ဒီမိုကရေစီချီတက်ရာ လမ်းကြောင်းတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေမှာ လုံးဝပြုပြင်ရမည့် ဥပဒေ တရပ်ဖြစ်ကြောင်း ယနေ့အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က သတင်းမီဒီယာများကို ပြောသည်။
ဦးမိုးရန်နိုင်က ” ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဆိုတာ စံချိန်စံညွန်းမီတဲ့ ဥပဒေမဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အတွက် အများကြီးနစ်နာတဲ့ ဥပဒေ တခုလို့ မှတ်ယူတယ်။ ဒါကြောင့်မလို့ ဒီဥပဒေဟာလဲ ဒီမိုကရေစီချီတက်တဲ့ လမ်းကြောင်းမှာ လုံးဝပြုပြင်ရမယ့် ဥပဒေတခုလို့ ကျနော်မြင်တယ်” ဟု ပြောသည်။
ဦးမိုးရန်နိုင်သည် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးတွင် ဘင်္ဂါလီ ၁၀ ဦးသတ်ဖြတ်ခံရမှုအား ဖော်ထုတ်ရေးသားခဲ့သည့် Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရဲမှူးချုပ်တင်ကိုကို ဦးစီးကာ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားခွင်တွင် ဖွင့်ချထွက်ဆိုခဲ့သူဖြစ်သည်။
ယင်းသို့ထွက်ဆိုပြီးနောက် ဦးမိုးရန်နိုင်သည် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆(ခ)/၂၂ ဖြင့် ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တနှစ် ချမှတ်ခံရပြီး အလုပ်မှထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။
ပြစ်ဒဏ်ရမှတ်ခံရမှုနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ရဲဘဝတလျောက်လုံးတွင် မည်သည့်ရဲစည်းကမ်း မှ ဖောက်ဖျက်ခဲ့ခြင်း မရှိကြောင်းနှင့် ရဲမှူးချုပ်တင်ကိုကိုနှင့် ပတ်သက်၍လည်း ဗုဒ္ဓဘာသာဝင်တဦးဖြစ်သည့်အတွက် ဖြေသိမ့်နိုင်ကြောင်း ပြောဆိုခဲ့သည်။
၎င်းအနေဖြင့် ထောင်ဒဏ်ချမှတ်ခံနေရစဉ်အတွင်း မိသားစုအပေါ် ဝိုင်းဝန်ကူညီကာ အားပေးခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့သည်။