မန္တလေးမြို့၏ မိုးရာသီ ရေကြီး ရေလျှံမှုများကို ကာကွယ်နိုင်ရန် ကျပ်သိန်းပေါင်း ၉၀၀၀ ကျော် ကုန်ကျခံ ဆောက်လုပ်နေ သည့် ရေဂါလံ သိန်း ၃၀ ဆံ့ မိုးရေထိန်းကန်ကို သြဂုတ်လအတွင်း ပြီးစီးအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။
အဆိုပါ မိုးရေထိန်းကန်သည် ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ၆၈ လမ်းနှင့် ၆၂ လမ်းကြား၊ မြဝတီ မင်းကြီး လမ်းနှင့် သိပ္ပံလမ်းကြားတွင် တည်ရှိပြီး မန္တလေးမြို့တော်အနှံ့ ရေကြီးရေလျှံ မဖြစ်စေရေး လုပ်ဆောင်နေသည့် စီမံချက်များစွာ အနက် ၁ ခု အပါအဝင် ဖြစ်သည်။
မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက“ဒီနှစ် မိုးရာသီမှာ မိုးရွာပြီး မိုးကြီးလို့ ရေကြီးရေလျှံ ဖြစ်မလာ စေဖို့ မိုးရေတွေကို စုပ်ထုတ်နိုင်အောင် အမြန်ဆုံးပြီး အောင် ဆောင်ရွက်နေပါတယ်။ ရှေ့လထဲမှာပဲ အားလုံးပြီးစီးမှာပါ၊ မန္တ လေးမှာ မိုးရွာရင် ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ဖို့ အဓိက ရည်ရွယ်လုပ်ဆောင် နေတာပါ၊ မြို့တော်စည်ပင် သာယာ ရေး ကော်မတီ အနေနဲ့ ရေကြီးရေလျှံ မဖြစ်စေရေး စီမံချက်ပေါင်း များစွာနဲ့ တစ်နှစ်ပြီး တစ်နှစ် တည်ဆောက်မှုတွေ ဆောင် ရွက်နေတဲ့အထဲက အစိတ်အပိုင်း ၁ ခုပါ”ဟု ရှင်းပြသည်။
ယခင် အစိုးရ လက်ထက်ကတည်းက မိုးရေနှင့် ရေဆိုးများကို ခေတ္တထိန်းထားရန် ရည်ရွယ် လုပ်ဆောင်ခဲ့သော်လည်း ကန်သည် ရေဝင်ရေထွက် မရှိသဖြင့် ရေသေလို ဖြစ်ကာ အမှိုက်များစုနေမှုသဖြင့် ပတ်ဝန်းကျင် ရပ်ကွက်များတွင် လူမနေ နိုင်အောင်အထိ အနံ့ဆိုးများ ထွက်ခဲ့သဖြင့် စည်ပင်သို့ တိုင်ကြားခဲ့ကြောင်း၊ စီမံကိန်းမှာလည်း အောင်မြင်မှု မရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ်တွင် NLD အစိုးရက စီမံချက် ရေးဆွဲကာ ငွေကျပ် သိန်း ၉၀၀၀ အကုန်အကျခံကာ အကောင်အထည် ပြန် လည် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရေဂါလံ သိန်း ၃၀ ဆံ့တဲ့ မိုးရေထိန်းကန်ကို အရင် အစိုးရ လက်ထက်က ဆောက်လုပ်ခဲ့ပါတယ်။ ရေဆင်း ဧက ၃၇၀ ခန့်က မိုးရေနှင့် ရေဆိုးတွေကို ခေတ္တထိန်းထားဖို့ ရည်ရွယ်ပြီး ဆောက်ခဲ့ပေမယ့် မိုးရေများတဲ့အခါ ရေထိန်းကန် ပတ် လည်မှာ ၁၀ ပေကျော်အထိ ရေအမြဲ နစ်မြုပ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့ တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ပြောကြားထားသည်။
ယခု စီမံကိန်းသည် ၂၀၁၆ ခုနှစ်က ADB ဘဏ်က ပြုလုပ်ခဲ့သည့် မန္တလေးမြို့တော် ဖွံ့ဖြိုး တိုးတက်ရေး နှစ် ၃၀ စီမံကိန်း အရ ကျင်းပသည့် Tailormade workshop ၏ ဆွေးနွေးမှုရလဒ်များထဲမှ တခုဖြစ်ကြောင်း၊ ရေထိန်းကန်အတွင်းမှ ရေများ ကို စုပ်ထုတ်နိုင်ရန် ဆောင်ရွက်နေမှုသည်လည်း ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
“၁ နာရီ ရေဂါလံ ၃ သိန်း ၃ သောင်း စုပ်နိုင်တဲ့ Submersible Pumps ၄ ခု တပ်ဆင်ပြီး ၃ ခုမောင်း၊ ၁ ခု နား စနစ်နဲ့ ၁ နာရီ ရေဂါလံ ၃ သိန်းခွဲ စုပ်ထုတ်နိုင်အောင် တည်ဆောက်နေတာပါ။ ရေအမြင့်ပေါ် မူတည်ပြီး စက် ၁ ခုပြီး ၁ ခု အလို အလျောက် မောင်းနှင်တဲ့ စနစ် ထည့်ထားပါတယ်”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆက်လက် ရှင်းပြထား သည်။
လက်ရှိတွင် အဆိုပါ မိုးရေထိန်းကန်အတွင်း သိုလှောင်ထားသည့် မိုးရေနှင့်ရေဆိုးများကို ၂ ပေ အချင်း ရှိသည့် DI Ductile Iron Pipe ကွန်ကရစ် ပိုက်လိုင်း ပေအရှည် ၅၅၀၀ ကို အသုံးပြု၍ ပန်ရံတော် ချောင်းသို့အရောက် တွန်းပို့၍ စွန့်ထုတ် သွား မည်ဖြစ်သည်။
မိုးမရွာသည့် အချိန်၌ ရေထိန်းကန်၏ မြောက်ဖက်၊ အနောက်ဖက်နှင့် အရှေ့ဖက်ရှိ ရေမြောင်းများမှ ရေများကို စီးဝင် စေမည့် စနစ်ဖြင့် လုပ်ဆောင်ပေးထားပြီး တောင်ဘက်ခြမ်းအား ထွက်ပေါက်ပေးထားသဖြင့် အနံ့ဆိုးများလည်း ထွက်ရှိ လာတော့မည် မဟုတ်သလို အမှိုက်များ မဝင်နိုင်စေရန် အတွက်လည်း ဇကာများ တပ်ဆင်ပေးထားကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးချိုတော် အဆင့်မြှင့်တင်ရေး အတွက် စက်လှေခါး ၆ ခု၊ ဓာတ်လှေကား ၁ ခု တပ်ဆင် ဆောင်ရွက်ခြင်းလုပ်ငန်း၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအတွက် စွန့်ပစ်အမှိုက်စီမံချက် Waste Management Strategy and Action Plan for Mandalay City 2017-2030၊ ပြည်ကြီးတံခွန်မြို့နယ်အတွက် ဒုဋ္ဌဝတီမြစ်ရေတင်စီမံကိန်း၊ ရေဆိုးစွန့်ထုတ်မှုအတွက် ရွှေခဲ ရေဆိုး ထုတ်စက်ရုံစီမံကိန်း၊ လမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်းစသည့် စီမံချက်၊ စီမံကိန်းများစွာကို အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။