နယူးဇီလန်နိုင်ငံ ခရိုက်ချချ်မြို့ ရှိ အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုရာ ဗလီနှစ်လုံးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁နာရီ ၄၅ မိနစ်က ပစ်ခတ်မှု ဖြစ်ပွားရာ သေဆုံး ၄၉ ဦးရှိပြီး၊ ဒဏ်ရာရသူ ၅၀ ဦးရှိကြောင်း သိရသည်။
အယ်လ်နော ဗလီနှင့် လင်းဝုဒ် ဗလီတို့ တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ပြီး၊ ဆုတောင်းဝတ်ပြုများမှု စတင်ပြီး ၁၀ မိနစ် အကြာ မက်ဂျစ် အယ်လ်နော ဗလီအတွင်းသို့ သေနတ်သမား ဝင်ရောက်လာပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သူမှာ အသားဖြူ၊ ရွှေရောင်ဆံပင်၊ အရပ်ပုပြီး ဆိုင်ကယ်စီးဦးထုပ် ဆောင်း ထားပြီး ကျည်ကာအင်္ကျ ီဝတ်ဆင်ထားကြောင်း မျက်မြင်သက်သေများ အဆိုအရ သိရသည်။
ဒုတိယမြောက် ပစ်ခတ်ခံရသည့် နေရာမှာ လင်းဝုဒ ်မတ်ဂျစ်ဗလီတွင် ဖြစ်ပြီး ထိုနေရာမှ မျက်မြင် သက်သေတဦးက ဆိုင်ကယ်စီး ဦးထုပ်ဆောင်းလျက် ပြောက်ကျားဝတ်စုံဝတ်ထားသူတဦး ဗလီထဲမှ ထွက်လာသည်ကို မြင်ခဲ့ရကြောင်း ဆိုသည်။
ဘင်္ဂလားဒေ့ရှ် ခရစ်ကက်အသင်းသည် အယ်လ်နော ဗလီသို့ ရောက်ရှိခဲ့သော်လည်း ပစ်ခတ်မှုမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာတဝိုက်ကို အများပြည်သူ ရှောင်ရှားသွားလာရန် ရဲများက သတိပေးတားမြစ်ထားပြီး၊ ခရိုက်ချချ်ဆေးရုံနှင့် မြို့တွင်း ကျောင်းများအားလုံးကို လတ်တလော ပိတ်လိုက်သည်။
ခရိုက်ချချ် တမြို့လုံးမှာရှိတဲ့ ကျောင်းတွေအားလုံး ပိတ်လိုက်တဲ့အကြောင်း ရဲက အခု အတည်ပြုပြီး၊ ရဲအင်အား အလုံ အလောက် ရှိတဲ့အတွက် အများပြည်သူ မစိုးရိမ်ဖို့ နယူးဇီလန်ရဲတပ်ဖွဲ့က တွီတာပေါ်တွင် ရေးသားသည်။
ပစ်ခတ်သူ တဦးမှာ သြစတြေးလျမှ ဖြစ်ပြီး၊ သူ့ကိုယ်သူ ဘရီတန် တာရန့်ဟု အမည်ပေးထားသည့် ၂၈နှစ်အရွယ် သေနတ် သမား၏ လက်ချက်ဖြစ်ကြောင်း ခရိုက်ချချ် မြို့ ဗလီတွင် ပစ်ခတ်နေပုံကို တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားပြီးနောက် အမျိုးသား ၃ဦးနှင့် အမျိုးသမီးတဦးကို ဖမ်းဆီးထားကြောင်း သတင်းစာရှင်းလင်းပွဲ တွင် နယူးဇီလန်ရဲမင်းကြီး မိုက်ဘွတ်ရှ်က ပြောသည်။
မြို့တွင်း၊ မြို့ပြင်ကို ရဲတပ်ဖွဲ့က ပိုက်စိတ်တိုက်ရှာဖွေနေကြောင်း၊ ကျောင်းများနှင့်အခြားအဖွဲ့အစည်း များ လတ်တလောက ပိတ်ထားကြောင်း ရဲမင်းကြီးက ဆက်လက်ပြောကြားခဲ့သည်။
သေနတ်သမားတဦး၏ ယာဉ်ပေါ်မှ ပေါက်ကွဲစေတဲ့ပစ္စည်းနှစ်ခု သိမ်းဆည်းရမိကြောင်း ၎င်းကဆိုသည်။
နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဆန်က နယူးဇီလန်အတွက် အမှောင်ဆုံးနေ့များ ဖြစ်ကြောင်း ဆိုသည်။