တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေရေး အမှုပွဲစား၊ နယ်စားရှေ့နေများကို ဖော်ထုတ်အရေးယူနိုင်ရေးအတွက် တိုင်ကြားကြရန် လိုကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က တိုက်တွန်းသည်။
ကော့သောင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်က ဇန်နဝါရီလ ၃၀ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တရားရုံးများတွင် အမှုပွဲစားများ ပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုကြောင်း မေးခွန်းအပေါ် ဖြေကြားခဲ့ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
တရားရုံးများတွင် အမှုပွဲစားများ ကျက်စားလေ့ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းခြင်း မရှိစေရန် ယင်းတို့၏ မမှန်ကန်သောလုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်နေကြောင်း၊ အမှုပွဲစား၊ နယ်စားရှေ့နေဆိုသူများကို ဖော်ထုတ် အရေးယူရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ညွှန်ကြားချက်၊ ကြေငြာချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။
ဦးစိုးနိုင် က “အကြောင်း အမျိုးမျိုးဖြင့် တရားရုံးသို့ ဆက်နွယ် ရောက်ရှိလာကြသူများကလည်း အမှုပွဲစား၊ နယ်စားရှေ့နေဆိုသူများနှင့် စပ်လျဉ်း၍ တရားရုံးသို့ ဖော်ထုတ်တင်ပြတိုင်ကြားနိုင်ပါကြောင်း၊ တရားရုံးက လက်ခံ ကျေနပ်ဖွယ်ရာ သက်သေ ထင်ရှားရှိကြောင်း စုံစမ်းတွေ့ရှိပါက အဆိုပါသူ၏ အမည်ကို အမှုပွဲစားစာရင်းတွင် ထည့်သွင်း ကြေငြာခြင်း၊ ထုတ်ပြန်ခြင်းနှင့်် ဥပဒေအရ အရေးယူခြင်းတို့ကို ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်” ဟု ဆိုသည်။
ရှေ့နေလိုက်ပါသူများအက်ဥပဒေ ပုဒ်မ (၃) တွင် အဓိပ္ပါယ်ဖွင့်ဆိုထားချက်အရ အမှုပွဲစား (Tout) ဆိုသည်မှာ ရှေ့နေတဦးဦးထံမှ အခကြေးငွေ ရရှိရန် ရှေ့နေ၏ တရားဥပဒေရေးရာ လုပ်ငန်းအတွက် အမှုရှာပေးသူ သို့မဟုတ် အခြားပုဂ္ဂိုလ် တဦးဦးထံမှ အခကြေးငွေရယူ၍ အမှုရှာပေးရန် ရှေ့နေကိုဖြစ်စေ ရှေ့နေလုပ်ငန်းအတွက် အမှုရရှိရန် စိတ်ဝင်စားသူကို ဖြစ်စေ ကမ်းလှမ်းအဆိုပြုသူ၊ တရားရုံးအနီး၊ အခွန်ရုံးအနီး ဘူတာရုံ၊ တည်းခိုခန်းနှင့် အများပြည်သူ အပန်းဖြေရာ နေရာများတွင် အမှုရရှိရေးအတွက် မကြာခဏ သွားလာနေသူတို့ကို ဆိုလိုကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က အမှုပွဲစားဆိုသည်မှာ ယခင်ကတည်းက ရှိခဲ့ပြီး အမှုသည်နှင့် ရှေ့နေကို ချိတ်ပေး၍ အဖိုးအခ ရယူသူမျိုးဖြစ်သော်လည်း နောက်ပိုင်းတွင် အမှုကိစ္စနှင့် ပတ်သက်ပြီး ဥပဒေအရာရှိ၊ တရားသူကြီးတို့ထံ ဝင်ထွက်၍ လာဘ်ပေးလာဘ်ယူကိစ္စရပ်များကို လုပ်ဆောင်သည်များ ရှိလာကြောင်း ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က “နောက်ပိုင်းမှာ အမှုပွဲစားဆိုတာက ဥပဒေအရာရှိဆီ ဝင်တာထွက်တာ၊ နောက်တခါ တရားသူကြီးဆီ ဝင်တာထွက်တာ အကုန်လုံးကို လိုက်လုပ်တော့တာပေါ့ဗျာ၊ ဥပဒေအနဲ့အညီဆိုရင် အဲဒီလိုလူမျိုးကို နာမည်ထွက်လာရင် တရားသူကြီးက ရုံးပတ်ဝန်းကျင်ကို မလာရဆိုပြီး ရုံးနို့တစ်ဘုတ်မှာ ကပ်ပြီး ဘယ်သူတွေဟာ အမှုပွဲစားဖြစ်တယ်လို့ ကြေငြာလို့ရတယ်” ဟု ပြောသည်။
ထို့အတူ နယ်စားရှေ့နေဆိုသည်မှာလည်း အမှုကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့အလိုရှိသည့်ဘက်မှ အသာစီးရစေရန် နယ်ပယ်ဒေသ တခုတွင် တရားသူကြီး ၊ ဥပဒေအရာရှိ၊ ရဲဝန်ထမ်းစသည်ဆိုသူများအား လာဘ်ပေးလာဘ်ယူပြုလုပ်၍ သြဇာလွှမ်းအောင် ပြုလုပ်ထားသူများဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
အမှုပွဲစားများသည် အမှုဆွယ်ပေးသူ လာဘ်ပေးလာဘ်ယူ ပြုလုပ်သူများသာ ဖြစ်ကြောင်း၊ ရှေ့နေလိုက်သူများ အက်ဥပဒေ ၃၆ တွင် အမှုပွဲစားဟု ကြေငြာခံရသူများသည် တရားရုံး အဆင့်ဆင့်သို့ ဝင်ထွက်ခွင့် မရှိကြောင်း၊ အမှုပွဲစားဟု ကြေငြာသင့်သူများကို တရားရုံးများတွင် အမည်စာရင်းကြေငြာနိုင်ပြီး ကြေငြာခံရသူများကို ထောင်ဒဏ် ၃လ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပြဌာန်းထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က လွှတ်တော်တွင် တင်ပြပြောဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော် က “ယနေ့အချိန်အထိ တရားရုံးများတွင် အမှုပွဲစားများအဖြစ် ကြေငြာထားခြင်း၊ အမှုပွဲစားများကို အရေးယူခြင်းမျိုး မတွေ့ရပါဘူး။ ဆိုရရင် အမှုပွဲစားမရှိလို့လား မေးစရာရှိပါတယ်။ ဒါပေမယ့် အမှုပွဲစားများဟာ တချို့ တရားသူကြီးတွေ တချို့ဥပဒေအရာရှိတွေ၊ တချို့ ရဲဝန်ထမ်းတွေ၊ တချို့ရှေ့နေတွေနဲ့ ပေါင်းပြီး အမှုပွဲစားအလုပ်ကို တရားရုံးများမှာ ဝင်ထွက်သွားလာပြီး ပြောင်ပြောင်တင်းတင်း လုပ်နေလို့ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် အမှုပွဲစားများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အဓိက စိန်ခေါ်ချက် တရပ်ဖြစ်နေပြီး အကျင့်သိက္ခာနှင့် ပြည့်စုံသည့် တရားသူကြီးများနှင့် ပြည်သူ့ရဲတို့၏ ဂုဏ်သိက္ခာကို လက်ညှိုးထိုး ရောင်းစားနေကြသူများဟာ အမှုပွဲစားများပင် ဖြစ်နေ၍ မေးခွန်းမေးမြန်ရခြင်း ဖြစ်ကြောင်းလည်း ဦးခင်ဇော်က ဆိုသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်က အမှုပွဲစားများ၏ မမှန်မကန်လုပ်ဆောင်မှုများတွင် တရားသူကြီး များနှင့်် တရားရုံးဝန်ထမ်းများ ပူးပေါင်းပါဝင်မှု အားပေးကူညီမှု မရှိစေရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တိုင်းဒေသကြီး ပြည်နယ်၊ တရားလွှတ်တော်နှင့် ခရိုင်မြို့နယ်၊ တရားရုံးအားလုံးသို့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၂ရက် ရက်စွဲပါ စာအမှတ်ဖြင့် သတိပေးထားပြီးဖြစ်သည်ဟု လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။
ထို့ပြင် နယ်စားရှေ့နေများသည် တရားရုံး အရာထမ်း၊ အမှုထမ်းများနှင့် နီးစပ်မှုယူပြီး ၎င်းတို့ဆောင်ရွက်နေသော အမှုများကို တရားရုံးက ဦးစားပေးဆောင်ရွက်စေခြင်း၊ အနိုင်ရအောင် ဆောင်ရွက်စေခြင်း၊ ရှုံးနိမ့်ချေရှိလျှင် နည်းမျိုးစုံဖြင့် အချိန်ဆွဲခြင်းတို့ ပြုလုပ်ကြောင်း တိုင်ကြားမှုများရှိသဖြင့် တရားရုံးအဆင့်ဆင့် တာဝန်ရှိသူများအနေဖြင့် မမှန်မကန်လုပ်ဆောင်မှုများ မပြုမိကြရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၁၉၉၂ ခုနှစ် မေလ ၂၁ ရက် ရက်စွဲပါ ညွန်ကြားချက်ထုတ်ပြန်၍ သတိပေး အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
အမှုပွဲစား၊ နယ်စားရှေ့နေဆိုသူများသည် လာဘ်ပေးလာဘ်ယူကိစ္စကို ပိုမိုကြီးထွားအောင် ပြုလုပ်နေသူများဖြစ်ပြီး တရားစီရင်ရေးကိုလည်း ထိခိုက်စေကြောင်း၊ သို့ရာတွင် လာဘ်ပေးလာဘ်ယူကိစ္စများရှိနေ၍ ၎င်းတို့ရှိနေခြင်းဖြစ်၍ လာဘ်ပေးလာဘ်ယူ မရှိစေရေးကို အဓိက ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။
ဦးခင်မောင်ဇော် က “ဒီဟာမျိုးက တော်ရုံတန်ရုံ ပပျောက်စရာမရှိဘူးဗျ၊ မမှန်ဘဲ တရားနိုင်ချင်တဲ့သူ၊ ပြစ်မှုကျူးလွန်ပြီး လွတ်ချင်တဲ့သူ၊ တဘက်လူအပေါ် ဖိစီးပြီး မတရားတဲ့နည်းနဲ့ အနိုင်ယူချင်တဲ့သူတွေ ရှိနေသမျှ ဒါမျိုးတွေ ရှိနေမယ်။ အခြေခံတရား ကိုယ်သဘောကို ပပျောက်အောင်လုပ်ရမယ်။ လာဘ်ပေးလာဘ်ယူရှိနေသမျှ အမှုပွဲစား နယ်စားရှေ့နေဆိုတာ ရှိနေမှာဘဲ” ဟု ပြောသည်။
နယ်စားရှေ့နေများကြောင့် မှန်ကန်စွာဆောင်ရွက်သည့် ရှေ့နေများ၏ ဂုဏ်သိက္ခာထိခိုက်ရကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး လက်ရှိတွင် ရှေ့နေအသင်းက ထိန်းချုပ်နိုင်သည့်အနေအထားတွင် မရှိသေးကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများ အသင်းက ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥပဒေသစ် ပြဌာန်းနိုင်မှသာ ရှေ့နေများ၏ စည်းကမ်းကို ကိုင်တွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။