ဟူးလ် ဆု ဖောင်ဒေးရှင်း Hult Prize Foundation သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂဌာနချုပ်တွင် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်း အရှိန်မြှင့်တင်သူ အစီအစဉ်အတွက် နောက်ဆုံးရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် လူ ၁၀ သန်း၏ ဘဝများကို ပြောင်းလဲပစ်နိုင်မည့် စွမ်းအင်တီထွင် ဆန်းသစ်မှု နည်းပညာသုံး လူမှု အကျိုးပြု စီးပွားရေးလုပ်ငန်း social enterprise တခု တည်ထောင်ရန် ကမ္ဘာတဝန်းမှ ကျောင်းသား ၁ သိန်းကို အထက်ပါ ဖောင်ဒေးရှင်းက ဖိတ်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို ကျောင်းသားများ အတွက် နိုဘဲလ်ဆုဟု သိကြပြီး အနိုင်ရရှိသော စီမံချက်ကို အမေရိကန်ဒေါ်လာ ၁ သန်း ချီးမြှင့်မည် ဖြစ်သည်။
တနှစ်ကြာ စိစစ်မှုများပြုလုပ်ပြီးနောက် ကုလသမဂ္ဂတွင် လာရောက်တင်ပြသော ဆန်ခါတင် စီမံချက် ၆ ခု ပေါ်ပေါက် လာခဲ့သည်။ ထိုစီမံချက်များတွင် ဆိုလာ ငွေထုတ်စက်မှသည် ပင်လယ်ရေမှော်မှ ထုတ်ယူသည့် ဆိုလာ စွမ်းအင်သုံး ပိုးသတ် ကိရိယာနှင့် စပါးအခြောက်ခံစက်များအထိ ပါဝင်သည်။
အကဲဖြတ်ဒိုင်များ၏ သုံးသပ်ချက်များ အပြီးတွင် သမ္မတဟောင်း ကလင်တန်က အနိုင်ရရှိသော အဖွဲ့ဖြစ်သည့် Rice Inc ၏ အမည်ကို ထုတ်ဖော် ကြေညာပေးခဲ့သည်။
ဆုကိုလက်ခံရန် မြန်မာ့ရိုးရာ လုံချည်စိမ်းနှင့် အင်္ကျီအဖြူဝတ် လူငယ် ၄ ဦး စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
Rice Inc အကြောင်းနှင့် တည်ထောင်သူများ
ယခင်က SunRise ဟုသိကြသည့် Rice Inc သည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် မတ်လမှ စတင် လုပ်ကိုင်သည်။ ၎င်းတို့သည် နိုင်ငံတကာ ဆန်စပါးသုတေသန သိပ္ပံ IRRI နှင့်သာမက မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်နှင့်လည်း ပူးပေါင်း ဆောင်ရွက်ပြီး ၎င်းတို့၏ ရှေ့ပြေးစီမံချက်ကို ပဲခူးတိုင်း လက်ပံတန်းမြို့ အနီးတွင် ထားရှိသည်။
ထိုအဖွဲ့တွင် မလေးရှား၊ လာအို၊ ဟောင်ကောင်နှင့် ချက်သမ္မတ နိုင်ငံတို့မှ အဖွဲ့ဝင် ၇ ဦး ပါဝင်သည်။ နောက်ခံ ပညာရေး အားဖြင့်လည်း ဇီဝဆေးပညာ၊ ဥပဒေ၊ ဘောဂဗေဒမှ စိတ်ပညာအထိ ကွဲပြားကြသည်။ (မြန်မာနိုင်ငံသားများလည်း မပါဝင်သလို မြန်မာပြည် အခြေစိုက်လည်း မဟုတ်ပါ။)
ဖြေရှင်းခဲ့သော စိန်ခေါ်မှု
မြန်မာလယ်သမားများအတွက် အကြီးမားဆုံး စိန်ခေါ်မှုသည် စပါးရိတ်သိမ်းပြီးသည်နှင့် စတင်ပေါ်ပေါက်လာသည်။
“ချက်ခြင်း စပါးအစိုကို ရောင်းရင်ရောင်း၊ မရောင်းရင် ရိုးရာနည်းအတိုင်း နေလှမ်းရတာပဲ” ဟု Rice Inc မှ လင်ကွန်းက ရှင်းပြသည်။ စပါးအစိုရောင်းလျှင် ဈေးနိမ့်ပြီး လက်ရှိသုံးနေသည့် ရိုးရာ နေလှမ်းနည်းမှာ စပါးကို ထိခိုက်စေကာ အရည်အသွေး ညံ့ပြီး ဈေးကောင်း မရပေ။
ကာလတခု လှောင်ထားပါက ဈေးပိုရပြီး လယ်သမားများအတွက် အကျိုးရှိသည်။ သို့သော် ကံမကောင်း အကြောင်းမလှ သည်မှာ လယ်သမားများ အချိန်မစောင့်နိုင်ခြင်း ဖြစ်သည်။ ထိုလယ်သမား အများစုသည် နက်ရှိုင်းသော အကြွေးသံသရာတွင် လည်နေကြသည်။ ၎င်းတို့သည် စပါးစိုက်ရာသီအစတွင် ချေးငွေရယူပြီး ရိတ်သိမ်းပြီးသောအခါ စောလျင်စွာ ပြန်ပေးနိုင်ရန် လိုသည်။
ထို့ကြောင့် စပါးကို ချက်ခြင်း ရောင်းနေရပြီး အခြောက်ခံခြင်း၊ သိုလှောင်ခြင်းတို့သည် ၎င်းတို့အတွက် လက်တွေ့ကျသော နည်းလမ်း မဟုတ်ပေ။
ဤသည်မှာ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်း စသည့် သဘာဝဘေးအန္တရာယ် မကျရောက်သည့် ပုံမှန်နှစ်တွင် လုပ်သော လုပ်ငန်းများသာ ဖြစ်သည်။
ဖြေရှင်းမှု
Rice Inc သည် လယ်သမားများ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှု လျှော့ချနိုင်ပြီး ဝင်ငွေ ပိုမိုရစေရေး စပါးကို ပိုမိုကောင်းမွန်စွာ အခြောက်ခံ သိုလှောင်ရန် ကူညီသည့် စံချိန်မီ ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည်။ ၎င်းတို့သည် စပါးအခြောက်ခံစဉ် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရန် အသိအမှတ်ပြု နည်းပညာကို သုံးကာ စပါးအခြောက်ခံစက်များ တည်ဆောက်ကာ လယ်သမားများ၏ စပါးများကို အခမဲ့ အခြောက်ခံပေးသည်။ ထိ့ုနောက် ထိုစပါးကို သိုလှောင်ရန် ဝယ်ယူပြီး ဈေးတက်လာသောအခါ ဈေးကွက်နှင့် ပြည်ပ တင်ပို့သူများထံ ရောင်းချသည်။
မူလက စပါးအခြောက်ခံစက်များကို လယ်သမားများထံ တနေ့လျှင် မြန်မာကျပ်ငွေ ၂၀၀-၂၅၀ ကျပ်ဖြင့်ငှားရန် စဉ်းစားခဲ့သည်။ သို့သော် အခြောက်ခံစက်၏ အရင်းအနှီးမှာ အမေရိကန်ဒေါ်လာ ၁ သောင်းခန့် အထိရှိပြီး မြင့်မားသောကြောင့် အကြွေး ပိနေသော လယ်သမားများ ထံမှ အခကြေးငွေယူခြင်းသည် သင့်လျှော်မည် မဟုတ်ပေ။
တခြားနည်းလမ်းတခုမှ အသေးစားချေးငွေ လုပ်ငန်းဖြစ်သည်။ စပါးအများအပြားကို ဝယ်ယူသိုလှောင်ရခြင်းမှာ ငွေရင်း များစွာလိုသော လုပ်ငန်းဖြစ်သောကြောင့် ၎င်းတို့သည် အသေးစား ချေးငွေလုပ်ငန်းများနှင့် ပူးပေါင်းပြီး လယ်သမားများ ချေးငွေ ပိုမို ရှည်ကြာစွာ ရရန် ကူညီရေးကို စဉ်းစားကြသည်။
အလုပ်ဖြစ်မဖြစ်
Rice Inc သည် ၎င်းတို့ကို နောက်ဆုံးဆန်ခါတင် ရွေးချယ်သောနေ့တွင် စတင် လည်ပတ်သည့် စပါးအခြောက်ခံစက်ကို တည်ဆောက်ကာ ပထမဆုံး ဖောက်သည်များကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။
“စပါးဈေးက စပါးမှာ အစိုဓာတ် ဘယ်လောက်ပါလဲဆိုတာအပေါ် မူတည်တယ်လို့ ဖောက်သည် တယောက်က ပြောတယ်” ဟု Rice Inc မှ ရေချယ်က ပြောသည်။
“အစိုဓာတ်ရှိနေရင် ဈေးအရမ်းနိမ့်တယ်။ အခုတော့ သူက ဒီစပါး အခြောက်ခံ ဝန်ဆောင်မှု သုံးလို့ရပြီ။ အခြောက်ခံပြီး ဈေးပိုရပြီ။ သူ တကယ်ပဲ ဝင်ငွေတိုးလာတယ်” ဟုလည်း ရှင်းပြသည်။
ဈေးကွက်ယှဉ်ပြိုင်မှု
Rice Inc သည် မြန်မာ ဆန်စပါးလုပ်ငန်းတွင် ထိုပြဿနာကို ကိုင်တွယ်ပေးသည့် တခုတည်းသော ပြည်ပလုပ်ငန်း ဖြစ်သည်။ လူတချို့က စပါးအခြောက်ခံစက်များ သူတို့ဖာသာ ပြည်တွင်း အလေ့အထ အတိုင်း တည်ဆောက်ကြသည်။ သို့သော် ထိုအခြောက်ခံစက်များသည် စံချိန်မီစက်များ မဟုတ်သောကြောင့် ကောင်းကျိုးထက် ဆိုးကျိုးကိုပင် ဖြစ်စေနိုင်သည်။ တခြား တခုတည်းသော ယှဉ်ပြိုင်မှုမှာ နေဖြင့် အခြောက်ခံခြင်းသာ ရှိသည်။
ဟူးလ်ဆုခရီးနှင့်ရှေ့ခြေလှမ်း
“ဟူးလ်ဖောင်ဒေးရှင်းက အရမ်းကို ထောက်ခံအားပေးပါတယ်” ဟု လင်ကွန်း ပြောသည်။
“ဘာစိတ်ကူးရှိလဲ၊ ထပ်ပြီး လေ့လာချင်သေးလားလို့ပဲ သူတို့က မေးတယ်” ဟု သူက ပြောသည်။
အဆင့်တိုင်းတွင် ပိုမို ခက်ခဲလာပြီး လမ်းတလျှောက်တွင် ကူညီမည့်သူ အများအပြားရှိကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် ၎င်းတို့အဖွဲ့သည် ရီယို ဒီဂျနေးရိုးတွင်လည်း 2018 TFF Challenge Finalists ဆန်ခါတင် စာရင်းတွင် ပါဝင်ခဲ့ပြီး Borlaug Prize အတွက် ဆုငွေ အမေရိကန်ဒေါ်လာ ၂၅၀၀ ရရှိခဲ့သည်။
လက်ရှိအချိန်တွင် လုပ်ငန်းကို အမေရိကန် ပြည်ထောင်စုတွင် လူမှုလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားပြီး မြန်မာနိုင်ငံ တွင်လည်း မှတ်ပုံတင်ရန် စီစဉ်နေသည်။ အဖွဲ့ဝင် အများစုသည် ၂၀၁၉ ခုနှစ် ဇွန်လတွင် ဘွဲ့ရကြမည်ဖြစ်ပြီး ၎င်းတို့ လက်ခံရရှိသည့် ဒေါ်လာ ၁ သန်းကို လုပ်ငန်းတွင် ခွဲဝေအသုံးပြုရေးအတွက် ပြန်လှန်စစ်ဆေးရမည့် အချက်များကို ပြီးစီးအောင် ရေးဆွဲရမည်ဖြစ်သည်။
မြန်မာနှင့် အရှေ့တောင်အာရှတွင် အနာဂတ်လုပ်ငန်း တိုးချဲ့ရန်အတွက် လာမည့်ရက်သတ္တပတ်များတွင် ၎င်းတို့သည် IRRI နှင့် ဆွေးနွေးမည် ဖြစ်သည်။
မြန်မာ့ဆန်စပါးလုပ်ငန်း အနာဂတ်
မြန်မာ့စီးပွားရေးတွင် စိုက်ပျိုးရေးသည် အဓိကဖြစ်ပြီး စုစုပေါင်းထုတ်လုပ်မှု (GDP) ၏ ၃၈ ရာခိုင်နှုန်းရှိကာ လုပ်သား အင်အား၏ ၆၀ ရာခိုင်နှုန်းကို အလုပ်ပေးထားသည်။ ၂၀၁၇-၁၈ ဆန်စပါး တင်ပို့မှု တန်ချိန် ၃.၃ သန်းရှိပြီး ကမ္ဘာ့ ပဉ္စမအများဆုံး တင်ပို့သော နိုင်ငံဖြစ်သော်လည်း ဒေသတွင်း အိမ်နီးချင်းများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်၏ နောက်တွင်သာ ရှိနေသေးသည်။
ထိုနိုင်ငံများ၏ တဟက်တာ စပါးထွက်နှုန်းမှာ မြန်မာနိုင်ငံ၏ နှစ်ဆရှိသည်။ မြန်မာနိုင်ငံသည် မြေသြဇာကောင်းပြီး ရေအရင်းအမြစ် ပေါသော်လည်း လယ်ယာလုပ်သားများ၏ မိုးရာသီဝင်ငွေမှာ တနေ့လျှင် ၁.၈ မှ ၂.၅ ဒေါ်လာ အတွင်းသာ ရှိသည်။
ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးရန်နှင့် ပို့ကုန်အတွက် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ရန် ရိုးရာနည်းလမ်းများကို ပြန်လည် သုံးသပ်ပြီး စီးပွားရေးလုပ်ငန်း အမြင် ကျင့်သုံးရန်နှင့် ခေတ်မီနည်းပညာ သုံးရန် လိုသည်။
(www.prospectsasean.com ပါ Phyo Thura Htay ၏ The Nobel Prize for Students: Rice Startup operating in Myanmar Wins 1 Million Dollars ကို ဆီလျော်အောင် ဘာသာပြန်သည်။)