ကိုရီးယား နိုင်ငံသူတဦးကို ပစ္စည်းများ လုယက်သည့် အပြင် အဓမ္မ ကျူးလွန်ရန် ကြိုးစားခဲ့သည့် ဆိုင်ကယ် ကယ်ရီ သမားကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး လှရီက အတည်ပြု ပြောကြားသည်။
အဆိုပါ ဆိုင်ကယ် ကယ်ရီသမားမှာ လှိုင်သာယာမြို့နယ်နေ စန်းဦး(ခ) ကျော်သက်ပိုင် ဆိုသူ ဖြစ်ကြောင်း၊ ယမန်နေ့ ညပိုင်းက ၎င်း၏ နေအိမ်တွင် သက်သေခံ ပစ္စည်း ဖြစ်သည့် လိုင်စင်မဲ့ ဆိုင်ကယ်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန် ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
ဒုရဲမှူးကြီး လှရီက “ကျနော်တို့က ဆိုင်ကယ် အမျိုးအစားတွေရော၊ လူ ပုံပန်း သဏ္ဌာန်တွေရော အားလုံးနဲ့ တိုက်စစ်ပြီး လိုက်ရတာပေါ့။ သူတို့ သွားနေတဲ့ အချိန် ဓာတ်ဆီဆိုင် တခုမှာ ဆီဝင် ဖြည့်တုန်း အဲဒီ ဓာတ်ဆီဆိုင်ရဲ့CCTV မှတ်တမ်း တွေလည်း ရထားတာပေါ့။ ဒါပေမယ့် အခု ဖြစ်စဉ်က ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ သက်သက် ဆောင်ရွက်တာပါ။ အခု တလော ရန်ကုန်မှာ တရားမဝင် ဆိုင်ကယ်တွေ စီးနေတာကို ဖမ်းတာနဲ့တော့ မဆိုင်ပါဘူးဗျ” ဟု ရှင်းပြသည်။
ဆိုင်ကယ် ကယ်ရီသမားကို အဓမ္မ ကျူးလွန်ရန် အားထုတ်မှု၊ ပစ္စည်းကို မရိုးဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုမှု၊ ထိခိုက် နာကျင်စေမှု စသည့် ပုဒ်မများ ဖြစ်သည့် ၃၇၆/ ၅၁၁၊ ၄၀၃/ ၃၂၃ တို့နှင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ၎င်းက ဆက်လက် ပြောသည်။
မေလ ၁ ရက်တွင် ကိုရီးယား နိုင်ငံသူ တဦးသည် ၎င်း၏ သူငယ်ချင်းအား မင်္ဂလာဒုံ မြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေး ဝင်းသို့ လိုက်ပို့ပြီး အပြန် ဆိုင်ကယ် ကယ်ရီသမားကို ငွေကျပ်၂၀၀၀ ဖြင့် ငှားရမ်းခဲ့ရာ လှိုင်သာယာမြို့နယ်ဘက်သို့ ဦး တည် မောင်းနှင်စဉ် သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်လာ သဖြင့် နိုင်ငံခြားသူမှ ၎င်းတည်းခိုရာ နေရာသို့သာ ပြန်ပို့ပေးရန် ပြောဆိုခဲ့သည်။
ထို့နောက် ဆိုင်ကယ် ကယ်ရီ သမားက လမ်းကြား တခု အတွင်းသို့ မောင်းဝင်ရပ်တန့်ခဲ့ကြောင်း၊ နိုင်ငံခြားသူမှ ထွက်ပြေး စဉ် ကယ်ရီသမားက နောက်မှ ဖက်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားကြောင်း ၎င်းမှ ရုန်းကန်ရာ ကယ်ရီသမားက လက်သီးဖြင့် ထိုးခဲ့ကြောင်း တွံတေး မြို့နယ် ခလောက်ချိုင့် ရဲစန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ရိုးသားစွာ စီးပွားရှာနေသော ဆိုင်ကယ် ကယ်ရီသမားများ ရှိသလို ဒုစရိုက်မှု ကျူးလွန်ရန် ဆိုင်ကယ် ကယ်ရီကို ဗန်းပြပြီး လုပ်ကိုင်နေသူ တချို့ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း၊ နိုင်ငံခြားသူကို ကျူးလွန် လိုက်သည့် အတွက် မြန်မာ့ ခရီးသွား လုပ်ငန်း အတွက် စိတ်မချရ ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့လျှင် နိုင်ငံ၏ နိုင်ငံခြား ဝင်ငွေကိုပါ ထိခိုက်စေနိုင်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် တရားစီရင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်က မေလ ၃ ရက်က ဧရာဝတီကို ပြောဆိုခဲ့သည်။
အထူးသဖြင့် ဆိုင်ကယ် စီးနင်းခွင့် မရှိသည့် နယ်မြေများတွင် ဆိုင်ကယ်များ စီးနင်းနေကြသဖြင့် ဆိုင်ကယ်ကယ်ရီနှင့် ပတ်သက်ပြီး သတ်သတ်မှတ်မှတ်နှင့် စနစ်တကျ စီမံ ဆောင်ရွက်ခဲ့လျှင် ယခုလို ဒုစရိုက်မှုများလည်း လျော့ပါးသွားနိုင်ပြီး ရိုးသားစွာ စီးပွားရှာနေသည့် ဆိုင်ကယ် ကယ်ရီသမားများအတွက်လည်း အဆင်ပြေနိုင်မည်ဟု ၎င်းက ဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန် – ကိုရီးယားသူကို ဆိုင်ကယ် ကယ်ရီသမား တဦးက အဓမ္မ ပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွား