တပ်မတော်၏ ဖမ်းဆီး စစ်ဆေးမှုကြောင့် အရပ်သား ၇ ဦးထိ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သော ရခိုင် ပြည်နယ် ရသေ့တောင် မြို့နယ် ကျောက်တန်း ကျေးရွာသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရောက်ရှိလာပြီး ဒေသခံများနှင့် တွေ့ဆုံကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးယုလွင်အောင်က“အခု ရွာသားတွေကို တဦးချင်း တွေ့ပြီး မေးနေပါတယ်။ ဘာမှတော့ သုံးသပ်လို့ မရသေးပါဘူး”ဟု ပြောသည်။
MNHRC က ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်တန်း ကျေးရွာသို့ ရောက်ရှိပြီး ရွာမှ ရပ်မိရပ်ဖများ၊ တပ်မတော်မှ စစ် ဆေးစဉ် သေဆုံးသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံကာ စကားပြောဆိုထားပြီး ဒေသခံ တဦးချင်းစီကို ဆက်လက် မေးမြန်း ကာ မှတ်တမ်းများ ရယူသွားမည်ဟု ၎င်းက ဆိုသည်။
ဦးယုလွင်အောင်က“၂၇၅ ယောက်ထဲက သက်ဆိုင်တဲ့ သူတွေ အကုန်လုံးနဲ့ တွေ့မှာပါ”ဟုလည်း ပြောသည်။
ကျောက်တန်း ကျေးရွာမှ ဒေသခံ အမျိုးသား ၂၇၅ ဦးကို ရက္ခိုင်စစ်တပ် (AA) နှင့် ပတ်သက်သည်ဟု မသင်္ကာသဖြင့် တပ်မတော်က ဧပြီ ၃၀ တွင် ရွာအတွင်း ဖမ်းဆီးပြီး စာသင်ကျောင်း တခုတွင် စုထားကာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဒေသခံများကို ဖမ်းဆီးထားစဉ် မေ ၁ ရက် နံနက်၂ နာရီတွင် တပ်မတော်ဘက်မှ ပစ်ခတ်သဖြင့် အရပ်သား ၆ ဦး သေဆုံး ပြီး ၈ ဦး ဒဏ်ရာရကာ ၄ ဦး ထွက်ပြေး ပျောက်ဆုံးသွားသည်။
ဒဏ်ရာရရှိသူ ၈ ဦးထဲမှ ကိုအောင်လင်းကျော်မှာ ဆေးရုံတင်ထားရစဉ် မေ ၁၄ ရက်တွင် ကွယ်လွန်သွားသဖြင့် သေဆုံးသူ စုစုပေါင်း ၇ ဦး ဖြစ်သွားသည်။
ဖမ်းဆီး ခံထားရသူများက ပစ်ခတ်မှု ဖြစ်ပွားရခြင်းသည် ည ၂ နာရီဝန်းကျင်တွင် ရွာအနီး လက်နက်ကြီးကျည် ပစ်ခတ်သံ များ ကြားကြောင်း၊ ဖမ်းဆီးခံထားရသည့် လူအုပ်ထဲမှ စိတ်မနှံ့သူ တဦးက “ပြေးကြ၊ ပြေးကြ” ဟု ထ အော်ရာ တပ်မတော် ဘက်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။
တပ်မတော်ဘက်က ပစ်ခတ်မှု ဖြစ်ရခြင်းသည် လူအုပ်က ညာသံပေးအော်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဝိုင်းဝန်း အကြမ်း ဖက်သဖြင့် သေနတ်မိုးပေါ် ထောင်ပစ်ခြင်း ဖြစ်ကြောင်း၊ လူအုပ်က သေနတ်လုရန် ကြိုးစားသဖြင့် ပစ်ခတ်ရခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ကျောက်တန်း ဒေသခံများက တပ်မတော် ပြောဆိုချက်သည် မမှန်ကန်ကြောင်း ငြင်းဆိုကြပြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိ ထားသည့် ဦးမောင်သန်းစော က စိတ်မနှံ့သူက ထအော်ချိန်တွင် အားလုံးနီးပါးက အိပ်မောကျနေပြီး ပစ်ခတ်ချိန်တွင် ကျည်ထိ သေဆုံးသူများသည် အိပ်ပျော်နေကြသူများ ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
ပစ်ခတ်မှုများ ဖြစ်ပြီးနောက် ကျောက်တန်းရွာသို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဝင်ရောက် ကြည့်ရှုရန်၊ အရပ် သားများနှင့် တွေ့ဆုံရန် ဆောင်ရွက်သော်လည်း တပ်မတော်က ဝင်ခွင့်မပြုခဲ့ပါ။
သေဆုံးသူ ၆ ဦး၏ အလောင်းများကို သဂြိုဟ်ရာတွင်လည်း မိသားစုဝင်များထံ ရုပ်အလောင်းများ ကြည့်ရှုခွင့်မပေး၊ ပြန် မအပ်ဘဲ တပ်မတော်က သဂြိုဟ်လိုက်သည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေ ၃ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ရုပ် အလောင်းများကို မိသားစုဝင်များထံ ပြန်အပ်နှံကြောင်း၊ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ အရ စနစ်တကျ ဆောင်ရွက်ပေး ကြောင်း ပြောကြားသည်။
မိသားစုဝင်များက ရုပ်အလောင်းများကို မရသည့် အပြင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ သဂြိုဟ်ခြင်း မပြုလုပ်ခင် သရဏဂုံ တင်ခြင်းကိုလည်း မလုပ်ဆောင်လိုက်ရကြောင်း၊ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများလည်း ယူခွင့် မပြုကြောင်း ပြော ဆိုကြသည်။
ဖမ်းဆီးထားသည့် ၂၇၅ ဦးမှ သံသယကင်းသူများကို တသုတ်ခြင်း ပြန်လွှတ်ပေးခဲ့ပြီး ၆ ဦးကိုသာ AA တပ်ဖွဲ့ဝင် ဖြစ် ကြောင်း ဝန်ခံသည်ဟု ဆိုကာ တရားစွဲဆိုခြင်းများ ပြုလုပ်ထားသည်။
AA တပ်ဖွဲ့ဝင်ဟု ဆိုကာ တရားစွဲဆိုခံထားရသည့် ၆ ဦးထဲတွင် အသက် ၁၇ နှစ်အရွယ် လူငယ် ယောကျ်ားလေး တဦး လည်း ပါဝင်သည်။
ရခိုင် အမျိုးသား ပါတီ (ANP) ကလည်း ကျောက်တန်းဖြစ်စဉ်ကို စစ်ဆေးပေးရန် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင် ပင်ခံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားထားသည်။
ဦးယုလွင်အောင်က“ကျနော်တို့က သောကြာနေ့လောက်မှ ရန်ကုန် ပြန်ရောက်ပါမယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးလောက်မှ သိရပါမယ်။ ပြန်လည် သုံးသပ်တာနဲ့ အစီရင်ခံစာ ရေးရတာနဲ့ ပြီးတော့ ကော်မရှင်ကို တင်ပြမယ်။ ကော်မရှင်က အတည်ပြု ပြီဆိုမှ သက်ဆိုင်ရာကို Report လုပ်မှာပါ။ Report လုပ်ပြီးရင် Public ကို သိအောင် ပြောမှာပါ”ဟု ပြောသည်။
ယခု ရခိုင်ပြည်နယ် ခရီးစဉ်တွင် MNHRC မှ ကျောက်တန်း ကျေးရွာတခုတည်းကိုသာ စစ်ဆေးရန် လာခြင်း ဖြစ်သည် ဟု လည်း ဦးယုလွင်အောင် က ဆိုသည်။
လက်ရှိတွင် ကျောက်တန်းကျေးရွာမှ ဒေသခံများကို တွေ့ဆုံမေးမြန်းရန် ရသေ့တောင်မြို့သို့ MNHRC မှ ဦးယုလွင်အောင် နှင့် ဒေါက်တာ မြင့်ကြည်တို့ ရောက်ရှိနေပြီး စစ်ဆေးမေးမြန်းသည့် နေရာတွင် ရသေ့တောင် မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေ၊ ပြည်နယ် လွှတ်တော် အမတ် ဦးဦးသန်းနိုင်နှင့် ဦးတင်မောင်ဝင်း တို့လည်း ရှိနေသည်ဟု သိရ သည်။
ဒေါ်ခင်စောဝေက“ဒဏ်ရာရပြီး ဆေးရုံက ဆင်းလာသူတွေ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ ဖမ်းဆီးခံရသူတွေနဲ့ တွေ့ ဖို့ ရသေ့တောင်မှာ ချိန်းထားပါတယ်။ ရသေ့တောင်မှာ တွေ့ဆုံ မေးမြန်းပါမယ်။ ပြီးတော့ နိုင်ငံတော် သမ္မတရုံးကို တင်ပြ အစီရင်ခံမယ်လို့ သိရပါတယ်။ အစိုးရပိုင်းကတော့ ဆက်အကောင်အထည် ဖော်မယ်လို့ သိပါတယ်”ဟု ပြောသည်။
လက်ရှိ အခြေအနေတွင် ကျောက်တန်း ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံမေးမြန်းရသည့် အနေအထားမှာ လွတ်လွတ် လပ်လပ် ရှိပြီး မည်သူတဦးတယောက်၏ ဖိအား မပါဘဲ မေးမြန်းနေသည်ကို တွေ့ရသည်ဟုလည်း ဒေါ်ခင်စောဝေက ဆို သည်။
ဒေါ်ခင်စောဝေက“ကျမတို့က ဖြစ်သွားတဲ့ ပြဿနာပေါ်မှာ တကယ့် အဖြစ်မှန်တခုကို သိစေချင်တယ်။ ဖော်ထုတ်စေချင် တယ်။ အခုဆို သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေ ရှိတယ်။ မတရား ဖမ်းဆီးခံထားရတာ ရှိတယ်။ သူတို့ အဖြစ်မှန် တွေ ကို အခုလို လာရောက် မေးမြန်းတဲ့အခါ ဖော်ထုတ်နိုင်မှာပါ”ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးကို ဆောင်ရွက်ရန် ရည် ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာက နိုင်ငံတော် သမ္မတရုံး အမိန့်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ အခန်း (၅)၊ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များပါ ပြဋ္ဌာန်း ချက်များအရ လူ့အခွင့်အရေး ဖောက်ဖျက်ကြောင်း တိုင်တန်းချက်၊ စွပ်စွဲချက်များ၊ သတင်းများ ရရှိပါက ကွင်းဆင်း စစ် ဆေးခြင်းများ ပြုလုပ်နိုင်သည်။
စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ ရေးကာ သုံးသပ်ချက်တွင် လူ့အခွင့်အရေး ဖောက်ဖျက်မှု ရှိကြောင်း ပေါ်ပေါက်ပါက ထပ်မံ မဖြစ်စေရေး၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုကို ကုစားရန် ပုဂ္ဂိုလ် တဦးဦးသို့ အဖွဲ့အစည်း တခုခုက သင့်လျော်သလို ဆောင်ရွက်ပေးရေးနှင့် ရသင့်ရထိုက်သည့် နစ်နာကြေး ရရှိနိုင်ရေး တို့ကိုလည်း ကော်မရှင်က တိုက်တွန်းနိုင်သည်ဟုလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ် ဖတ်ရှုရန် – ကျောက်တန်း ဖြစ်စဉ်တွင် အဖမ်းခံရသူ အားလုံး လွှတ်ပေးပြီး ဟု တပ်မတော် ပြော