ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နမ့်မန်း-ခုံငင်းတံတားအနီး မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး တဦး သေဆုံး ကာ တဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။
မိုင်းထိသူ အမျိုးသမီး ၂ ဦးမှာ ခုံငင်းရွာဒေသခံ လွေးခမ်းယဉ်နှင့် လွေးငွေခိုင်တို့ဖြစ်ကာ နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကျောက်မဲမြို့သို့ ဆိုင်ကယ်ဖြင့် တံတားဖြတ်ကူးစဉ် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ် သည်ဟု သိရသည်။
၎င်းတို့ ၂ ဦး၏ အဒေါ်ဖြစ်သူ ဒေါ်နန်းမြထွေးက “လွေးခမ်းယဉ်က မနေ့ည ၁၁ ခွဲက ဆုံးပါတယ်။ မန္တလေးဆေးရုံမှာ ဆုံး တာပါ။ ဆုံးတော့ သူက အသက် ၂၀ ပါ ” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး လွေးငွေခိုင်မှာမူ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကာ ဒဏ်ရာ မပြင်းထန်သည့် အတွက် သက်သာလာပြီ ဖြစ်သည်ဟု ဆိုသည်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နမ့်မန်း-ခုံငင်းတံတားမှာ ၂၀၁၆ ခုနှစ်က ဆောက်လုပ်ထားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ် ကြောင့် ဒဏ်ရာရသူများကို ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ကျောက်မဲ ဆေးရုံသို့ ပို့ဆောင်ရာတွင် သေဆုံးသူ လွေးခမ်းယဉ်၏ ဦးခေါင်းဒဏ်ရာမှာ စိုးရိမ်ရသည့်အတွက် မန္တလေးသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်သည်။
ဒေါ်နန်းမြထွေးက “အဓိက ဒဏ်ရာကြီးကြီးရသွားတာကတော့ ခေါင်းမှာပါ၊ ခေါင်းရယ်၊ လက်မောင်း ရယ်၊ ဗိုက်ရယ်။ နောက် နံရိုးနားလေးက နည်းနည်းထိတယ်။ ဒဏ်ရာက တအားပြင်းတယ်။ မိုင်းစက ဦးနှောက်ထဲဝင်သွားတော့ ဦးနှောက်က အလုပ်ကို မလုပ်တော့ဘူးလို့ ဆရာဝန်က မဆုံးခင်က ပြောတယ်” ဟု ရှင်းပြသည်။
မိုင်းပေါက်ကွဲသည့်နေရာမှာ ကျောက်မဲမြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးကာ ယင်းဒေသတဝိုက်တွင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဖြစ်သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ လှုပ်ရှားသည်ဟု သိရသည်။
နမ့်မန်း-ခုံငင်းတံတားကို ဒေသခံအများစု အသုံးပြုလျက်ရှိသည့်အပြင် အစိုးရတပ်နှင့် RCSS၊ TNLA တို့လည်း စစ်ရေးအရ ဖြတ်သန်းသွားလာမှု ပြုလုပ်သည့် တံတားဖြစ်ကြောင်း ကျောက်မဲ ဇီဝိတလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောသည်။
RCSS ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော အဖွဲ့ဖြစ်ပြီး TNLA မှာမူ လက်မှတ်မထိုးရသေးဘဲ ယင်းနှစ်ဖွဲ့အကြား နယ်မြေအငြင်းပွားမှု ပြဿနာဖြင့် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
ဦးတင်မောင်သိန်းက “သူတို့ မိုင်းမထိခင် ၂ ရက်လောက်က ခွန်ကော်၊ တော့ဖယ်က စစ်ရှောင်တွေ ရွာပြန်ပို့ပေးပါလို့ အကူအညီတောင်းလို့ ကျနော့်ကားနဲ့ အဲဒီလမ်းက ပို့ပါတယ်။ ခုံငင်း လောက် ရောက်ရင်ပဲ တဖက်လက်နက်ကိုင်အဖွဲ့တွေကို တွေ့တယ်။ ကျနော်တို့သွားပြီး ပြန်လာတာ ဘာမှ အန္တရာယ် မရှိလိုက်ပါဘူး။ ၂ ရက်နေမှ ကလေးမလေးတွေ မိုင်းထိတာ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် မိုင်းအန္တရာယ်ရှိသည့် မြို့နယ်ပေါင်း ၇၁ မြို့နယ်ရှိကာ ရှမ်းပြည်နယ်တွင် အများဆုံး ဖြစ်ကြောင်း မြေမြှုပ် မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် တနှစ်အတွင်း မိုင်းထိသည့် အရပ်သား ၂၂၉ ဦးရှိကာ ၆၉ ဦး သေဆုံးခဲ့သည်ဟု ပါရှိသည်။
မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်နှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်တို့တွင် ပါဝင်လက်ခံ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။
၂၀၁၇ ခုနှစ်၊ ဇွန်လက မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူများက နေပြည်တော်ရှိ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ မြန်မာအစိုးရဘက် သဘောတူစာချုပ်များကို လက်ခံရန် စဉ်းစားနေကြောင်း ပြောဆိုထားသည်ဟုလည်း သိရသည်။
TNLA သည် Geneva Call မှ ကမကထ ပြုလုပ်သည့် မိုင်းအသုံးပြုမှု ရပ်တန့်ရေး၊ လူသတ်မိုင်း အသုံးပြုမှုကို စွန့်လွှတ်သည့် ကတိကဝတ်စာချွန်လွှာ တခုကို ၂၀၀၇ က လက်မှတ်ရေးထိုးထားသည်။
သို့သော် မြေပြင်တွင် TNLA က မိုင်းအသုံးပြုမှုများရှိသည်ကို စုံစမ်းတွေ့ရှိရသည်ဆိုသည် စွပ်စွဲချက် များ ရှိခဲ့သည်ဟုဆိုကာ ၂၀၁၇ ခုနှစ် ဇွန်လတွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မေးမြန်းရာ မိမိတို့ တပ်ဖွဲ့များအနေဖြင့် ကတိကဝတ်စာချွန်လွှာ လက်မှတ်ရေးထိုးပြီးကတည်းက မြေမြှုပ်မိုင်း အသုံးပြုမှု မရှိကြောင်း ငြင်းဆိုထားသည်။
သို့သော် ဒေသခံများကမူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA ၊ အစိုးရ တပ်မတော်နှင့် အခြားလက်နက်ကိုင်အဖွဲ့အားလုံးမှာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသည့် မိုင်းများကို အသုံးပြုနေဆဲဖြစ်ကြောင်း ပြောဆိုနေကြသည်။