးနေကြပါတယ်”ဟု ဆက်လက် ပြောသည်။

Loading